Monday, February 4, 2013

အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် တရားလွှတ်တော်ချုပ်တို့ အလုပ်လုပ်ရန် တက်ကြွမှုမရှိကြောင်း ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြောဆို


ပြည်သူ့လွှတ်တော်တရားစီရင်ရေးဥပဒေရေးရာကော်မတီသည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ နှင့် ရှေ့နေများကွန်ယက်တို့ဖြင့် တွေ့ဆုံစဉ် အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ အလုပ်လုပ်ရန် တက်ကြွမှုမရှိကြောင်း ဥပဒေရေးရာကော်မတီ ဥက္ကဌက ဖွင့်ဟပြောဆိုခဲ့သည်။

 
 
ခက်တာက ကျွန်တော်တို့လွှတ်တော်ကော်မတီက အလုပ်လုပ်တယ် ဒါပေမဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က တက်ကြွမှုမရှိဘူး ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း တက်ကြွမှုမရှိဘူး “ ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီ ဥက္ကဌ သူရဦးအောင်ကို ကပြောသည်။
 
ယခုကဲ့သို့ ပြောဆိုရခြင်းမှာ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးရန် ပြောဆိုခြင်းကြောင့် ဖြစ်သည်။
 
 “ဥက္ကဌကြီးတို့လွှတ်တော်က ပြဌာန်းလိုက်တဲ့ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့်ဆိုတာ ဆန္ဒပြချင်တဲ့သူဟာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ သွားလျှောက်ရတယ်။ ခွင့်ပြုရင်ပြ ခွင့်မပြုရင်မပြနဲ့ပေါ့ အဲ့ဒီတော့ ဖွဲ့စည်းပုံက ခွင့်ပြုချက်ရမှ ဆန္ဒပြဆိုတာ မရေးထားဘူး ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ရှိ ကြောင်းသာလျှင် ပြဌာန်းထားပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ ခွင့်ပြုချက်ရမှ ဆန္ဒပြတောင်းဆို နိုင်သည်ဟု မရေးထားခြင်းကြောင့် ပြည်သူ့လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည့် ဥပဒေနှင့် လွဲနေသည်ကို ၄င်းက ဆက်လက်တင်ပြ ခဲ့သည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တရားစီရင်ရေး ဥပဒေရေးရာကော်မတီအနေဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ဥပဒေမပြဌာန်းခင်ကလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်ချက်ကြောင့် ယခုကဲ့သို့ ပြည်သူအများ လက်မခံနိုင်ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆိုသည်။
 
 “ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ်မို့လို့သာ ပြောရဲတာ နောက်မို့ဆိုတာဝန်ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ အဲ့ဒီနည်းဥပဒေကို   ပြဌာန်းတဲ့အချိန်မှာ အတော်အတိုက်အခံ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့ကပြင်တယ် အမျိုးသားလွှတ်တော်က ပြင်တယ်။ ဒါပေမဲ့လည်း   ပြည်ထဲရေးဝန်ကြီးဌာနကလည်း သူတို့ရဲ့ လုံခြုံရေးရှုထောင့်နဲ့ ငြိမ်ဝပ်မှုပိပြားရေးရှုထောင့်ကနေ ပြင်တော့ ပြင်းထန်ပါတယ်။ ဒီဥပဒေက တမင်ကို ဖိနှိပ်တဲ့သဘောဖြစ်သွားတယ်ပေါ့လေ။ဒါကြောင့် အခုလို ထောက်ပြတဲ့အတွက် ကျွန်တော်တို့လည်း လွှတ်တော်မှာ ပြန်တင်ပြဖို့ အတွက် လက်ဆုပ် လက်ကိုင်ပြလို့ ရနိုင်တာပေါ့ဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေး ဥပဒေရေးရာကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဝင်းက ပြောသည်။
 
 အပြန်အလှန်ဆွေးနွေးကြရာမှ ဥပဒေရေးရာကော်မတီ ဥက္ကဌသည် စာနယ်ဇင်းကောင်စီမှ ရေးဆွဲနေသော မီဒီယာဥပဒေကြမ်းတွင် မီဒီယာများအား ပွဲတက်ရောက်ခွင့်ကို တားဆီးပါက အရေးယူခြင်းဆိုသည့် အချက်အလက်အား ထည့်သွင်းရေးဆွဲရန် အကြံပြု ပြောကြားခဲ့သေးသည်။
 
 “စာနယ်ဇင်းကောင်စီက ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ ပွဲတက်ရောက်ခွင့်ကို ပိတ်ပင်တဲ့သူကို အရေးယူဖို့ အဲ့ဒါထည့်သင့်တယ် “ ဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေး ဥပဒေရေးရာကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသည်။
 
 မီဒီယာအားကာကွယ်ပေးမည့် ဥပဒေမျိုးလိုအပ်ကြောင်း နှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို အလေးပေးပြုလုပ်သင့်သည်ဟု သူရဦးအောင်ကိုကဆိုသည်။
 
ဥပဒေကိုပိုသည်မရှိ ထည့်သွင်းရေးပေးမှာပါ ဥပဒေမှာ အတည်ပြုပေးနိုင်ဖို့ အာမခံပါတယ်။ ဟု သူရဦးအောင်ကိုက ပြောသည်။
 
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ရှိ UMFCCI အသင်းချုပ် ဒုတိယထပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်မခ
 

No comments:

Post a Comment