Monday, January 28, 2013

သျှမ်းပြည်မှာဘာ့ကြောင့်ဘိန်းစိုက်ပျိုးမှုတနှစ်ထက်တနှစ်များလာပါသလဲ

drug-fieldသျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၆ ရက် ၂၀၁၂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့အပါအဝင်၊ ဌာနဆိုင်ရာတွေ၊ ပြည်သူ့စစ်တွေအပြင်၊ မြို့နယ်လူထုကိုယ်စားလှယ်တွေအပါအဝင် အပစ်ရပ်တပ်ဖွဲ့ တွေဖြစ်တဲ့ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့လဲ တက်ရောက်ကြပါတယ်။
                                                     ဘိန်းခင်း


ဆွေးနွေးပွဲမှတ်တမ်းအရ ဦးရဲနိုင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အောက်ပါအချက်အလက်တွေဟာ အဆိုပါအစည်းအဝေးမှ ကောက်နှုတ်ထားတဲ့အချက်များဖြစ်ပါတယ်။     

ရှေးဦးစွာ သျှမ်းပြည်နယ်ရဲမှူးကြီးဝင်းထွန်း က
“ ဒီလထဲမှာ  ဘိန်းခြံဖျက်မယ့်စီမံကိန်းရှိတဲ့အကြောင်းပြောပါတယ်။”


ခွန်သူရိန် 
“အပစ်ရပ်တုန်းက သဘောတူညီချက်ထဲမှာ မူးယစ်ဆေးတိုက်ဖျက်ရေးသဘောတူညီချက်ပါ တယ်။ ဒါကြောင့် လက်တွဲပူးပေါင်းဖို့လဲ အဆင်သင့်ပါဘဲ။ တိုက်ဖျက်လာတာနှစ်နဲ့ချီပေမယ့် ပျောက်မ သွားဘူး။ ဘိန်းအစားထိုးသီးနှံ လုပ်ပေးမှ ပျောက်နိုင်ပါလိမ့်မယ်။ ဘိန်းအစားထိုးသီးနှံတွေ အတွက် နိုင်ငံခြားဈေးကွက်ရှာ နိုင်မှ ဖြေရှင်းနိုင်မယ်။ နို့မဟုတ်ရင် ငါးပွက်ရာ ငါးစာချ ဆိုသလိုဘဲဖြစ်နေလိမ့် မယ်။ ဒါနိုင်ငံရေး နဲ့ ပတ်သက် တယ်။ အခု လူထုအစိုးရဖြစ်လာပြီဆိုတော့ မကြာမီကာလအတွင်းမှာ မူးယစ်ဆေးကို အောင်မြင်စွာ ဖျက်ဆီး နိုင်လိမ့်မယ်ယုံကြည်ပါတယ်”
“   တောင်လေးလုံးထောင်ကြီးမှာ ပအိုဝ်းလူမျိုး ၇၀ ရာခိုင်နှုန်းရှိတယ်။ ပအိုဝ်းထောင်ဖြစ် နေတယ်။ ဝမ်းနည်းစရာပါ။ ကျနော်တို့ကျေးလက်ဒေသ ရွာတွေမှာ ယာဘ မမြင်ဖူးတဲ့သူမရှိဘူး။ ကျနော် တို့ မမွေး ခင်ကတည်းက ဘိန်းဖျက်လာတာ။  အဲ့လောက်ဖျက်နေတာတောင်မှ ဘိန်းစိုက်ပျိုးမှု တိုးလာနေ သေး တယ်။ ဒါသူ့အကြောင်းနဲ့သူ ရှိပါတယ်။   တော်လှန်ရေးအဖွဲ့က ဘိန်းဖျက်ရင် လူထုက အစိုးရဘက်ပါသွားမှာကို စိုးရိမ်နေ တယ်။ အဲလိုဘဲ အစိုးရ ဘက်ကနေ ဘိန်းစဖျက်ရင် လူထုတွေ သူပုန်ဖြစ်သွားမှာစိုးလို့။ သို့ပေမယ့် ခု ကျနော်တို့ မတိုက်ကြ တော့ဘူး။ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးနိုင်ပြီဆိုတော့ ဘိန်း ဖျက်နိုင်တော့မှာပါ။ သို့ပေမယ့် အခု လုပ်နေတဲ့ ဘိန်းတိုက်ဖျက်ရေးစီမံကိန်းဟာ တောင်းပန်ရုံလောက် ခေတ္တခဏမျှသာ ဖြစ်ပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် အကောင်းလို့တော့မြင်ရမှာပေါ့”

ပအိုဝ်းပြည်သူ့စစ်

“ဘိန်းဖျက်လာတာ ခုမှမဟုတ်ပါဘူး။  SURA ခေတ်ကတည်းက ရလလဖ ခေတ်ကတည်း ကဖျက်လာ တာပါ။ ၀ နဲ့ မိုင်းလားက မူးယစ်ကင်းစင်ရေးနယ်မြေ ကြေငြာတော့ လူတွေက တခြားကိုပြောင်း သွားပြီးသွားစိုက်ကြတယ်။ တကယ့်ကိုတိုက်ဖျက်ရှင်းလင်းချင်ရင် တဧက ဖျက်ဆီးရင် ၅ ဧက လို့စာရင်း မတင်ပါနဲ့။ ခရီး ၁ မိုင်သွားရင် ၁၀ မိုင်လို့ စာရင်းမတင်ပါနဲ့။ အဲလိုလုပ်နေရင် ၂၀၁၄ ရောက်လဲ ဘိန်းက ပျောက်နိုင်မှာမဟုတ်ဘူး။ ဟိုးအရင်က ဘိန်းစိုက်ရင် ဗကပ ကိုလက်ညှိုးထိုးကြတယ်။ အခု ဗကပ  မရှိတာကြာပြီ။ ဘာကြောင့်ဘိန်းကမပျောက်သေးတာလဲ။ ”

ကျန်းမာရေးအရာရှိတဦး

“သျှမ်းပြည်ထဲမှာ ဘိန်းဖြတ်ဆေးရုံကြီး ၂ နေရာရှိပါတယ်။ လွယ်လင်နဲ့ လားရှိုးပေါ့။ ဘိန်းဖြတ်စခန်းငယ်က ၂ ခု ကလောနဲ့မိုင်းရှူးမှာပါ။” 

ရဲအရာရှိတဦး

“တောင်ကြီးမှာ ရဲ ၁၀၀၀ လောက်ရှိပါတယ်။ မူးယစ်တိုက်ဖျက်ရေး သွားတော့မယ်ဆိုရင် ကားလဲကိုယ့် ဟာ ကိုငှားရတယ်။ ကားဆီ ကိုယ့်ဟာကိုယ်ဝယ်ထဲ့ရတယ်။ ပေါင်းရှင်းစက်အတွက်လဲ ကိုယ့်ဖာသာ ကိုယ်ဝယ်ရတယ်။ ဒီတရွာမှာ ဘိန်းခင်းဖျက်လို့ပြီးပြီဆိုရင် နောက်တရွာထပ်သွားဖျက်ဖို့ မလွယ်တော့ ဘူး။ ဒါကြောင့်တရွာမှာဆို တခြံစီလောက်ဘဲ ဖျက်ရပါတယ်။   အဲလိုနဲနဲစီ ဖျက်သွားရင် လူထုက မနစ်နာ တဲ့အပြင် လူထုဆီက အသံတွေလဲကြားရမယ်။”

လွယ်လင်ရဲ

“တချို့နှစ်တွေမှာ ဘိန်းခင်းဖျက်ဖို့အမိန့်ကျလာတဲ့ချိန် ဘိန်းပင်တွေခြောက်နေပြီ။ တချို့ခြံတွေဆိုလဲ ဘိန်းစေးတွေခြစ်ကုန်ပြီ။ အထက်က မြေပုံပေးလာတယ်ဆိုရင်လဲ နေရာတွေက အမှားမှား အယွင်းယွင်း။ တိကျတဲ့မြေပုံ ပို့ပေးစေချင်ပါတယ်။”

သျှမ်းပြည် ရဲမှူးကြီး ဝင်းထွန်း

“ကျနော်လဲ အမျိုးသားရဲချုပ်ကြီးဆီ တပ်ရင်းတရင်းလောက် အင်အားတောင်းထားပါတယ်။  ရဲတပ်ဖွဲ့ အများစု ရခိုင်ကိုရောက်နေပါတယ်။ ဘယ်တော့ပြန်လာမလဲမသိဘူး။ ကျနော်တို့အလုပ်ကို နိုဝင်ဘာလ မှ တညီတညွတ် တည်းစမယ်။ ထော်လာဂျီနဲ့ ရိက္ခာတွေတင်ပြီးတော့ သွားနိုင်တဲ့လမ်းအထိသွားမယ်။ ပြီးရင် ဘိန်းခင်းဖျက်ဆီးမယ်။”

မြို့နယ်မှူး

“ရွာထဲမှာစခန်းချပြီးမှ ဘိန်းခင်းဖျက်မယ်ဆိုရင် ညကျရင်ရွာသားတွေက အရက်တွေ လာတိုက်။ ငွေတွေလာပေး။ ကျနော်တို့ရဲက အလွန်အကျွံသောက်စားကြပြီး မနက်ကျတော့ ခရီးမဆက်နိုင်ဖြစ်ရော။ အဲလိုတွေဖြစ်ခဲ့ဖူးပါတယ်။” 

မူးယစ်ဆေးသုံးစွဲမှု အန္တရာယ်ဟာလည်း အဓိကပြဿနာတခုဖြစ်တယ်လို့  လူထုတွေက တင်ပြကြပါတယ်။ 

ရပ်မိရပ်ဖတဦး

“နိုင်ငံရေးတော့မသိဘူး ။ ကျနော်တို့သားသမီးတွေ ဆေးသမားဖြစ်ကုန်တာဘဲသိတယ်။ ဒါအရင်ဖြေရှင်းပေးသင့်တယ်။  ကြေငြာချက်တွေဘဲ ထုတ်ပြန်မနေပါနဲ့။ လက်တွေ့လုပ်ပါ။”

ရွာသားတဦး

“ဖွံ့ဖြိုးရေးက နောက်မှထား။ ဆေးဖြတ်တာအရင်လုပ်ပေး။ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ချင်တယ်လို့သာပြောနေကြတယ်။ လူငယ်တယောက်ဟာဆေးစွဲနေရင် သူ့ကိုဘယ်လို ပညာသင်ပေး မလဲ ။”

တပ်မှူးတဦး

“လားရှိုးမှာ သာရေးနာရေးပွဲကအစ ယာဘ မူးယစ်မပါရင် မပြီး။ တွေးမိတိုင်း မျက်ရည်ဝဲ။ အဖေက သားကိုသတ်တယ် သားကအဖေကိုရိုက်တယ်။ ပုလိပ်ဆီသွားတင်လဲပုလိပ်က လာဘ်စားထားလို့ အရေး မယူပေး။ ဘိန်းတွေ ယာဘတွေရောင်းတဲ့လူက ပြည်သူ့စစ်။ ဆိုတော့ စစ်တပ်ကိုလဲ အားမကိုး နိုင်။ ပြည်သူ့စစ်ကို စစ်တပ်ကကိုင်တာကိုး။ ဒီနည်းဟာ မျက်နှာဖြူတွေ တရုတ်ပြည်ကိုသိမ်းတဲ့ နည်းနဲ့တူနေ တယ်။ ဆေးမပါမပြီးတဲ့သာရေးနာရေးပွဲတွေဟာ ထုံးစံတရပ်လိုဖြစ်နေတယ်။ နေ့စား အလုပ်သမားတွေကို အလုပ်ရှင်တွေက ပိုက်ဆံနဲ့လုပ်အားခ မချေတော့ဘူး။ ယာဘနဲ့ပေးချေ ဒါတွေလဲတွေ့နေရတယ်။”

ကျောက်မဲက ဘုန်းဘုန်း

“မူးယစ်နဲ့ကင်းတဲ့လူငယ် ရှာရခက်တယ်။ ရွာသူကြီးတွေတောင် မလွတ်ဘူး။ ပြောလို့လဲမရဘူး။ ပြော မယ်ဆိုရင်လဲ ထိုးဖို့ကြိတ်ဖို့ဘဲရှိတော့တယ်။ ဒါတွေကို ဓမ္မစက်နဲ့ ထိန်းလို့မရတော့ဘူး ဒီခေတ်။ အာဏာ စက်နဲ့ဘဲ ထိန်းလို့ရတော့မယ်။ 

ဒီအတွက်တရားခံဟာ  တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို  လက်ညှိုးထိုးကြတယ်။   ဒါပေမယ့်ပြည်သူ့စစ်ကနံပတ် ၁ ပေါ့။ ”

နမ့်ခမ်းကအဖိုး

“ပြည်သူ့စစ်တပ်ဖွဲ့တွေကို အစိုးရက ပေါ်လစီအရ ကျောထောက်နောက်ခံပြုပေးထားတယ်လို့တောင် ထင်ရတယ်။ ပြည်သူ့စစ် မပျောက်မချင်း မူးယစ်ဆေးကပျောက်နိုင်မှာမဟုတ်ဘူး လို့တောင်ပြော ချင်တယ်။ ပြည်သူကိုအကာအကွယ်ပေးဖို့နေနေသာသာ ပြည်သူကို မူးယစ်ဆေးနဲ့ဖျက်ဆီးနေတယ်။
ရဲတို့ စစ်တပ်တို့ အုပ်ချုပ်ရေးပိုင်းတို့လဲ မလွတ်ကင်းပါဘူး။”

မိုင်းပန်က အဘိုး

“ဘိန်းခြံတွေကိုအခွန်ကောက်စားနေတာ ဘယ်သူမှတ်လဲ။ မူးယစ်အာဏာပိုင်တွေဗျာ။ ဘိန်းခင်း ဖျက်ချိန်ဆို ၂-၃ ဧကဖျက်ပြီး ဓါတ်ပုံရိုက်ထား။ ကျန်တာမဖျက်ဘူး။ ဖျက်ရင်လူထုအခက် အခဲဖြစ်မှာ စိုးလို့ တဲ့။ ဒါပေမယ့် လူထုဆီက ပိုက်ဆံတော့ကောက်တယ်။ 

ဒါကြောင့် မူးယစ်ဆေးဝါးတကယ်ပပျောက်အောင် အဘက်ဘက်က လက်တွဲရမယ်။ အစိုးရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်း ၊ ပါတီ၊ လူမှုရေးအဖွဲ့အစည်းများ လက်တွဲမှ ရတော့မယ်။ တဖက်က ဖျက်ပြီးတဖက်ကအားပေးနေရင် ဘယ်တော့မှမပျောက်ဘူး။” 


ဆီဆိုင်သား

“ဘိန်းခြံနဲ့ စစ်တပ်က နီးနီးလေး။ အခွန်ကောက်စားတာက ပအိုဝ်းပြည်သူ့စစ်နဲ့ မြန်မာစစ်တပ်။ ”

No comments:

Post a Comment