Saturday, December 29, 2012

Who's who 2012-နန်းခင်ဇေယျာ


နန်းခင်ဇေယျာကမ္ဘာတွင် မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက် တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစား နယ်ပယ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

နှစ်ပေါင်း ၅၀ ဝန်းကျင် ဝေးကွာခဲ့သည့် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင်ပြုလုပ်သည့် Miss International 2012 တွင် အဓိကပင်မဆု မဟုတ်သော်လည်း မြန်မာနိုင်ငံသား အများစု စည်းလုံး စွာဖြင့် တစ်ခဲနက် မဲပေးမှုကြောင့် Miss Internet Award ဆု ရရှိခဲ့သည့် အပြင် People Choice Award ကိုပါ ရရှိခဲ့သည်။
နန်းခင်ဇေယျာ ဆုယူအပြီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ပအိုဝ့် တိုင်းရင်းသူ တစ်ဦးဖြစ်သည့် ပုံရိပ်ကို ပြသနိုင် ခဲ့ပြီး ပအိုဝ့် တိုင်းရင်းသားများတွင် ပညာတတ် နည်းပါးသည့် အတွက် ပညာရေးနှင့် ပတ်သက်သည့် ပရဟိတလုပ်ငန်း များကို ယင်း တိုင်းရင်းသားများ အတွက် ရည်ရွယ်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြိုင်ပွဲအတွက် လိုအပ်သည့် ရေကူးဝတ်စုံ ဝတ်ဆင်ခဲ့ရာတွင် ဝေဖန်မှု အချို့ ထွက်ပေါ် ခဲ့သေးသော်လည်း နန်းခင်ဇေယျာသည် သူ၏ လုပ်ဆောင်မှုဖြင့် နိုင်ငံတကာပြိုင်ပွဲ လမ်းကြောင်း အပါအဝင် သူရှေ့ဆက်ရမည့် လမ်းကြောင်းကိုပါ အောင်အောင်မြင်မြင် ဖောက်လုပ် ပြသနိုင်ခဲ့ပြီး ဖြစ်သည်။

ဘာသာစကား ကျွမ်းကျင်မှုကိုလည်း အားသာချက် အဖြစ် ထုတ်သုံးနိုင်ခဲ့သည့် နန်းခင်ဇေယျာသည် ယခုအချိန်တွင် Red Link ၊Blue Mountain ၊ iMax Brand Ambassador လည်း ဖြစ်နေပြီး ကြော်ငြာရိုက်ကူး မှုများလည်း ပြုလုပ်နေပြီ ဖြစ်သည်။ နာရေးကူညီမှု အသင်းတွင် ကူညီလုပ်အား ပေးမှုများ၊ မရမ်းချောင်ရှိ ပရဟိတဂေဟာသို့ လူမှုအကျိုးပြု လှူဒါန်းမှု များကိုလည်း အဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ ယခု The Voice Weekly က နယ်ပယ်အလိုက် ရွေးချယ်သည့် ထင်ရှားသူများ အနက် ၂၄ နှစ် အရွယ်ရှိ နန်းခင်ဇေယျာသည် အသက် အငယ်ဆုံးလည်း ဖြစ်သည်။     

No comments:

Post a Comment