Thursday, January 31, 2013

တာဝန်ကိုယ်စီ

အလွန်မင်္ဂလာရှိသော သတင်း တစ်ခုကို မကြာမီက ကြားလိုက်ရပါ သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ဌာနအားလုံးသို့ ထုတ်ပြန် သောညွှန်ကြားချက်ဖြစ်ပါသည်။ ဤမျှ မင်္ဂလာရှိသောသတင်းကို ရက်အလွန်နောက်ကျပြီးမှ သိရခြင်းဖြစ်ပါ၏။ အင်တာနက်သတင်းအဖြစ် တစ်ဆင့်ကြားရခြင်းဖြစ်၍ ထိုသတင်းကို အတည်ပြုရန်မဖြစ် သေးသောကြောင့် ၂ဝ၁၃ ခုနှစ်
ဇန်နဝါရီလ ၈ ရက်၊ ၉ ရက် သတင်းစာများပြန်ရှာရသည်။ ၇ ရက်နေ့စွဲနှင့်ထုတ်ပြန်သော ထိုသတင်းကို ရှာဖွေမတွေ့နိုင်ခဲ့။ ထို့ကြောင့် မိတ်ဆွေတစ်ဦးကို ဆက်သွယ်ရသည်။ သူက ထိုသတင်းကို အတည်ပြုသည်။ သတင်းကိုလည်းသူကပဲ မိတ္တူ ကူးပေး၍ ကျေးဇူးတင်ရပါသေး သည်။
အစိုးရဌာန အဖွဲ့အစည်းများ ၏ စီမံခန့်ခွဲမှုစနစ်တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေး ညွှန်ကြားချက်ဖြစ်သည်။ဝန်ထမ်းများအား သတ်မှတ် ချိန်အတွင်း၌သာ ရုံးလုပ်ငန်းများ တာဝန်ပေးဆောင်ရွက်ရေး ကိစ္စ ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်စေရန်အတွက် ဝန်ထမ်း များ၏ ခံယူချက်များပြုပြင် ပြောင်းလဲရန်လိုအပ်သကဲ့သို့ ဝန်ထမ်း များ၏ သက်သာချောင်ချိရေးကို လည်း အလေးထားသောအစိုးရ၏ စေတနာပေါ်လွင်စေသော ညွှန် ကြားချက်ဖြစ်ပါ၏။ ဝန်ထမ်းများအား သတ်မှတ် ရုံးချိန်အတွင်းမှာသာ တာဝန်ပေး ရန်နှင့် အရေးကြီးလုပ်ဆောင်ရန် လုပ်ငန်းများရှိ၍ အချိန်ပို ဆောင် ရွက်ရန်လိုအပ်ပါက ည ၇ နာရီ အချိန်ပြန်လည်ခေါ်ယူ တာဝန်ပေး ရန် ထိုသို့တာဝန်ပေးရာတွင်လည်း  တစ်ရုံးလုံး ဌာနတစ်ခုလုံး ခေါ်ယူ ခြင်းမပြုဘဲ အမှန်တကယ်လိုအပ် မည့် ဝန်ထမ်းကိုသာ အချိန်ကန့် သတ် တာဝန်ပေးရန်အသေးစိတ် ညွှန်ကြား ထားပါသည်။ ထိုသို့ ညွှန်ကြားချက်ထုတ်ပြန် ရာတွင် ဝန်ထမ်းများအား သတ်မှတ်ချိန်အတွင်း ရုံးလုပ်ငန်းများ အား မြန်မြန်ဆန်ဆန်နှင့် မှန်မှန် ကန်ကန် လုပ်ဆောင်ရေးအတွက် အဆင့်ဆင့်မှ လေ့ကျင့်သင်ကြား ပေးရန်လည်း ဖော်ပြညွှန်ကြားထား ကြောင်း တွေ့ရပါသည်။
ထိုညွှန်ကြားချက် သည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပုံစံဖော်ရန် တကယ်လိုအပ်သော ညွှန်ကြားချက်ဖြစ်ပါ၏။ ထိုညွှန်ကြားချက်ကို ဖတ်ရင်း ယနေ့ဝန်ထမ်းများအတွက် ဝမ်း သာမိရသလို ဝေးလံလှစွာသော အတိတ်ဆီသို့လည်း စိတ်သောက ရောက်သွားမိပြန်ပါတော့သည်။
၁၉၅၆ ခုနှစ်။ ကျွန်တော်သည် ၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်အရာရှိ ဖြစ်ကာ ဗိုလ်သင်တန်းကျောင်းတွင် နည်းပြအရာရှိအဖြစ် တာဝန်ထမ်း ဆောင်ရပါသည်။ ယနေ့ပြင်ဦးလွင် ဟုခေါ်သော မေမြို့တွင် ဖြစ်ပါ၏။ ထိုအချိန်က ကျောင်းအုပ်ကြီး သည် ဒုတိယဗိုလ်မှူးကြီးမြဝင်း (ဗိုလ်မှူးကြီးကွယ်လွန်)ဖြစ်ပါ၏။ ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် ဒုတိယဗိုလ်မှူးကြီးအေးမောင် ပြောင်းရွှေ့ရောက်ရှိလာသည်။ ထို ကျောင်းအုပ်ကြီးသည် ဝါရင့် အရာ ရှိကြီးဖြစ်ပါ၏။ ဂျပန်ခေတ် ဘီဒီ အေကာလကမင်္ဂလာဒုံတွင် ဖွင့်လှစ် သောဗိုလ်သင်တန်းကျောင်း ပထမ ပတ်မှ တက်ရောက်အောင်မြင်ကာ အရာရှိဖြစ်ခဲ့သည်။ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်သောကာလက ပဲခူးဒေသတွင် စက်မှုလက်မှု တပ်ရင်း တပ်ရင်းမှူး တာဝန်ယူခဲ့ သည်။ ထိုအချိန်က တပ်စုမှူး ဗိုလ်လေးတင်ဦးသည် ဗိုလ်မှူး အေးမောင်တပ်ရင်းတွင် တာဝန် ထမ်းခဲ့ရသောအရာရှိငယ်ဖြစ်သည်။ နောင်သောအခါ ဗိုလ်ချုပ်ကြီး ဟောင်းတင်ဦး (ယခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး)ဖြစ်လာပါသည်။
ဗိုလ်မှူးကြီးအေးမောင် လက် အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ ရစဉ် ၁၉၅၆ ခုနှစ်က အတွေ့အ ကြုံကို ယနေ့ထက်တိုင် သတိရ နေမိပါတော့သည်။ ရုံးချိန်နှင့်တာဝန် ထမ်းဆောင်ကြရသော လေ့ကျင့် ရေးသင်တန်းကျောင်းဖြစ်၍ ညနေ ရုံးချိန်လွန်သည်နှင့် ကိုယ့်မိသားစု နှင့်ကိုယ် သီးခြားစီနေကြရသော သဘာဝရှိပါ၏။ထို့ကြောင့် ကျောင်းအုပ်ကြီး က အရာရှိများ စည်းဝေးပွဲတွင် စည်းလုံးညီညွတ်ရေးအတွက် မိန့် ကြားခဲ့သည်မှာ အရာရှိများ ညနေ စောင်းအားလပ်ချိန်တွင် အရာရှိ ရိပ်သာသို့ လာရောက်ကြရန်၊ ရိပ် သာတွင်တွေ့ကြ၊ ဆုံကြ ရင်းနှီး စွာနေထိုင်ကြရန် ညွှန်ကြားထားပါ သည်။
အရာရှိရိပ်သာတွင် တင်းနစ် ကစားကွင်းရှိသည်။ ဘိလိယက် ခုံရှိသည်။ စကရေဘယ်လ်ခေါ် အင်္ဂလိပ် စာလုံးများပေါင်း၍ အ မှတ်ရေတွက်သော ကစားခုံရှိ သည်။ ဟောက်စီ-ဟောက်စီခေါ် ဂဏန်းလေးများမဲနှိုက်သော ကစား နည်းရှိသည်။ ကလေးများကစား ရန်လည်းရှိသည်။ထိုသို့ ကျောင်းအုပ်ကြီးက ပြောကြားလိုက်ပြီးနောက် လိုက်လျောညီထွေ မနေတတ် သော ဗိုလ်ကြီးလူမင်း (နာမည်လွှဲ) က စောဒကတက်လေတော့သည်။
”ကျောင်းအုပ်ကြီး ပြောတာ လည်း မှန်ပါတယ်။ ဒါပေမဲ့ ညနေ ညနေ လမ်းလျှောက်ရင်း အရာရှိ ရိပ်သာကိုလာဖို့ဆိုတာ တကယ် မှာတော့ မလွယ်ပါဘူး” ဟု ပြော ရင်း ခေတ္တရပ်နားလိုက်သည်။ အရာရှိအားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်။ ”ဒီကျောင်း မှာ လေ့ကျင့်ရေးတပ်ဆိုတာ တကယ်အလုပ်များပါတယ်။ ဗိုလ်ကြီး မောင်အောင်(နာမည်လွှဲ) လုပ်တုန်းက သူဘယ်လိုလုပ်ပြီး ညနေတိုင်း တင်းနစ်ရိုက်သလဲ မသိဘူး။ အခု ကျွန်တော် တစ်နေကုန် မနားတမ်း လုပ်တာ ညနေ ၆ နာရီ ရုံးဆင်းဖို့ အတော်ကြိုးစားရပါတယ်”ဟု ပြောလိုက်လေတော့သည်။ ထိုအရာရှိသည်လည်း ဂျပန် ခေတ်က လူဟောင်းကြီးဖြစ်၍ ကျောင်းအုပ်ကြီးနှင့် အကြောင်းသိ ဖြစ်ပေသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီးအေးမောင်က တစ် ချက်ပြုံးလိုက်သည်။
”ဒီမှာ ကိုလူမင်း၊ ဗိုလ်သင် တန်းကျောင်းဟာ လွတ်လပ်ရေး ရကတည်းက ဖွင့်လာတာ၊ အစိုးရ အလုပ်ကို ရုံးချိန်နှင့်တွက်ပြီး သတ်မှတ်ပေးထားတာ ချည်းဘဲ။ ရုံးချိန်မှာ ပြီးအောင်မလုပ်နိုင်ရင် အဲဒီလူ သောက်သုံးမကျလို့ဘဲ” ဟု ပြောချလိုက်ပါတော့သည်။ ကျွန်တော်တို့ အားလုံး အာ စေးထည့်ထားသကဲ့သို့ နှုတ်ဆွံ့အ နေဆဲမှာ စည်းဝေးပွဲ ရုပ်သိမ်းလိုက် ပါသည်။ ထို့နောက် ၁၉၆၃ ခုနှစ်။ ၁၉၆၂ ခုနှစ်တွင် တော်လှန် ရေး ကောင်စီ အစိုးရ တာဝန်ယူလာ သည်။ ဗိုလ်မှူးချုပ်တင်ဖေသည် ကုန်သွယ်ရေးဝန်ကြီးဌာနတာဝန်ခံ (ဝန်ကြီး)တာဝန်ယူလျက်ရှိသည်။ မင်္ဂလာဒုံရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိန်ဝင်းသည် ပဲခူးတိုင်းနှင့် ရခိုင် တိုင်း နှစ်ခု၏ လုံခြုံရေးနှင့် အုပ် ချုပ်မှုကော်မတီများအတွက်တာဝန် ယူထားရသည့်ဥက္ကဋ္ဌ ဖြစ်ပါသည်။
ဌာနတာဝန်ခံ ဗိုလ်မှူးချုပ် တင်ဖေသည် ပဲခူးတိုင်းအတွင်းရှိ ခလက၊ နလက ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးရန် မင်္ဂလာဒုံတိုင်း စစ်ဌာနချုပ်တွင်စည်းဝေးပွဲကျင်းပ ပါသည်။ထိုစည်းဝေးပွဲတွင် ရုံးဌာန အသီးသီးတွင် တာဝန်ကျေပွန်ရေး၊ လုပ်အားများ လေလွင့်မှု မရှိရေး နှင့် ပတ်သက်၍ မိန့်ကြားခဲ့သည် ကလည်း မှတ်သားစရာ ကောင်းလှ ပေသည်။ အစိုးရဌာန အသီးသီးမှာ ရှိ ကြသော ဝန်ထမ်းများ လုပ်အားလေ လွင့်မှု မရှိဘဲ တာဝန်ကျေပွန်ဖို့ အရေးကြီးကြောင်း ရှင်းလင်း ပြောကြားပါသည်။ ကုန်သွယ်ရေးဌာနမှာ ဝင်စာ ထွက်စာတွေ အများကြီးဖြစ်၍ ဗဟိုစာဝင် စာထွက် မှတ်ပုံတင် ဌာနကို ဌာနတာဝန်ခံ (ဝန်ကြီး) ကိုယ်တိုင် ဝင်ကြည့်ကြောင်း၊ ဗဟို မှတ်ပုံတင်ဌာနတွင် ဝန်ထမ်း ၈၄ ဦးရှိကြောင်း၊ ဝန်ကြီးကိုယ်တိုင် တစ်နေ့မှာ ဝင်ရောက်စစ်ဆေးရာ ဝတ္ထုဖတ်နေသော ဝန်ထမ်း၊ ရုံးပြင် ထွက် ထမင်းစားနေသော ဝန်ထမ်း တို့ရှိသည်ကို တွေ့ရကြောင်း၊ ဝန်ကြီးကိုယ်တိုင်ကြီးကြပ်၍ ဝင်စာ၊ ထွက်စာများ မှတ်ပုံတင်ခြင်း ပြုလုပ်စေရာ ဝန်ထမ်း ၅၆ ဦးနှင့် လုပ်ငန်းပြီးမြောက်သည်ကို တွေ့ရ ကြောင်း ရှင်းပြပါ သည်။
”ဝန်ထမ်း ၅၆ ယောက်ဟာ ရုံးချိန်အတွင်းမှာ သက်သောင့်သက် သာ မှတ်ပုံတင်နိုင်တယ်။ စားပွဲ မှာဘဲ အလှည့်နဲ့ ထမင်းစားနိုင် တယ်။ လက်ဖက်ရည် သောက်နိုင် တယ်။ ဆေးလိပ်သောက်နိုင်တယ်၊ ရုံးပြင်ထွက် လက်ဖက်ရည် သောက်ရင်း နေ့တစ်ဝက်ကုန်တာ၊ စားပွဲမှာ ဝတ္ထုဖတ်နေတာမျိုးတော့ လုပ်လို့ မရတော့ဘူး။ အဲဒီနေ့က စပြီး ဝန်ထမ်း ၂၈ ဦးကို အခြားဌာ နမှာ ရွှေ့ပြောင်းတာဝန် ပေးလိုက် နိုင်တယ်။ လေလွင့်ဝန်ထမ်း အင်အား ၂၈ ဦးပေါ်ထွက်လာတယ် ဗျာ”
”ခင်ဗျားတို့ တိုင်း၊ ခရိုင်၊ မြို့ နယ်တွေမှာလည်း ဝန်ထမ်းအင် အား လေလွင့်မှု မရှိအောင် စိစစ် ပေးကြပါဗျာ” ဟု စိတ်ရှည်လက် ရှည် ရှင်းပြသည်ကိုလည်း တန်ဖိုး ရှိစွာ မှတ်သားခဲ့မိရပါသည်။ ယနေ့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ ၇ ရက်နေ့မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးကတော့ လမ်းညွှန် မှု စာထုတ်ပြန်ခဲ့ကြောင်း တွေ့ရပါ သည်။တစ်ပတ်မှာခုနစ်ရက် ရုံးတက် ရသူများ၊ တစ်ပတ်မှာ လေးငါးရက် အိုဗာတိုင်းမ် လုပ်ရသူများ၊ စိတ် ချမ်းသာစေမည့် ညွှန်ကြားချက် ဖြစ်ပါသည်။ တိုင်းပြည် တကယ်တိုးတက် ရန် လိုအပ်သည်ဟု ယုံကြည်နေမိ ပါသော ကျွန်တော် ပင်စင်စားကြီး က ကြားခဲ့နာခဲ့မှတ်သားခဲ့ရသော ဗိုလ်မှူးကြီး အေးမောင်နှင့် ဗိုလ်မှူး ချုပ် တင်ဖေထံမှ သင်ခန်းစာများ ကို မျှဝေလိုက်မိရပါသည်။ လက်ခံသူများ လက်ခံကြပါ။ လက်မခံလိုသူများ အပျော်ဖတ် စာစုဟုသာ မှတ်ယူကြပါခင်ဗျာ။
မောင်ဆွေသက်
 http://popularmyanmar.com/

1 comment:

  1. (အစိုးရ အလုပ်ကို ရုံးချိန်နှင့်တွက်ပြီး သတ်မှတ်ပေးထားတာ ချည်းဘဲ။ ရုံးချိန်မှာ ပြီးအောင်မလုပ်နိုင်ရင် အဲဒီလူ သောက်သုံးမကျလို့ဘဲ)၊ကောင်းလိုက်တဲ့စကားလုံး။
    တန်အောင်ခိုင်း၊တန်ရာတန်ကြေးလည်းပေး၊
    အောက်ဆိုက်၊လ္ဘက်ရည်ဘိုး၊မုန့်ဘိုး၊ဂါရ၀ပြု တို့ဆိုတဲ့စကားလုံးတွေက တန်ရာတန်ကြေး မပေးလို့ဘဲ။

    ReplyDelete