Saturday, December 29, 2012

Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့် ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံပြီးနောက် ယခု ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်

ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် NLD ပါတီနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ အစိုးရ သစ် လက်ထက်တွင် အစိုးရသစ်က ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနှင့်လည်း ကောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုနှစ်အတွက် ထူးခြား၊ ထင်ရှားသူအဖြစ် ရွေးချယ် လိုက်ပါသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မြန်မာ့ နိုင်ငံရေး အတွက် အချိုးအကွေ့ တစ်ခုဖြစ်ခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းမဟာ အင်အားကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား ဆက်ဆံရေးတွင် အခရာကျလာသော စိန်ခေါ်မှုဖြစ်သည့် လက်ပံတောင်း တောင် အရေးတွင် "ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်က ဘာလဲဆိုတော့ အခက်အခဲတွေ ရှိရင်၊ မပြေလည်တာတွေ ရှိရင် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရအောင် ကြိုးပမ်းကြရမယ့် တာဝန်ပဲ" ဟု ပြောကြားခဲ့ရာ အများကြိုက်မလုပ်ခဲ့ဘဲ မျှမျှတတ ပြောကြားခဲ့ခြင်း၊ ထိုပြောကြား ချက်နှင့် ၄င်း၏ ရပ်တည်ချက်မှာ အများကြိုက် မဟုတ်ဘဲ ပြဿနာ၏ အဖြေဟုပင် နိုင်ငံရေး လေ့လာ စောင့်ကြည့်နေသူများက ပြောကြား ခဲ့ရသည်အထိ သက်ရောက်မှုများစွာ ရှိခဲ့ခြင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ အနေနှင့် သံဃာတော်များ မီးဒဏ် သင့်ခဲ့သည့် သပိတ်စခန်းဖြိုခွဲမှု၊ ယင်းစီမံကိန်းနှင့် ပတ်သက်ကာ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်းသာ တွေ့ရှိမှုတို့ကို ရဲရဲဝံ့ဝံ့ အမှန်အတိုင်း တင်ပြသွားမည်ဟု ပြောကြားထားခြင်း တို့မှာ ယခုနှစ်အတွင်း အထူးမှတ်တမ်း တင်ရမည့် ဆောင်ရွက်ချက်များ ဖြစ်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ လွှတ်တော်အတွင်း ရောက်ရှိပြီးနောက်ပိုင်း လွှတ်တော် နိုင်ငံရေးမှာ များစွာ သိသာထင်ရှားစွာ အသက်ဝင်ခဲ့ပြီး ၄င်းတင်သွင်းခဲ့သော ရန်ကုန် တက္ကသိုလ် မြှင့်တင်ရေးနှင့် ပတ်သက်သည့်အဆို၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အဆိုတို့မှာလည်း မဲအပြတ်အသတ်ဖြင့် ထောက်ခံမှု ရရှိခဲ့ရာ ၄င်း ရွေးကောက်ပွဲဝင်စဉ်က ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်အမတ် ၂၅ ရာခိုင်နှုန်း ရှိနေ၍ မည်သည့် အဆိုတင်တင် မဖြစ်နိုင်ဟူသော ယူဆ ချက်များ၊ ဝေဖန်ထောက်ပြမှုများ မှားယွင်းကြောင်း သက်သေ ပြသကဲ့သို့ ဖြစ်နေပါသည်။

နိုင်ငံတိုးတက်ရေး အတွက် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတွဲ လုပ်ဆောင် နေစဉ်အတွင်း ၄င်းတို့နှစ်ဦးစလုံး အမေရိကန် ပြည်ထောင်စုသို့ သွားရောက် ခဲ့သည့်အပြင် အမေ ရိကန်သမ္မတ ဘားရက်ခ် အိုဘားမား သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့ရာ မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။

အခြား တစ်ဖက်တွင်လည်း အစိုးရအတွက် အကျပ်အတည်း တွေ့နေသော ရခိုင်ပြည်နယ် ပဋိပက္ခ၊ တိုင်းရင်းသား လက်နက်ကိုင် အရေးတို့တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် ရခိုင်အရေးတွင် တရားဥပဒေ စိုးမိုးရေး ရှိရန်လိုအပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာ ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား အရေးတွင် လည်း ကမ်းလှမ်းလာပါက ဝင်ရောက်ပါဝင် ဆောင်ရွက်လိုကြောင်း၊ စစ်မှန်သော ဖက်ဒရယ် စနစ် ဖော်ဆောင်မှသာ ငြိမ်းချမ်းရေး အစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း ထင်သာမြင်သာသည့် လက်တွေ့ လုပ်ဆောင်မှုများ မြင်တွေ့လိုကြောင်း ပြည်ပမီဒီယာများနှင့် နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ များက ထောက်ပြပြော ဆိုခဲ့ကြသည်။

ထူးခြားချက် အနေနှင့် ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်သော ဆန္ဒရှိ သည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီး လျှင် သမ္မတ ဖြစ်လိုကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က တနင်္သာရီတိုင်း၊ ကျွန်းစုမြို့ အမှတ် (၄) ရပ်ကွက် မြို့သစ် အားကစားကွင်းတွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်ရာ မြန်မာ့နိုင်ငံရေး အလားအလာ မည်သို့ ဖြစ်လာမည် ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ဖြစ်လာခဲ့သည်။

ကိုယ်တိုင် ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးချယ် ထားသော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများကို ယနေ့ အချိန်အထိ တရားဝင် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းမရှိ သေးခြင်း၊ များစွာ ထိလွယ်ခိုက်လွယ်၊ ခံစားလွယ် သည့် ရခိုင်အရေးကိစ္စ အစောပိုင်း ကာလတွင် သတင်းအချက်အလက် စုံစုံ မရရှိသေးခင် မှတ်ချက် စကား ထုတ်ဖော်ပြောကြား ခဲ့ခြင်းတို့ အပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ၂၀၁၂ ခုနှစ် အတွင်းတွင် ကုန်ခဲ့သည့် နှစ်များနှင့် မတူခြား နားစွာ ၄င်း၏ ရပ်တည်ချက်၊ အများကြိုက် မဟုတ် သော ပြောကြားချက်၊ လုပ်ဆောင်ချက်များကို သိသိသာသာ အရွေ့တစ်ခု အဖြစ် တွေ့မြင် လာရ ပြီး ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ကောင်းမွန် သော အပြောင်းအလဲ လုပ်ဆောင်မှုများ ဖြစ်နေ သည့် အပြင် သမ္မတဦးသိန်းစိန်နှင့်အတူ ညင်သာ သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ နိုင်ငံ အနာဂတ်၊ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု တည်ဆောက် ရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နေသည်များကို အသိအမှတ် ပြုသောအားဖြင့် ၂ဝ၁၂ ထူးခြား ထင်ရှားသူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

No comments:

Post a Comment