Monday, December 31, 2012

ပူတာအို ဒေသခံများ အတွက် ပို့ဆောင်မည့် ရိက္ခာ ယာဉ်တန်းအား KIA အဖွဲ့က လက်နက် ငယ်များဖြင့် ပစ်ခတ်

KIA အဖွဲ့ အနေဖြင့် ရဝမ် တိုင်းရင်းသား အများစု နေထိုင်သည့် ပူတာအို ခရိုင်သို့ ဆက်သွယ် ထားသော လမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ရိက္ခာရှားပါးခြင်းတို့နှင့် ရင်ဆိုင် နေရသဖြင့် တပ်မတော်နှင့် ကချင်ပြည်နယ် အစိုးရတို့ ပူးပေါင်း၍ စားနပ် ရိက္ခာများ ပို့ဆောင်ပေးလျက် ရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော်နှင့် ပူတာအို မဲဆန္ဒနယ်မှ ဦးယော်ဒီဒွေ့တို့၏ ပူတာအိုခရိုင် စားနပ်ရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်က ဦးဆောင်စီမံ ဆောင်ရွက် ပေးရေးနှင့် စပ်လျဉ်း၍ အဆိုများ တင်သွင်း ဆွေးနွေး မှုအရ လွှတ်တော်ကမှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်းဆုံးဖြတ်ချက်အပေါ် နိုင်ငံတော် သမ္မတက အဆို များတွင်ပါရှိသည့် တင်ပြချက်များကို အလေးထားသည့် အနေဖြင့် တပ်မတော်က ပူတာအို ခရိုင်ရှိ ဒေသ ခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ပို့ဆောင်နိုင်ရေး အတွက် ကူညီ ဆောင်ရွက်ပေး ရန် ညွှန်ကြား ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော် အနေဖြင့် စားနပ် ရိက္ခာများ ပေးပို့နိုင်ရန် အတွက် တပ်မတော် လေ ယာဉ်များ အသုံးပြု၍ ကူညီ ဆောင်ရွက်ပေးခဲ့သည့် အပြင် ပြည်နယ် အစိုးရကပူတာအိုခရိုင်သို့စားနပ် ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ရာတွင်လည်းကောင်း၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပျက်စီးနေသည့် လမ်းတံတားများ ပြုပြင်ရာတွင် လည်းကောင်း လုံခြုံရေး ဆောင်ရွက် ပေးလျက် ရှိသည်။

ယင်းသို့ စားနပ် ရိက္ခာများ ပို့ဆောင်နေစဉ် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ဆွမ်ပရာဘွမ် မြို့နယ် ကဝယန် ကျေးရွာမှ ပူတာအိုသို့ ဆက်လက်ထွက်ခွာလာသည့် ရိက္ခာ ယာဉ်တန်းအား KIA အဖွဲ့မှ အင်အား ၁၅ ဦးခန့်က လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ ဝင်များ၏ ကာကွယ်ပေး မှုကြောင့် အဆိုပါ KIA အဖွဲ့မှာ ပြန်လည် ဆုတ်ခွာသွားခဲ့ ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ယာဉ်တန်းဖြင့် လိုက်ပါလာသည့် ဝန်ထမ်း တစ်ဦး လက်နက်ငယ် ထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း KIA အဖွဲ့က မိုင်းခွဲဖျက်ဆီးမှု ပေါင်း (၁ဝ၁)ကြိမ် ရှိပြီဖြစ်ပြီး ရထား လမ်းပိုင်းများ၌ မိုင်းပေါက်ကွဲမှု များကြောင့် ၂ဝ၁၁ ခုနှစ် မေ ၁၈ ရက်မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် အထိ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းမှာ ငွေကျပ် ၂၂ဝ၂ဝ၂၅ဝ ဒသမ ၄၃ ဖြစ်ကြောင်း၊ ထို့ပြင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်း စခန်းများ ဖြစ်သည့် အင်ကောမ စခန်း၊ ဆူယန်စခန်း၊ ဆွတ်ခါးစခန်း၊ ကဝပန် စခန်း၊ နန့်ခမ်း ခရွာ စခန်းနှင့် ခဂရန်းယန် စခန်းတို့ကိုလည်း ဝင်ရောက် ဗုံးခွဲဖျက်ဆီး ခဲ့သဖြင့် မြေကော်စက် (Loader)၊ မြေညှိစက် (Grader)၊ လမ်းကြိတ်စက် (Roller)၊ မြေထိုးစက် (Dozer)၊ မြေတူးစက် (Excavator)၊ မြေသယ်ယာဉ် (Tipper) စသည့် နိုင်ငံပိုင် စက်ယာဉ် ယန္တရား ၂၂ စီး ပျက်စီးခဲ့ရာ စုစုပေါင်း တန်ဖိုး ငွေကျပ် သန်းပေါင်း ၆၆၃ ဒသမ ၃၅ဝ သန်း ဆုံးရှုံးခဲ့ ရကြောင်း သိရသည်။

No comments:

Post a Comment