နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်တာပါ။ မတည့်တဲ့လူနဲ့ပေါင်းပြီး အကောင်းဆုံး ကို ဖြစ်အောင် သွားကြ ရတာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် လျှောက်နေတဲ့ လမ်းက ဒီလမ်းဘဲလေ။
နိုင်ငံရေးမှာ အတက်အဆုတ်ရှိတယ်။
အလျှော့ အတင်းရှိတယ်၊ အတက်အဆုတ် အလျှော့အတင်းကို တင်းခံပြီးတော့
မလျှော့နိုင်ဘူး၊ မဆုတ်နိုင်ဘူးဆိုရင် အဲဒီလိုမျိုး အတိုက်အခံက အစွန်းရောက်
အတိုက် အခံ တွေပေါ့။ အစွန်းရောက် အတိုက်အခံမျိုးနဲ့ နိုင်ငံရေး
လုပ်မယ်ဆိုရင် ကိုယ် လည်းမတိုးတက်ဘူး၊ တိုင်းပြည်လဲ မတိုးတက်ဘူး။
ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။
ရှေးပညာရှိ သူတော်ကောင်းတွေက တိုတိုနဲ့လိုရင်းကို ထိထိမိမိပြောတတ်တယ်။
တို့တတွေက မျက်စေ့နားကြီးကြီးနဲ့ ကိုယ့်ဘ၀မှာသင်္ခန်းစာ ယူရမယ်။ တို့က ဘယ်အထိ
ယူရမလဲဆိုတော့ တို့က ဗုဒ္ဓဘာသာတွေလေ၊ ဗုဒ္ဓဘာသာတွေ ဆိုတော့ ဘုရားရှင်ရဲ့
မျက်မောက်ဘ၀ထက် ဟိုး လေးသင်္ချေနဲ့ ကမ္ဘာတသိန်းက အလောင်းတော် ဘ၀ကတည်းက
လုပ်ခဲ့တဲ့ အမျိုးသားရေးအကျိုးစီးပွားတွေကို အသက်ပေးပြီးတော့
ဆောင်ရွက်ခဲ့တဲ့ အရာတွေကို တို့က အတုယူရ မယ်။ ဘုန်းကြီးက အတုယူတာ
များသွားလို့၊ အတုကူးတာများသွားလို့၊ တကယ်တမ်း ကျတော့ တော်ယုံတန်ရုံ မိတ္တူ
လေးနဲ့ဆိုရင် လုံလောက်တယ်။ ကိုယ်က များသွားတော့ မင်းပြစ်မင်းဒဏ်
သင့်တာပေါ့။ ဒါပေမယ့် ကျေနပ်ပါတယ်။
ဘာလို့လည်းဆိုတော့ တို့ထက် ပေးဆပ်ခဲ့တဲ့ အသက်သွေးချွေးတွေ၊ ဘ၀တွေ၊ အချိန်တွေ သူတို့နဲ့ စာရင် ဘုန်းကြီးရဲ့ ထင်ပေါ် ကျော်ကြားမှု နိုင်ငံရေး စင်မြင့်ပေါ် ရောက်တဲ့နှုန်းဟာ မတန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ဆိုတာ ကိုယ့်ကိုယ်ကို လောဘ မကြီးဖို့ အရေးကြီးတယ်။ ကိုယ်ရလာတဲ့ နိုင်ငံရေး ရလာဒ်အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့နဲ့ ကိုယ့် အတိုင်းအရှည်ကို ကိုယ်နားလည်ဖို့ဘဲ။ ကိုယ့်အတိုင်း အရှည် ကို ကိုယ်နားမလည်ရင်တော့ အဲဒီနိုင်ငံရေးက ရေ ရှည် မခံဘူး။ ကောက်ရိုးမီးလိုဘဲ ခဏပဲနေ ပြီးသေသွားမယ်။
နိုင်ငံရေးဆိုတဲ့ စကားလုံးကို ပြောသာပြောနေပေမယ့် တရားပွဲတွေမှာ အမျိုးသားရေးကိုဘဲ ပြောပါတယ်။ တို့ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အမျိုးသားရေး အကျိုးစီးပွား ကို လိုလားတဲ့ စိတ်နဲ့ အလောင်းတော် ဘ၀ကတည်းက ထုတ်နုတ်ပြစရာတွေ အများကြီး ရှိတယ်။ အဲဒါကြောင့် တောင် မြို့ မဟာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူဟာ ဘုရားရှင်ကို ဘုရားဖြစ်မှ ကြည်ညိုတာ မဟုတ်ဘူးတဲ့။ ဘုရား မဖြစ် ခင် အလောင်းတော် ဘ၀တုန်းကတည်းက ကြည်ညိုခဲ့တာ။ ကိုယ့်ဘုရားရဲ့ အဆုံးအမတွေက သုံးလို့ မကုန်အောင် များ ပြားလှတယ်။ အဲဒီလို ထဲက တို့က နာခံယူခဲ့ကြတာ။ နောက်တောင်မြို့ဆရာတော်က တရားတွေဟော၊ စာတွေရေး၊ စာတွေပို့ချ ဒါတွေလုပ်နေတာ သူဟာ သာသနာရေး တခုတည်းအတွက် လုပ်နေတာ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေး အရ လည်းသူက ဆောင်ရွက်နေတာ ဖြစ်တယ်တဲ့ ။ တောင်မြို့ မဟာဂန္ဓရုံ ဆရာတော်ဟာ စာပေကျမ်းဂန်နဲ့ပတ်သက်လာ ရင် စတုတ္တ ဗုဒ္ဓဃောသ လို့ တောင် ပြောလို့ ရတယ်။
ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့လူမျိုး နိုင်ငံတော်ကြီး ကြီးပွား ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒါကြောင့် သူက စာတွေရေး၊ တရားတွေဟောတယ်။ ဒါက တိုင်းပြည် လူမျိုး တိုးတက်ဖို့၊ ဒါမှ ဘာသာ သာသနာ တိုးတက်မှာ။ တိုင်းပြည်လူမျိုး မဖွံ့ဖြိုးရင် ဘာသာ၊ သာသနာလည်း ငြှိုးမှိန်တယ်။ ငြှိုးမှိန်တာကို အတွင်း စည်းထဲမှာနေတုန်းက မသိသာဘူး။ ကိုယ့် ၀ါးလုံးခေါင်းထဲကို လသာနေတယ် ထင်နေခဲ့တာ။ ဆိုတော့ ဖားတ ကောင်က ကိုယ့်တွင်းထဲကိုယ်အော်နေတော့ ပဲ့တင်သံနဲ့ သူ့ကမ္ဘာကြီးကျယ်တယ် ထင်နေတာ။ ကိုယ့်စည်းဝိုင်းထဲက အပြင်ကိုထွက်ကြည့်တဲ့ အခါတော့ ငါတို့ တတွေဟာ ပြည်တွင်းထဲမှာ ဘယ်လောက်ပဲ ရဟန်း၊ ရှင်လူတွေရဲ့ လေးစားမှု ခံရတဲ့ နာမည်ရှိပါစေကာမူ သူတပါးတိုင်းပြည်ရဲ့ လ၀က မှာ ချိုးနှိမ်တဲ့ အကြည့်နဲ့ အကြည့်ခံ ရတယ်။ အထင်သေး တဲ့ အကြည့်နဲ့ အကြည့်ခံရတယ်။
အဲဒါတွေအတွက် ရင်ထဲ မကောင်းဘူး။ ဒါတွေရဲ့အခြေအမြစ်ဟာ ဘာကြောင့်တုန်း။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ပြီး အဲဒီနိုင်ငံက နိုင်ငံသားတွေအပေါ် အထင်သေးမှု၊ အထင်ကြီးမှုကို လောလော ဆယ် အဲပေတံနဲ့ တိုင်းကြတယ်။ အရည်အသွေးပိုင်းကို အတိုင်းခံရတာနောက်မှ။ သစ်ပင်တပင်မှာ အမြစ် ရယ်၊ ပင်စည်ရယ် အကိုင်းအခက်ရယ် ဆိုတာရှိတယ်။ သာမန်လူတွေမြင်တာက အကိုင်းအခက် ဘဲ၊ တော်
တော် ထိုးထိုးထွင်းထွင်းမြင်တဲ့လူက ပင်စည်အထိ ကြည့်တတ်တယ်။ တကယ်တမ်းကျတော့ သစ်ပင် တပင်ရဲ့ လောကကို အလှဆင်နိုင်ဖို့အတွက် အဓိက အကျဆုံးက ရေသောက်မြစ်ဘဲ။ ရေသောက်မြစ် ကိုကျတော့ ဘယ်သူမှ ရှိတယ်လို့ မထင်ကြဘူး။
လူဆိုတာလည်း ဒီအတိုင်းပဲ။ နံပတ်တစ် ရေသောက်မြစ်နဲ့ တူတာ ကိုယ်ကျင့် တရား၊ အသိဥာဏ်၊ ဗဟုသုတနဲ့ တူတာက ပင်စည်ပိုင်းနဲ့ တူတယ်။ နံပတ် ၃ က ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ် ဥစ္စာ၊ အာဏာ ဒါတွေက အကိုင်းအခက်တွေနဲ့ တူတယ်။ အညံ့စားလူတွေက အကိုင်အခက် အရွက်အလက်တွေကိုဘဲ ကြည့်ပြီးတော့ အထင်ကြီးကြတယ်။ အဲဒီထက်တော်လာတဲ့ လူတွေက ပင်စည်ဟာ အရေးကြီးတယ်ဆိုတဲ့ အတတ်ပ ညာ အသိပညာပိုင်းကို ကြည့်တယ်။
ဒါပေမယ့် ပညာရှိသူတော်ကောင်းတွေကတော့ ရေသောက်မြစ်နဲ့ တူတဲ့ ကိုယ် ကျင့် သီလကို ကြည့်တယ်။ အဲဒီတော့ တို့ဘုရားရဲ့ အဆုံးအမအရ ပြောရမယ်ဆိုရင် အခြေခံ ဥပဒေတွေ ဘာတွေနဲ့ ခေတ်နဲ့လျော်ညီစွာ ကိလေသာ ဘရပွနဲ့ ရေးဆွဲထားတာတွေက တကယ်တမ်းကျတော့ ငါးပါး သီလလောက်မကောင်း ပါဘူး။ တို့ဘုရား ဟောကြားထားတဲ့ ငါးပါးသီလလောက် ပြည့်စုံရင် နိုင်ငံသားတွေမှာ ဘာအခြေခံ ဥပဒေမှ မလိုဘူး။
ဒါပေမယ့် ဒီကနေ့ခေတ်က ဒုစရိုက်ထွန်းကားပြီးတော့ သုစရိုက် ခေါင်းပါးနေချိန်၊ အသိပညာ လွန်သွား တဲ့ ခေတ်၊ ကိုယ် ကျင့်သိက္ခာနောက်မှာ ကျန်နေတဲ့ခေတ်၊ အဲဒီလိုခေတ်မျိုးမှာ ငါတို့ရဲ့ ဗုဒ္ဓ အဆုံးအမ
တွေကို ခေတ်ရေစီးကြောင်းနဲ့ လျော်ကန်တဲ့အသိအမြင်မျိုး ရောက်အောင် တို့က ဆွဲတင်တဲ့အခါမှာ ဘုန်းကြီးလည်း လက်လွန်သွားတယ်။ ဘုန်းကြီး က ကိုယ့်ဟာကိုယ်လည်း သိတယ်။ သိပ်လောဘ ကြီး သွားတယ်။ ငါသည် မှန်တယ်၊ ငါသည် ဟုတ်တယ်၊ ငါသည် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဖို့ပင် ၀န်မလေးတဲ့ သူတယောက်ဖြစ်တယ်ဆိုတဲ့ အသိကို ဘုန်းကြီးက အချိန် နဲ့ တပြေးညီထက် အချိန်ထက် ဟိုဘက်ကို လွန်သွားတယ်။

ဘုန်းကြီးတို့ရဲ့ တိုင်းပြည်လူမျိုး၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတံခါးကြီးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ဗုဒ္ဓရဲ့ အလိုတော်ကျ သူ့ရဲ့ဘောင်အတွင်းကနေ နိုင်ငံတော်ရဲ့ သက်ဆိုင်ရာ လောက ဥပဒေကိုလည်း မချိုး
ဖောက်ရအောင် ဘုရားရှင်ရဲ့ ပြဌာန်းထားတဲ့ ၀ိနည်း စည်းကမ်း ဥပဒေ မကျိုးပေါက်ရအောင်၊ ဒီကြားထဲ ကနေ ရဟန်းတပါးအနေနဲ့ သင့်လျော်လျောက်ပတ်တဲ့ စကား၊ တရားနဲ့ ဖြတ်သန်းမှုကို ချိန်ဆလုပ်ရတာ။ တချို့နေရာတွေမှာ အမျိုးသားရေး မာန်ကြောင့် နည်းနည်း မာနေမလားဘဲ။ တကယ်တမ်းက အမျိုးသား
ရေး ဆိုတာ သတင်းစာတွေထဲ ကြော်ငြာနေဖို့ထက် တဦးချင်းမှာ အမျိုးသားရေး စရိုက်လက္ခဏာ
တွေ ကောင်းသည်ထက် ကောင်းသွားအောင် လုပ်နေရမှာ။ ငါတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲ အတိဒုက္ခရောက်နေတဲ့အခါမှာ ပြန်စဉ်းစားတယ်။
ဟိုတုန်းက တော့ ဝေသာလီပြည်ကပ်ဘေးဆိုက်တယ်။ မြတ်စွာ ဘုရားကတော့ သဗ္ဗ္ဗညုတ ဥာဏ်တော်နဲ့ ဘယ်လိုလုပ်လိုက်ရင် ဆိုတာ သိတယ်။ သိတော့ သိတဲ့နည်းအတိုင်း သူက ဖြေရှင်းလိုက်
တော့ ဝေသာလီပြည်ကြီး ကပ်ဘေးက လွတ်သွား ရော။ ဒါပေမယ့် သာဝတ္တိပြည် စေတ၀န်ကျောင်း ကနေ မေတ္တာလှမ်းပို့နေတာမဟုတ်ဘူး။ ကိုယ်တိုင်ကြွသွားတာ။ ကာယကံ မေတ္တာနဲ့ ဖြေရှင်းပေးခဲ့တာ။ ဘုရားကတော့ အဲဒီ လိုလုပ်ရုံနဲ့ ပြီးတယ်။
ငါတို့နိုင်ငံသူ နိုင်ငံသားတွေအတွက် ငါတို့တတွေက ဘာတန်ခိုးမှလည်း မရှိတဲ့ သမုတိ ပုထုဇဉ် သံဃာတွေ ဆိုတော့ ဆန္ဒလောက်တော့ ထွက်ပြလို့ ရ လောက်တယ်လို့ ထင်တယ်လေ။ ဒကာ ဒကာမတွေအတွက် တို့ဘာလုပ်ပေးနိုင်မလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဆိုတာ မြတ်စွာ ဘုရားရဲ့ ညွှန်ကြားချက်ရှိတယ်။ လိစ္စ၀ီမင်း
တွေ သာသနာကိုစော်ကားလာတဲ့ အခါမှာ ပတ္တ နိက္ကုစ္စန ကံပြု ပြီးတော့ မနှစ်သက်ရင် မနှစ်သက်တဲ့ အကြောင်းကို ညီညီညွတ်ညွတ်နဲ့ ဆန္ဒပြရမယ်။ ခေတ်နဲ့ လျော်ညီတဲ့ ဗုဒ္ဓရဲ့ အဆုံးအမကို ခေတ်နဲ့လျော် ညီတဲ့အသိဘက်ကို ဆွဲယူလိုက်တာ။
ကထိန်တရားနှင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး တရားတော်ဆိုတာ အမေရိကားက ပြန်လာပြီး ဟောခဲ့တဲ့ တရားတော် ဘဲ။ ပြန်လာပြီး တရားဟောရတာကလည်းကိုယ့်ကို တရားဟောခွင့် ပွင့်ပြီလို့ ဆိုတဲ့ တဦး အတွက်စိတ်မ၀င်စားခဲ့ဘူး။ ဘုန်းကြီးကို အစိုးရဘက်က ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ၂ ကြိမ်
တောင် ၀န်ခံလက်မှတ်ထိုးပြီးပြီ။ အရှင်ဘုရား နိုင်ငံတော် အကြီးအကဲတွေနဲ့ နိုင်ငံတော် အစိုးရအပေါ်မှာ ဂုဏ်သိက္ခာ ပြောင်ပြောင်တင်းတင်း ထိပါး ပုတ်ခတ်တဲ့ စကားတွေ တရားထဲမှာ မဟောပါနဲ့။ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မညီညွှတ်ပါဘူးပေါ့။ ဟုတ်ပြီ။ ပြန်ပြောခွင့် ရှိလား၊ ဆိုတော့ မရှိဘူး၊ ဒီတော့ မရှိရင် မပြော ဘူး။ ပြန်ပြီး ဆရာတော်ကြီးတွေဆီကို လျှောက်ထားခွင့် မရှိဘဲ တရားခံ တယောက်လို ကမ္ဘာအေးမှာ သွားထိုင်ခဲ့ရတယ်။ အာဏာပိုင်တွေနဲ့ ထိပ်က ဆရာတော်ကြီးတွေကို တပည့်တော် လျှောက် ထားခွင့် ရှိမယ်၊ အာဏာရဲ့ လောင်းရိပ်မရှိဘူးဆိုရင် တပည့်တော် ဂါရ၀ တရားနဲ့ ရိုရိုသေသေ လျှောက်ထား ချင်တယ်။ တပည့်တော် ဟောခဲ့တဲ့ တရားတွေမှာ ဘယ်နေရာက မှားသလဲ၊ မှားတဲ့နေရာကိုထောက်ပြ၊ တပည့်တော် ကိုယ်တိုင် ဟောခဲ့တာမို့ တပည့်တော်ကိုယ်တိုင် တာဝန်ယူမယ်လို့ ပြောတော့ တော်တော့ ဆိုတာနဲ့ လက်မှတ်ထိုး ပေးရမယ်။ မထိုးရင် အာဏာဖီဆန်တယ်ဆိုတော့ အဓိပ္ပါယ်မဲ့ကြီးတော့ နံရံလေး ဘက်ကြား သွားမနေနိုင် လို့ လက်မှတ်ထိုးပေးခဲ့လိုက်တယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်တဲ့အခါမှာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ဦးတည်ချက်နဲ့တရားဝင်လွှတ်တော်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ မစို့မပို့လေးကနေ သူ ၀င်ခဲ့တယ်။ အမေရိကန်မှာတောင်မှ လိုအပ်လာရင် ခေတ်ကာလက တောင်းဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင်ပေးတာ ရှိခဲ့တယ်။
ဘယ်နိုင်ငံမှာမဆို ခေတ်ကာလက တောင်းဆိုလာရင် ဘယ်လောက်ခိုင်ခံ့ပါတယ်ဆိုတဲ့ အခြေခံ ဥပဒေကို ဘယ်လို အကြောင်းပေါ်ပေါက်လာလာပြင်ဆင်တာတွေရှိခဲ့တယ်။ ဒါတွေကို မပြောချင်ဘူး။ ငါတို့က ငါတို့ အဖေ အ ကြောင်းဘဲ ငါတို့ပြောတယ်။ ငါတို့အဖေက ၂၂၇ သွယ်သော သိက္ခာပုဒ်ဆိုတဲ့ ၀ိနယ ပိဋကတ်ကို သဗ္ဗညုတ ဥာဏ် တော်နဲ့ ကျကျနန ကမ္ဘာမှာ အကောင်းဆုံး စည်းကမ်းဖြစ်တဲ့ ဒီကနေ့ခေတ်နဲ့ ပြောရရင် သာသနာတော်ရဲ့ အခြေ ခံ ဥပဒေကို သတ်မှတ်ပြဌာန်းပေးခဲ့တယ်။
ဒါကို သဗ္ဗညု ဥာဏ်တော်ရှင်တို့အဖေက တို့သာသနာအတွက် တပည့် သာဝက တွေအတွက် ဆွဲပေးခဲ့ တယ်။ ဒါပေမယ့် လိုအပ်လာရင်ခေတ်ကာလတောင်းဆိုလာရင်ပြင်ဆင်ပေးတယ်။ အဲဒီ ပြင်ဆင်ပေး လိုက်တာကို တို့ မြန်မာတွေ၊ ဗုဒ္ဓဘာသာဝင်တွေက မေ့နေတာ။ ဘုန်းကြီးတွေကအစ မေ့နေတာ။
အဲဒီ ပြင်ဆင်ပေးတာ ခင်ဗျားတို့ အခု ကပ်နေတဲ့ ကထိန် သင်္ကန်းဘဲလို့။ မူလ ပညတ်သည် မူလ ဥပဒေ၊ နောက်မှ ထပ် ပြင်ပေးတာသည် အနုပညတ်နဲ့ နောက်ထပ် ပြင်ဆင်တဲ့ ဥပဒေဆိုပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ကထိန်တရားတော် လို့ ဟောခဲ့ တယ်။ ဒီကထိန်နဲ့ပတ်သက်လို့က စည်းမျည်း စည်းကမ်း သတ်မှတ်ချက် ၅ မျိုးကို လျှော့ပေးလိုက်တာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင်မှ ဒီလိုသူ့ရဲ့ ဥပဒေ စည်းကမ်းတွေကို သဗ္ဗညုတဥာဏ်တော်နဲ့ ရေးဆွဲခဲ့တာ တောင် ကာလဒေသ၊ ခေတ် က တောင်းဆိုမှု ပြုလာရင် ပြင်ပေးတယ်။ ကိလေသာ ဗလပွနဲ့ငါတို့ တိုင်းပြည်မှာ စု ပေါင်းပြီး ရေးဆွဲထား တဲ့ အခြေခံ ဥပဒေကို ခေတ်ကာလက တောင်းဆိုလာပြီဆိုရင် ဘာကြောင့် မပြင်ပေးရမှာလဲ၊ ပြင် ကို ပြင်ပေးရမယ်။
စကားချပ်။ ။လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာများ အတွက် တရားဟောရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်းမြန်မာ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်သော ရွှေည၀ါဆရာတော် ဦးပညာ သီဟနှင့် မေးမြန်း မိန့်ကြားထားသည်များကို ပြန်လည် တည်းဖြတ်ကာ တင်ပြလိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment