Friday, February 1, 2013

Air Bagan လေယာဉ် မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဆင်းသက်ချိန်တွင် လေယာဉ်မှူး၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

Air Bagan လေယာဉ် မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဆင်းသက်ချိန်တွင်လေယာဉ်မှူး၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

Air Bagan လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGC မတော်တဆ ထိခိုက်ပျက်စီးခြင်းအားစုံစမ်းစစ်ဆေးမှု ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ လေကြောင်းပညာသိပံ္ပတွင်ပြုလုပ်ခဲ့သည်။
"အဓိကက ဆင်းသက်တဲ့နေရာမှာ ကွင်းကို မြင်နေရတယ်၊ ပြေးလမ်းနဲ့ ဆင်းတဲ့အပိုင်းကြားမှာ မြူဖုံးနေတယ်၊မျက်မြင်နေရာကနေ ချိန်ကွင်းကိုကြည့်ပြီး ဆင်းသက်ရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်မှုကို မလုပ်ဆောင်ခဲ့ဘူး။
ဆုံးဖြတ်ချက်က မိနစ်ဝက်လောက်အတွင်းမှာ လုပ်သင့်တဲ့ ဆုံးဖြတ်ချက်ကို မလုပ်နိုင်ခဲ့တာကြောင့်ပါ" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌက ပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော Air Bagan လေယာဉ် ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာတွင် လေယာဉ်စက် ချို့ယွင်းခြင်း၊
flight control နှင့်ပတ်သက်၍ မှားယွင်းခြင်း၊လေယာဉ်ကွင်း မှားယွင်းဆင်းသက်ခြင်း၊ အကြမ်းဖက် ဖောက်ခွဲခံရခြင်းစသည့် မှားယွင်းမှုများ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
အဆိုပါလေယာဉ်အား ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်ချိန်တွင်သာ ကပ္ပတိန်မှ မောင်းနှင်ခဲ့ပြီး မန္တလေးမှ ဟဲဟိုးသို့ ဆက်လက် ထွက်ခွာရာတွင် တွဲဘက် လေယာဉ်မှူးအား မောင်းနှင်စေခဲ့ကြောင်း သို့ရာတွင် လေယာဉ်မှူး၏ သုံးသပ်ဆုံးဖြတ်မှုသည်သာ အဓိကဖြစ်ကြောင်းလည်း သိရှိရသည်။
"ကပ္ပတိန်က FO ပေးမောင်းခဲ့တယ်ဆိုတာ သူ့အမှားမဟုတ်ဘူး၊ပေးမောင်းခွင့်ရှိတယ်၊ ဒါပေမယ့် လေယာဉ်မှူးရဲ့ဆုံးဖြတ်ချက်ကသာ အဓိက ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၅ရက်နေ့က အဆိုပါ အဲပုဂံလေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ပထမဆုံးဆင်းသက်သည့် လေယာဉ်ဖြစ်ပြီး၊ ယင်းလေယာဉ်၏ နောက်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ၂စီး ကပ်ပါလာခြင်းသည်လည်း ယင်းလေယာဉ်ကွင်းသို့ ဆင်းသက်မည့် လေယာဉ်မှူး အနေဖြင့် မဖြစ်မနေဆင်းသက်ရမည်ဆိုသည့် အသိကို ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဝင်းဆွေထွန်းက ဆိုသည်။
ဟဲဟိုးလေဆိပ်သည် မြန်မာနိုင်ငံ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ၄၀၀၀ကျော်တွင်ရှိပြီး၊ ရာသီဥတုကြောင့် လေယာဉ်ဆင်းသက်ရ ခက်ခဲ့သည့် လေယာဉ်ကွင်းတစ်ခုဖြစ်ပြီး၊ အဆိုပါမတော်တဆမှုဖြစ်ပွားသည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဟဲဟိုးမြို့၏ ရာသီဥတုအခြေအနေမှာ မြူများ ကျဆင်းနေသည်ဆိုသော်လည်း လေဆိပ်တစ်ခုလုံးအား မြင်နိုင်စွမ်းမရှိအောင် မြူများဆိုင်းနေခြင်းမျိုးမဟုတ်ဘဲ လေဆိပ်အနီး သစ်ပင်တန်းတွင် မြူအချို့ ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ အမှားကြောင့် ဖြစ်ကြောင်း နောက်ဆုံးအဆင့်အနေဖြင့် ဆုံးဖြတ်မှု ပြီးစီးပါက အရေးယူမှုအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသည့် ဥပဒေများအတိုင်း စစ်ဆေး အရေးယူသွားမည်ဟု သိရှိရသည်။

EMG

1 comment:

  1. ဦးဝင်းဆွေး ဘယ်လိုကြီးလဲရှင့်းပြချက်လဲ

    ReplyDelete