Monday, February 4, 2013

လယ်သမားချမ်းသာမှ တိုင်းပြည်ချမ်းသာမည် (နိုင်ငံတော်သမ္မတကြီး)

ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေစာရင်းများကောက်ယူရာ၌ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်သည့် လယ်ယာမြေကို ပထမတန်းစား၊ နှစ်သီးစိုက်ပျိုးနိုင်သော လယ်ယာမြေကို ဒုတိယတန်းစားနှင့် တစ်သီးသာစိုက်ပျိုးနိုင်သော လယ်ယာမြေကို တတိယတန်းစားဟူ၍ အမျိုးအစားခွဲခြားပြီး တိကျသောစာရင်းများရရှိအောင် ကောက်ယူရန်ဖြစ်ကြောင်း၊ ပထမတန်းစား လယ်ယာမြေတွင် တစ်နှစ်ပတ်လုံး အပြည့်အဝ စိုက်ပျိုးနိုင်အောင် ဆည်ရေပံ့ပိုးပေးနိုင်ရန်နှင့် ဒုတိယတန်းစား လယ်ယာမြေကိုလည်း နှစ်သီးမှ သုံးသီးစိုက်ပျိုးလာနိုင်ရေးအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေရရှိရန် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း။

စပါးစိုက်ပျိုးရာတွင် တောင်သူများ ကြိုက်နှစ်သက်သည့် စပါးမျိုးကိုသာ စိုက်ပျိုးစေပြီး အရည်အသွေးကောင်း၍ အထွက်နှုန်းကောင်းသည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးတတ်စေရန် ပံ့ပိုးရမည်ဖြစ်ကြောင်း၊

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍ တိုးတက်လာရန် လက်တွေ့ပြသပေးခြင်းသာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဝင်ငွေ သုံးဆတိုးတက်လာရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်တာတမံ တည်ဆောက်နိုင်သည့် နေရာများစွာ ရှိနေရာ နောင်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆည်၊ တာတမံများ တည်ဆောက်သွားရန်ဖြစ်ကြောင်း။

လယ်ယာထွက်ကုန် တိုးတက်လာရန်အတွက် ပြည်သူများ၏ ကြိုးစားအားထုတ်မှုနှင့် အတူ နည်းပညာလိုအပ်သဖြင့် ခေတ်မီနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထုတ်ကုန်များ ဈေးကွက်ရရှိရန်အတွက် Supply Change ကိုလည်း အစမှအဆုံးထိ လေ့လာစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို စက်မှုနိုင်ငံဖြစ်အောင် ဦးတည်ဆောင်ရွက်နေသော်လည်း လောလောဆယ်တွင် နိုင်ငံအတွက် အဓိက ဝင်ငွေရှာပေးနေသည့် လယ်ယာကဏ္ဍကို ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။

နောင်တွင် ကျေးရွာအုပ်စုများ၌ သမဝါယမ လယ်ယာကုန်ထုတ်အသင်းများ ထူထောင်ပေးပြီး ရိတ်သိမ်းခြွေလှေ့စက်၊ လယ်ထွန်စက်၊ ဘက်စုံသုံးလယ်ထွန်စက်စသည့် လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊

လယ်သမားချမ်းသာမှ တိုင်းပြည်ချမ်းသာမည်ဖြစ်၍ လယ်သမားများကိုယ်တိုင်ကလည်း ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/03/id-2542
မှူးဇော် Facebookမှ

1 comment:

  1. လယ်သမားများအမြန်ဆုံးချမ်းသာလာစေရန် ထမင်းလုံးဝမစား ရေလုံးဝ မ သောက်ဘဲနေရန် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။DDD

    ReplyDelete