Saturday, February 16, 2013

ရဲအရာရှိ တစ်ဦးကို ပုဆိန်ဖြင့် ခုတ်သတ်

ကော့သောင်း မြို့လယ်ကောင် ပိတောက်ရွှေဝါ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းတွင် ရဲအရာရှိ တစ်ဦးကို အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။


ပုဆိန်ဖြင့် ခုတ်သတ်သူဟု ယူဆရသူကို လက်ရှိတွင် မြို့နယ်တရားရုံး၌ တရားစွဲဆို ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောကြားသည်။

"ရမန်နှစ်ပတ် ယူထားတယ်။ ရဲလုပ်ငန်းတွေ ဆောင်ရွက်ဖို့ပါ" ဟု အထက်တန်း ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ ရှော့ ဆိုင်ကယ်ပြင်ဆိုင် တွင် မြို့နယ် နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် အောင်မြဝင်းက ဆိုင်ကယ်ပြင်သူကို ဆိုင်ကယ်ခွေ လဲရန်ပြောပြီး ထိုင်နေစဉ် ယင်းလမ်းတွင် နေထိုင်သူ ဦးအောင်လင်းက နောက်ကျောဘက်မှ ပုဆိန်ဖြင့် ဦးခေါင်းကို ခုတ်သဖြင့် သွေးများ ပန်းထွက်လာသောကြောင့် ဒုရဲအုပ်က ခေါင်း၏ဒဏ်ရာ အပေါက်ကို လက်ဖြင့်ပိတ်ရာ ပုဆိန်ဖြင့် ထပ်ခုတ်သောကြောင့် ဘယ်ဘက်လက် ပြတ်၍ လဲကျသွားကြောင်း မျက်မြင်တွေ့ရှိသူ ဦးသိန်းဝေက ပြောကြားသည်။
"ခုတ်ပြီးတော့ ဗိုလ်ချုပ်လမ်းဘက်သို့ လျှောက်ပြီး ဆေးခန်းကြားကို ဆင်းတုန်း အခုမှပဲ အားပါးတရ ခုတ်လိုက် ရတယ်လို့ သူကပြောတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ ဒဏ်ရာရသူကို ကော့သောင်း ဆေးရုံသို့ ပို့ဆောင်ရာ ဆရာဝန်က လူနာ၏ ဦးခေါင်း ညာဘက်ခြမ်းတွင် ဒဏ်ရာပြင်း၍ သွေးအလွန်အကျွံ ထွက်နေသောကြောင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံတွင် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။

ပုဆိန်ဖြင့်ခုတ်သူကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံ စူလတ် ခရိုင် ကော့စမွေ့ကျွန်းတွင် ဖမ်းမိခဲ့ကြောင်း၊ ပုဆိန်ဖြင့် ခုတ်သူ ဦးအောင်လင်းသည် ဆိုးသွမ်း သောကြောင့် ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးခဲ့သည်ကို မကျေနပ်၍ သတ်ရခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပုဆိန်ဖြင့် ခုတ်သူသည် ရပ်ကွက်အတွင်း ဆိုးသွမ်းသူဖြစ်ပြီး ရဲစခန်းကို မကြာခဏ ရောက်ရှိသူ ဖြစ်ကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment