Monday, January 28, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် အတတ်နိုင်ဆုံး လုပ်ဆောင်မည်


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြီးဆုံးခြင်း မရှိပါက ၂၀၁၅ အစိုးရသစ် လက်ထက်တွင် ဖြေရှင်းနိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''၂၀၁၅ မှာ ရွေးကောက်ပွဲရှိတယ်။ အဲဒီရွေးကောက်ပွဲမှာ ပြည်သူတွေက ပိုတော်တဲ့ အစိုးရအဖွဲ့ကို ရွေးကြမယ်။ အကယ်၍ မပြီးရင်လည်း ၂၀၁၅ မှာ လာမယ့် အစိုးရကလည်း ဒီမိုကရေစီ အစိုးရပဲ။ အဲဒီမှာ အရည်အသွေးရှိတဲ့ သူတွေကို ရွေးမယ်ဆိုတော့ ပိုမြန်မှာပေါ့။ ကျွန်တော်တို့က ရှောင်တာ မဟုတ်ဘူး။ အဲဒီမတိုင်မီမှာ ကျွန်တော်တို့ အတက်နိုင်ဆုံး ပြီးအောင်လုပ်မယ်။ မပြီးရင်လည်း နောက်လူတွေ ပြီးအောင် လုပ်မှာပါ'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ''တပ်မတော် အစိုးရကနေ ဒီမိုကရေစီ အစိုးရကို ပြောင်းလဲရေး ဖြစ်စဉ်မှာ ပထမဆုံး အစိုးရသည် အမှတ်ရစရာ မရှိပါဘူး။ အားလုံး ပြုပြင်ရင်း လူတွေရဲ့ Mind Set ကိုပြုပြင်ရင်း ဆွဲခေါ်ရင်း တွဲခေါ်ရင်းနဲ့ ငါးနှစ်ပြည့်သွားမှာပါ။ ပထမဆုံး အစိုးရက ငြိမ်းချမ်းရေးနဲ့ ပက်ပင်းကို တိုးနေတာပါ။ ကျွန်တော်တို့က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ပြီးအောင်လုပ်နိုင်မယ် အားလုံး ၀ိုင်းကူမယ်ဆိုရင် ၂၀၁၅ မှာ လာမယ့်အစိုးရက အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ရမှာပါ။ လုပ်နိုင်မှာပါ'' ဟု ပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအား ရက်ပိုင်းအတွင်း ပြေလည်မှု ရရှိအောင် နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေကြောင်းနှင့် လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment