Sunday, February 17, 2013

အရေးပေါ်ကိစ္စများကြောင့် ဖွဲ့စည်းခဲ့သော ကော်မရှင်များ၏ လုပ်ဆောင်ချက်များသည် ထိရောက်မှု အားနည်းနေသေးကြောင်း ဝေဖန်မှုများရှိနေ

weekly-17-2-2၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များကို တွေ့ရစဉ်
အရေးပေါ် ကိစ္စများကြောင့် စုံစမ်းစစ်ဆေးရန်အတွက် ဖွဲ့စည်းခဲ့သော ကော်မရှင်များ၏ လုပ်ဆောင်ချက်များမှာ ထိရောက်မှု အားနည်းနေကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် အရေးအခင်း စသည့်ဖြစ်ရပ်များ ဖြစ်ပေါ်အပြီးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်များကို ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန်ထိ ပြည်သူများ လက်ခံနိုင်လောက်သည့် ရလဒ်များ ထုတ်ပြန်မှု မရှိသေးခြင်းအပေါ်တွင် ဝေဖန်နေကြခြင်းဖြစ်သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ဖွဲ့စည်းသည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစ၍ ဒီဇင်ဘာလ ၁၄ ရက်၊ ဒီဇင်ဘာလ ၁၅ ရက်၊ ဒီဇင်ဘာလ ၂၁ ရက်၊ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်၊ ဇန်န၀ါရီလ ၁၉ ရက်နှင့် ဖေဖော်ဝါရီလ ၉ ရက်တို့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း လုပ်ဆောင်ချက်များနှင့် ကြားဖြတ်အစီရင်ခံစာအဖြစ်သာ ထုတ်ပြန်ခဲ့ပြီး ပြည်သူများ သိရှိလိုသည့် အချက်အလက်များကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။
ရခိုင်စုံစမ်းရေး ကော်မရှင်မှာ ဖွဲ့စည်းသည့် ၂၀၁၂ ခုနှစ် သြဂုတ် ၁၇ ရက်မှစ၍ ယနေ့အချိန်အထိ မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်နိုင်ခြင်း မရှိဘဲ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာတင်၍ အပြီးသတ် အစီရင်ခံစာ တင်ရမည့်ရက်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်ထိ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံကာ သတင်းထုတ်ပြန်မှုများ ရှိခဲ့သော်လည်း ပြည်သူများ သိရှိလိုသည့် အချက်အလက်များ ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။
"ရခိုင်စုံစမ်းရေး ကော်မရှင်က ဘာတွေလုပ်နေတယ်၊ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဘာတွေလုပ်နေတယ်။ ဒါတွေပဲ ထုတ်ပြန်တယ်။ ကြားရတာတွေက အကြောင်းအရာ တွေ့ရှိချက်တွေ၊ ပြည်သူတွေ သိချင်တဲ့အချက်တွေ မပါဘူး။ ကျွန်တော်တို့က စုံစမ်းမှုတွေအပေါ်မှာ အရမ်းစိတ်ဝင်စားတယ်။ ဒါပေမယ့် စောင့်ကြည့်ရတာလည်း ကြာလာပြီ။ ဘာမှထူးခြားတဲ့ အခြေအနေမျိုးတွေ မတွေ့ရဘူး" ဟု မုံရွာမြို့ခံ ကိုဇော်ဝင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းကလည်း "ရခိုင်ဖြစ်စဉ်မှာက နှစ်ပိုင်းရှိတယ်။ ဇူလိုင် ၉ ရက်မှာ ဖြစ်တာနဲ့ အောက်တိုဘာလအတွင်းဖြစ်တာ။ ရခိုင်စုံစမ်းရေး ကော်မရှင်က ဇွန်လအတွက် ဖွဲ့ခဲ့တာ။ ဒါပေမဲ့ ဇွန်လကိစ္စအတွက်လည်း အဖြေဘာတစ်ခုမှ ထွက်မလာဘူး။ အောက်တိုဘာနဲ့ ဆက်သွားတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ဇွန်အတွက် တစ်စောင်၊ အောက်တိုဘာအတွက် တစ်စောင်၊ ပေါင်းပြီးတော့တစ်စောင် အဲလိုမျိုးဖြစ်စေချင်တယ်။ ဒါပေမဲ့ အခုအချိန်ထိ ပြည်သူလူထု သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ဘာတစ်ခုမှ ချပြနိုင်ခြင်း မရှိသေးဘူး" ဟု ပြောသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်များ၏ ကုန်ကျစရိတ်များကို နိုင်ငံတော်က ကျခံထားရသောကြောင့် ယင်းကုန်ကျစရိတ်များနှင့် ကာမိစေရန်အတွက် နိုင်ငံတော်က ပြည်သူ့အခွင့်အလမ်းနှင့် ကာမိသည့် လုပ်ဆောင်ချက်များကို လုပ်ပြရန်လိုကြောင်း၊ သို့မှသာ ပြည်သူများက စိတ်ဝင်စားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောသည်။
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူရဲ့ စိတ်ဝင်စားမှု Tempo က ကျသွားပြီဗျ။ ရခိုင်ကော်မရှင်ရော၊ လက်ပံတောင်းကော်မရှင်ကိုပါ ကော်မရှင် စဖွဲ့တုန်းကတော့ အရမ်းစိတ်ဝင်စားကြတယ်။ နောက်ပိုင်းကျတော့ စိတ်ဝင်စားမှုက လျော့လာတယ်။ အခုက ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကိုတောင်မှ နောက်ပိုင်း စိတ်ဝင်စားမှု မပြတော့ဘူး" ဟု ကိုဂျင်မီက ပြောသည်။

ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူရဲ့ စိတ်ဝင်စားမှု Tempo က ကျသွားပြီဗျ။ ရခိုင်ကော်မရှင်ရော၊ လက်ပံတောင်း ကော်မရှင်ကိုပါ ကော်မရှင် စဖွဲ့တုန်းကတော့ အရမ်းစိတ်ဝင်စားကြတယ်။ နောက်ပိုင်းကျတော့ စိတ်ဝင်စားမှုက လျော့လာတယ်  .   .   .
ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်ပါက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့မည်ဆိုပါကလည်း ကော်မရှင်၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များသည် ပြည်သူလူထု၏ သဘောထား၊ လိုလားချက်များနှင့် ထင်ဟပ်နေရန် လိုအပ်ကြောင်း၊ ပါဝင်မည့်သူများမှာလည်း ပြည်သူလူထု ယုံကြည်လေးစားသူများဖြစ်ရန် လိုအပ်ကြောင်းနှင့် ကျွမ်းကျင်ပညာရှင်များ ထည့်သွင်းဖွဲ့စည်းသင့်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
"ပြည်သူနဲ့ လက်တွေ့ကျကျ နီးစပ်ဖို့ဆိုရင် ပွင့်လင်းမြင်သာမှုက အတော့်ကို လိုအပ်ပါတယ်။ ပြည်သူလူထု အကျိုးအတွက် ဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင်က ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းတောင် အသိမပေးရဲဘူးဆိုရင် ပြည်သူလူထုက ယုံကြည်ပါ့မလား။ အဲဒါကိုတော့ အလေးထား စဉ်းစားသင့်တယ် ထင်ပါတယ်။ ပွင့်လင်းမြင်သာမှုကို အတော်အလေးထားရမယ် ထင်ပါတယ်။ နောက်ကော်မတီ၊ ကော်မရှင်ဖွဲ့ပြီး လုပ်တဲ့နေရာမှာ ပြည်သူလူထုအတွက် လုပ်တာဖြစ်တဲ့အတွက် ပြည်သူကို အမြဲတမ်း အသိပေးနေဖို့က အရေးကြီးပါတယ်။ သူတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်ပီပြင်အောင်၊ ထိရောက်အောင် မလုပ်နိုင်တာကတော့ ဖွဲ့စည်းမှုကနေစပြီး ပါဝင်တဲ့သူတွေ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ အဲဒီအပေါ်မှာ ပြည်သူလူထုကို သိသာမြင်သာအောင် လုပ်နိုင်ဖို့၊ နောက်သတင်းမီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ လိုအပ်၊ အားနည်း၊ မထိရောက်တာတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ယင်းကဲ့သို့ ဝေဖန်မှုများ ရှိနေသည့်အပေါ် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ကော်မရှင်အနေနှင့် လုပ်ဆောင်ရမည့် တာဝန်များကို လုပ်ဆောင်နေသည်ဖြစ်၍ ဝေဖန်မှုများကို မည်သို့မျှ သဘောမထားပါကြောင်းနှင့် အပြီးသတ်
အစီရင်ခံစာကို ဖေဖော်ဝါရီလ အကုန်တွင် သမ္မတထံ တင်ပြမည်ဖြစ်သကဲ့သို့ ပြည်သူလူထုထံလည်း အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာအေးမောင်က "ရခိုင်ပဋိပက္ခကို စုံစမ်းတာက စာမေးပွဲစစ်တာနဲ့ မတူဘူး။ အခြေအနေ ကွာခြားတာပေါ့နော်။ လူတွေကြားမှာ ကြာတဲ့အချိန်ကို နည်းနည်းတော့ ကြာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပထမတစ်ကြိမ်ဖြစ်တာနဲ့ ဒုတိယတစ်ကြိမ်ဖြစ်တာနဲ့ ရောသွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အချိန်ယူရတာပေါ့။ လက်ပံတောင်းတောင်နဲ့ ရခိုင်ပဋိပက္ခတော့ မတူဘူး။ လက်ပံတောင်းတောင်က ပြဿနာတစ်ခုပေါ်မှာ လူထုက ချဉ်းကပ်တာ။ ရခိုင်ပဋိပက္ခက အဖွဲ့အစည်းတစ်ခုက ပြဿနာတစ်ခု သို့မဟုတ် ရည်ရွယ်ချက်တစ်ခုပေါ်မှာ ဦးတည်ချက် မတူတဲ့အခါမှာ လူမျိုးချင်းဖြစ်သွားတဲ့ ပြဿနာ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ပေးထားတဲ့ ရှစ်ချက်တင်ပြပါတယ်။ ပထမတစ်ကြိမ်ဆိုလို့ရှိရင် ကျွန်တော်တို့ စက်တင်ဘာ ၁၅ ရက်လောက်မှာ ပြီးနိုင်တယ်လေ။ အခုဟာက ဒုတိယတစ်ကြိမ်ပါ ဖြစ်လာတဲ့အခါကျတော့ မတ်လ ၃၁ ကိုတောင်းထားတယ်။ ကျွန်တော်တို့ပြီးအောင် လုပ်နေပါတယ်" ဟု ပြောပါသည်။
ထို့အပြင် လွှတ်တော်ကို ဝေဖန်ခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၈ ရက်က ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆောင်ချက်များကိုလည်း ပြည်သူများက စောင့်ကြည့်လျက်ရှိသည်။
အလားတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မတီ စသည့်ကော်မတီများကို ပြည်သူများက အားကိုးအားထားပြု၍ တိုင်းကြားကြကြောင်း သိရသည်။ လတ်တလောတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မတီသို့ တင်ပြတိုင်ကြားမှုအချို့ ရှိကြောင်းသိရပြီး အဆိုပါကော်မတီ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် မသိရှိရသေးကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။
ယင်းကော်မတီများ၊ ကော်မရှင်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်တို့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖွဲ့စည်းပြီးဖြစ်သော ကော်မတီ၊ ကော်မရှင်များမှာ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ကော်မတီ၊ ကော်မရှင်အချို့၏ လုပ်ဆောင်ချက်များမှာ အားနည်းနေဆဲ ဖြစ်ကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်
EMG

No comments:

Post a Comment