Wednesday, February 6, 2013

အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ



အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက်ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေး ဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ်ရှိနေသည်။



ခင်ပွန်းကွယ်လွန်ပြီး သုံးလကြာသောအခါ ဒေါ်အေးမာဆီသို့ သတင်းဆိုးတစ်ခု ထပ်ရောက်လာသည်။ ဇန်န၀ါရီ ၃၁ ရက် ညနေ
ပိုင်းက အသက် ၄၁ နှစ်အရွယ် ဒေါ်အေးမာတို့အိမ်သို့ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာလူကြီးများလာ၍ ၀ါးထရံတွင် စာတစ်ရွက်ကပ်သွားပါသည်။

စာထဲ၌ သီလ၀ါအထူးစီးပွားရေးဇုန်ဧရိယာအတွင်း အခွင့်အမိန့်မရဘဲ နေထိုင်ခြင်းဖြစ်သောကြောင့် နှစ်ပတ်အတွင်း အိမ်ကို ဖယ်ရှားရွှေ့ပြောင်းပေးရန် မြို့ နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး၍ အမိန့်ထုတ်ထားခြင်းဖြစ်သည်။ အမိန့်မနာခံပါက ဥပဒေအရ ရက်သုံးဆယ် အချုပ်ကျမည် ဖြစ်ကြောင်းလည်း ပါရှိ၏။

ထိုနေ့က သန်လျင်မြို့နယ် ဖလမ်းရွာသစ် (အေးမြသီတာရပ်ကွက်) နှင့်ကပ်လျက် စီမံကိန်းမြေတွင် နေထိုင်ကြသော ဒေါ်အေးမာတို့ မိသားစုသာမက အလွမ်းဆွတ်ရွာဟောင်းနှင့် သီလ၀ါ၊ ဖလမ်း၊ ကရက် စသောကျေးရွာများအနီးရှိ နေအိမ်များစွာတွင် ထိုစာရွက်များကပ်ခဲ့ပါသည်။

“အများက ဖျက်ဆိုတော့ ဖျက်ရုံပဲ။ ကြောက်လို့သာ အိမ်ကိုဖျက်ရမှာ၊ ဘယ်သွားနေရမှန်းမသိဘူး” ဟု သောကများစွာဖြင့် ဒေါ်အေးမာက ဖွင့်ဟသည်။ သီလ၀ါ ဆိပ်ကမ်းတွင် အလုပ်ကြမ်းလုပ်သောခင်ပွန်း ကွယ်လွန်အပြီး သုံးလအကြာ သူတို့၏ ရိပ်မြုံကိုဖယ်ရှားရမည်ဆိုခြင်းက ကြိုတင်မျှော်လင့်ထားခဲ့သော်လည်း သားတစ်ဦး၊ သမီးတစ်ဦး၏မိခင် မုဆိုးမတစ်ဦးအတွက် နွေခေါင်ခေါင် မိုးကြိုးပစ်သံကဲ့သို့ ထိတ်လန့်ဖွယ်။

ရန်ကုန်မြို့ထဲမှ ကားဖြင့်သွားလျှင် တစ်နာရီဝန်းကျင်ဖြင့် ရောက်နိုင်သော သန်လျင်မြို့နယ် သီလ၀ါဆိပ်ကမ်းရှေ့ ကျယ်ပြန့်လှသော မြေကွက်လပ်ကြီးတွင် နိုင်ငံတကာအဆင့် သီလ၀ါအထူး စီးပွားရေးဇုန် ဖော်ထုတ်ရန် အစိုးရက ကြိုးပမ်းနေသည်။ အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက် ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေးဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ် ရှိနေပါသည်။

ကပ္ပလီပင်လယ်အထွက် ရန်ကုန်မြစ်ဝတွင် တည်ဆောက်ထားသော သီလ၀ါဆိပ်ကမ်းအနီး မြေအကျယ် ၂၄၀၀ ဟက်တာပေါ် တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ (ဒေါ်လာသန်း ၁၂၆၀၀ ကျော်)အကုန်အကျခံ၍ ဂျပန်နှင့် မြန်မာတို့ ပူးပေါင်းအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်မှာ မကြာခင် အခြေခံ အဆောက်အအုံများ စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။ သို့သော် ထိုစီမံကိန်း သတ်မှတ်ဧရိယာအတွင်းအလွမ်းဆွတ် ကျေးရွာဟောင်းရှိ နေအိမ်များ၊ ဖလမ်းရွာသစ်၊ သီလ၀ါရွာသစ် (လက်ရှိအမည် ရွှေပြည်သာယာရပ်ကွက်) ကရက်ရွာ (သီတာမြိုင်ရပ်ကွက်)စသော ရွာများအနီးရှိ လူနေအိမ်များ ပါဝင်နေသည်။ ထို့ကြောင့် သက်ဆိုင်ရာက စီမံကိန်းဧရိယာအတွင်း နေထိုင်သူများ ၁၄ ရက်အတွင်း ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်အနေအထားတို့မှာမတူ။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး
ဇုန် တည်ဆောက်မည့်နေရာမှာ ရွာများ ရှိနေသောကြောင့် ထိုရွာများကို ရွှေ့ပြောင်းရခြင်းဖြစ်ပြီး သီလ၀ါမှာ ယခင်ကတည်းက ရွှေ့ပြောင်းထားသော ရွာထဲမှဒေသခံအချို့က စီမံကိန်းနယ်မြေတွင်ပြန်နေထိုင်ကြခြင်းဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်မှာမူ လူနေထိုင်ခြင်းမရှိသော မြေလွတ်၌ တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခင် အစိုးရလက်ထက် လွန်ခဲ့သော ၁၆ နှစ်ကျော်က စက်မှုစီမံကိန်းများ ဆောင်ရွက်ရန်ဟုဆိုကာ အလွမ်းဆွတ်ကျေးရွာအား ရွှေ့ပြောင်းစေခဲ့သည်။ အိမ်တစ်အိမ်အတွက် အစားထိုးနေစရာအဖြစ် သန်လျင်မြို့နယ် အောင်ချမ်းသာကွက်သစ်၌ ပေ ၄၀ x ၆၀ မြေတစ်ကွက်နှင့် ရွှေ့ပြောင်းစရိတ် ၅၀၀၀ကျပ်၊ လျော်ကြေးအဖြစ် လယ်တစ်ဧကလျှင် သီးနှံရှိလျှင် နှစ်သောင်းကျပ်
ပေးခဲ့သည်။ သို့သော် ရွာတွင်မနေဘဲ လယ်ထဲတွင်နေသူ၊ အိမ်ပိုင်ဆိုင်ကြောင်းနှင့် မိသားစုအချက်အလက် မပြည့်စုံသူအချို့မှာမူ အစားထိုးမြေကွက်မရခဲ့ဟု ဒေသခံများက ပြောသည်။

အစိုးရက ဆောင်ရွက်မည်ဆိုသော စီမံကိန်းများ ပေါ်မလာ၍ ရွာခံများက မူလလယ်မြေများကို သက်ဆိုင်ရာ ဌာနအသီးသီးတွင် သီးစားခအဖြစ် လယ်တစ်ဧက စပါးခုနစ်တင်း ပြန်ပေး၍ ဆယ်စုနှစ် တစ်ခုကျော်ကြာ လယ်ပြန်စိုက်နိုင်ခဲ့သည်။ ပေါ်မလာသော စီမံကိန်းများတွင် လယ်ပြန်လုပ်သူများလာသောကြောင့် ရွှေ့ပြောင်းထားသော အလွမ်းဆွတ်ရွာမှာယခုအခါ ယခင်ကဲ့သို့ အိမ်ထောင်စုများစွာဖြင့် စည်ကားနေသည်။
သို့သော် ယခုအကြိမ်တွင်တော့ ထိုရွာတစ်ခုလုံး စီမံကိန်းဗဟိုတွင်ရှိနေ၍ နေအိမ်များ နှစ်ပတ်အတွင်းပြောင်းရန် သက်ဆိုင်ရာ
က အမိန့်ထုတ်ထားသည်။

“ဒီစီမံကိန်းကြီး လုပ်တဲ့အတွက် တို့သားစဉ် မြေးဆက် ဘ၀တွေရင်းပြီး ပေးဆပ်လိုက်ရတာ။ အခုကျတော့ ဘာမှ အကျိုးခံစားခွင့် မပေးဘဲနဲ့ ပြောင်းရမှာဆိုတော့ ဒုက္ခသည်တွေဖြစ်နေတာ။ တို့မှာ ဘာမှမရှိတော့ဘူး။ ငါတို့က ရိုဟင်ဂျာလည်းမဟုတ်၊ ဘင်္ဂါလီလည်း မဟုတ်ဘဲနဲ့ ဒုက္ခသည်ဖြစ်နေပြီ” ဟု ရွှေ့ပြောင်းရန်အမိန့်ကြောင့် အသက် ၆၆ နှစ်အရွယ် အလွမ်းဆွတ်ကျေးရွာသားကြီး ဦးမြလှိုင်က ညည်းတွားသည်။

ဦးမြလှိုင်နှင့် ဒေသခံများအဆိုအရ ယခုအခါ အလွမ်းဆွတ် ကျေးရွာအုပ်စုတွင် အိမ်ခြေ ၇၀၀ ၀န်းကျင် ရှိနေသည်ဟုဆိုသည်။ သို့သော် ထိုရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းကမူ အိမ်ခြေ ၄၂၁ လုံးသာရှိကြောင်း ပြော၏။

ဖလမ်းနှင့် သီလ၀ါကျေးရွာတို့မှာလည်း အလွမ်းဆွတ်ကဲ့သို့ လွန်ခဲ့သော ၁၆ နှစ်ဝန်းကျင်က စက်မှုဇုန်စီမံကိန်းကြောင့် ယခုတည်ရှိရာ ရွာသစ်သို့ ရွှေ့ပြောင်းခဲ့ကြရသည်။ အလွမ်းဆွတ်နှင့် မတူညီသည်က ရွှေ့ပြောင်းစရိတ် နှင့် အစားထိုးမြေကွက် ပေ ၄၀x ၆၀ တစ်ကွက်စီပေးသော်လည်း လယ်မြေများအတွက် လျော်ကြေးမရခဲ့ပါ။

ဖလမ်းရွာဇာတိ ဒေါ်အေးမာတို့ မိသားစုမှာ ရွာသစ်၌ ပေ ၄၀x ၆၀ မြေတစ်ကွက် အစားရသည်။ မိသားစုစီးပွားရေး မပြေလည်၍ မြေကွက်၏တစ်ဝက် ပေ ၂၀x ၆၀ ကို ငါးသောင်းကျပ်ဖြင့် ရောင်းခဲ့ပြီး ကျန်မြေတစ်ခြမ်းကို လွန်ခဲ့သော
၂ နှစ်က တစ်သိန်းခွဲဖြင့် ရောင်းကာ နေစရာမရှိတော့သောကြောင့် ရွာပြင် မြေကွက်လပ်တွင် အိမ်ဆောက်နေခြင်း ဖြစ်သည်။ ခင်ပွန်းကွယ်လွန်စဉ် စက်ရုံမှပေးသော ကရုဏာကြေး ကျပ်သိန်းနှစ်ဆယ်ရသော်လည်း အထူးစီးပွားရေးဇုန် သတင်းကြောင့် မြေဈေးရုတ်တရက်ကြီးကုန်၍ ယခုအိမ်ဖျက်ပါက မြေ၀ယ်ရန် သူ့ငွေဖြင့် ၁၀ ပေပတ်လည်လောက်ပင် မ၀ယ်နိုင်။

“ပြီးခဲ့တဲ့ တစ်နှစ်ကပဲ မြေတစ်ကွက် ပေ(၄၀ x ၆၀) နှစ်သိန်း၊ နှစ်သိန်းခွဲပဲရှိတာ။ အခု မြေတစ်ကွက် သိန်း ၂၀၀၊ ၃၀၀ အချို့လမ်းဘေးမြေတွေဆို ကျပ်သိန်း ၆၀၀ လောက်ရှိတယ်” ဟု ဖလမ်းရွာမှ ဒေါ်ခင်စိန်ကလည်း စီမံကိန်းသတင်းကြောင့် မြို့ပေါ်မှ လာဝယ်သူများ၍ တစ်နှစ်အတွင်း မြေဈေးကြီးသွားပုံကို ပြောသည်။

“စာလာကပ်တဲ့ညက အိပ်လို့တောင် မပျော်ဘူး” ဟု ပထမနှစ်ကျောင်းသူနှင့် ခြောက်တန်းကျောင်းသား မိခင် ဒေါ်အေးမာကဆိုသည်။ သူမကဲ့သို့ ရွာပြင်စီမံကိန်းမြေအတွင်းနေခြင်းကြောင့် ရွှေ့ပြောင်းရမည့်အိမ် ဖလမ်းရွာတွင် ၁၉၁ အိမ်ရှိကြောင်း ဖလမ်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သူက ပြောသည်။

သီလ၀ါရွာတွင်လည်း အကွက်ချပေးထားသည့် ရွာပြင်တွင်အိမ်ဆောက်နေသော နေအိမ် ၁၆၂ အိမ် ဖျက်သိမ်းပေးရမည်
ဖြစ်ကြောင်း သီလ၀ါ အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဆိုသည်။ အလွမ်းဆွတ်ရွာဟောင်းတွင် ၄၂၁ အိမ်၊ ကရက်တွင် ၅၅ အိမ်ရှိ
သောကြောင့် အထက်ပါလေးရွာမှာပင် စီမံကိန်းမြေတွင်နေ၍ ကျူးကျော်ဖြစ်သွားပြီး၊ အိမ်ဖယ်ပေးရမည့် မိသားစု ၈၂၉ ခုရှိသည်။ အခြားရွာများလည်း ကျန်သေးသည်။ ဖလမ်း ရွာသစ်နှင့် သီလ၀ါ ရွာသစ်တို့မှာ စီမံကိန်းနယ်မြေအတွင်း
ရှိသော်လည်း လွန်ခဲ့သော ၁၆ နှစ်မှ ရွာဟောင်းမှ ယခုနေရာသို့ အစားထိုး မြေကွက်ပေးကာ ရွာတည်ထားခြင်းဖြစ်၍ ယခုအကြိမ်တွင် ရွာထဲမှ နေအိမ်များ ရွှေ့ပြောင်းရန် မလိုပေ။

ရေကြောင်းတက္ကသိုလ်၊ ရွှေ့ပြောင်းခဲ့ပြီး ရွာသစ်များ၊ ဘုန်းတော်ကြီးကျောင်းအချို့နှင့် စက်ရုံအချို့မှာ ဇုန်နယ်နိမိတ်အတွင်းရှိသော် လည်း ရွှေ့ပြောင်းစရာမလို။

ထိုဒေသတွင် ရွာဟောင်းနေရာနှင့် ရွာပြင် မြေကွက်လပ်များတွင်နေသောကြောင့် ကျူးကျော်အဖြစ်သတ်မှတ်ခံရသည့်ဒေသခံ
များမှာ ရွာသစ်ပြောင်းရွှေ့စဉ် မြေကွက်မရသောကြောင့်၊ အစားထိုးရသော မြေကွက်ကိုရောင်းပြီး မြေလွတ်တွင် သွားနေသောကြောင့်၊ ရွာထဲတွင် အစားထိုးပေးသော မြေရှိသော်လည်း ရွာပြင် စီမံကိန်းမြေ၌ အိမ်ထပ်ဆောက်နေသောကြောင့်၊ အိမ်ထောင်ကျ၍တစ်အိုး တစ်အိမ်ထူထောင်သောကြောင့် ရွာပြင်စီမံကိန်းမြေတွင် အိမ်ဆောက်နေကြခြင်းဖြစ်ပါသည်။ အခြား
ကျေးရွာမှ လာနေသော မိသားစုအချို့လည်း ရွှေ့ပြောင်းရမည့် စာရင်းတွင်ပါကြောင်း ဦးအေးလွင်က ပြောသည်။

အစားထိုးမြေကွက်ပေးကာ ရွှေ့ပြောင်းပေးထားသော ဒေသခံများက စီမံကိန်းနယ်မြေတွင် ပြန်နေသောကြောင့် ၎င်းင်းတို့အား
ဖယ်ရှားခိုင်းခြင်းမှာ အစိုးရအတွက် ဥပဒေအရ မမှားသော်လည်း ဆင်းရဲသော လယ်သမားများ အရမ်းဒုက္ခမများအောင် စဉ်း
စားစီစဉ်ပေးလျှင် အဆင်ပြေနိုင်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။

“ဥပဒေအရ လုပ်ပေးစရာမလိုဘူး။ ဒါပေမဲ့ လူမှုရေးအရ လုပ်ပေးသင့်တယ်။ လုပ်ပေးသင့်တယ်ဆိုပြီးတော့ သူတို့က မတန်တဆ တောင်းမှာ စိုးရိမ်တယ်။ မတန်တဆတောင်းရင် လုပ်ငန်းရှေ့ဆက်မသွားနိုင်ဘဲနဲ့ စီမံကိန်းကြန့်ကြာ သွားနိုင်တယ်” ဟု ၎င်းက ဆက်ပြော၏။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း “ပြည်သူတွေဘက်က ဥပဒေနဲ့မညီတာ ရှိကောင်းရှိနိုင်တယ်။ ဥပဒေနဲ့ မညီတိုင်း အကုန်လုံးကို လက်လွတ်စပယ် လုပ်လို့မရဘူး။ စည်းကမ်းနဲ့ မညီတိုင်း သိမ်းကျုံးအပြစ်ပေး၊ အရေးယူရမှာမဟုတ်ဘူး။ ဒါက တကယ့်မှုခင်းတွေ ကျူးလွန်နေတာမဟုတ်ဘူး” ဟုဆိုသည်။

ဤတွင် ဒေသခံလယ်သမားများဘက်က ထောက်ပြလာသည်က လွန်ခဲ့သော ၁၆ နှစ်ကျော်က စီမံကိန်းများကြောင့် ရွာများပြောင်းရွှေ့စဉ် ထိုက်တန်သောနစ်နာကြေးမရခဲ့ဟုဆိုလာသည်။ အစိုးရအတွက်လည်း ထောက်ပြရန်ရှိသည်က ယခင်အစိုးရလက်ထက်တွင် တစ်သွေး၊ တစ်သံ၊ တစ်မိန့် ပစ်စလက်ခတ်လုပ်ခဲ့သော စီမံကိန်းများစွာရှိသည့်အထဲ သီလ၀ါစီမံကိန်းအတွက် လယ်သမားများကို အစားထိုးမြေနှင့် ရွှေ့ပြောင်းစရိတ်ပေးထားသော စီမံကိန်းဖြစ်ပြီး ယခင်အစိုးရလုပ်ခဲ့သမျှ ကိစ္စတိုင်းကို ပြန်လည်ဖြေရှင်းနေရပါက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရှေ့ဆက်ရမည်မဟုတ်ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုပြန်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာ-ဂျပန် ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းဖြစ်၏။ အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ဂျပန်ကုမ္ပဏီများအပြင် ဥရောပနှင့် အမေရိကန်မှ ကုမ္ပဏီများ၊ တရုတ်၊ စင်ကာပူ စသောနိုင်ငံစုံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း သိန်းနှင့်ချီ၍ ဖော်ထုတ်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ဒုဝန်ကြီးဦးဆက်အောင်က ပြောသည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်” ဟု ဂျပန်ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော မစ္စတာကာရိုအာဆိုက သီလ၀ါဇုန်ကို လေ့လာပြီးစဉ်က ပြောခဲ့သည်။ မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၂၆၀ ကျော် ရင်းနှီးမြှုပ်နှံထားသောဂျပန်တို့မှာ ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်တော့မည်ဖြစ်
သည်။ ထူးခြားမှုမှာသီလ၀ါ စီမံကိန်းမစတင်မီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုတင်စုံစမ်းထောက်လှမ်းအစီရင်ခံစာ (EIA) ကိုဂျပန်တို့က ၎င်းတို့၏မူအတိုင်း မဖြစ်မနေ ဆောင်ရွက်ခိုင်းထားသည်။

ထိုဇုန်တွင် နည်းပညာမြင့်သော စက်မှုလုပ်ငန်းများ၊ အလုပ်သမားများစွာ အလုပ်ပေးနိုင်သော လုပ်သားအခြေပြုလုပ်ငန်းများ ပိုမိုလာရောက်စေလိုကြောင်း ဦးဆက်အောင်က ဆိုသည်။

စီမံကိန်းမဆောင်ရွက်မီ EIA အတွက် ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် အခြေခံ အဆောက်အအုံများကို စတင်တည်ဆောက်မည်ဖြစ်သည်။ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ရန် စီစဉ်နေပြီး ဂျပန်ဘက်မှ ဂျပန်အစိုးရအပြင် ကုမ္ပဏီကြီး
သုံးခုဖြစ်သော မီဆူဘီရှီ၊ ဆူမီတိုမို၊ မာရုဘီနီတို့က ပါဝင်မည်ဖြစ်သည်။ ထိုကုမ္ပဏီတို့က အခြေခံအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းအပြင် ဇုန်အတွင်း ၎င်းတို့စက်ရုံများကိုပါ တည်ဆောက်လုပ်ကိုင်ကြမည် ဖြစ်သည်။

“စက်တင်ဘာမှာ ဆောက်လုပ်ရေးတွေစမယ်ဆိုပေမယ့် ၂၀၁၃ မှာပဲ ဇုန်ထဲက မြေကွက်တွေကို စပြီးရောင်းလို့ရနေပြီ။ ရင်းနှီးမြှုပ်နှံသူတွေက အဓိကဥရောပက ဒီမှာလုပ်ချင်လို့ တော်တော်ကြီးကို ကမ်းလှမ်းနေပြီ။ ဇုန်မြေ ရောင်းလိုက်ပြီးရင် သူတို့စက်ရုံဆောက်ပေါ့။ အခြေခံအဆောက်အအုံလည်း ဆောက်မယ်။ သူတို့ (မြေ၀ယ်ထားသော ပြည်ပရင်းနှီး မြှုပ်နှံသူ) စက်ရုံလည်း တစ်ပြိုင်နက်တည်းဆောက်မယ်။ သူတို့ စက်ရုံပြီးတဲ့အချိန်နဲ့ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံတွေ ပြီးတဲ့အချိန် တစ်ပြိုင်နက်တည်းလိုလိုဖြစ်မှာပေါ့။ အဲဒီတော့ ၂၀၁၅ မှန်းပါတယ်။ ၂၀၁၅ မှာ စက်ရုံတွေ တော်တော်များများ အပြိုင်အရိုင်းပေါ်လာပြီး လုပ်ငန်းစနိုင်မှာပါ” ဟု ဦးဆက်အောင်က စီမံကိန်းအကြောင်း ရှင်းပြသည်။

သီလ၀ါအထူးစီးပွားရေးဇုန်မှာ နိမ့်ကျနေသော မြန်မာ့စီးပွားရေးအတွက် အရေးပါသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီး တည်ဆောက်မည့် စီမံကိန်းက မြို့ပေါ်နှင့် ဆင်ခြေဖုံးများရှိ အလုပ်လက်မဲ့နှုန်း လျော့ကျအောင် ကူညီနိုင်သည်။

“ဒီစီမံကိန်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။ စီးပွားရေးဦးမော့လိုဖို့ တစ်ခုကောင်း၊ နှစ်ခုကောင်း လုပ်ရတာလည်းရှိတယ်။ ဒီစီမံကိန်းမှာ လာရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ တစ်နိုင်ငံလုံး ဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် အကြံဉာဏ်ကောင်းတွေ ရနိုင်တယ်” ဟု မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်စင်တာ ဒါရိုက်တာတစ်ဦး ဖြစ်သော ဒေါက်တာဇော်ဦးက ပြောသည်။ ထိုဇုန်တွင် နိုင်ငံတကာ ကုမ္ပဏီများ လာရောက်လုပ်ကိုင်ရန် အခွန်လျှော့ချပေးထား မည်ဖြစ်ပြီး ၎င်းတို့လာရောက်လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်၊ နည်းပညာနှင့် အတွေ့အကြုံများစွာရမည်ဟုလည်း ဆက်ပြောသည်။

သို့သော် ဒေါ်အေးမာနှင့် ဦးမြလှိုင်တို့ကဲ့သို့ ဒေသခံများအတွက် စီးပွားရေးဇုန်မှာ ပေါ်လာမည့် အလုပ်အကိုင်များကို မမျှော်လင့်
ရဲ။ ယခင်အစိုးရလက်ထက် သီလ၀ါတွင် စက်မှုဇုန်များ ဆောက်မည်ပြောပြီး အရေအတွက် အနည်းငယ်သာ ဆောက်သော စက်ရုံတို့တွင် အောက်ခြေ၀န်ထမ်းမှာပင် ရှစ်တန်းအောင်ပြီးသူများခေါ်သောကြောင့် ဒေသခံအချို့ စက်ရုံလုံခြုံ
ရေးနှင့်သန့် ရှင်းရေးသာရသည်ဟု ဦးမြလှိုင်ကဆို၏။

“နေရာထိုင်ခင်းရရင် တော်ပါပြီ” ဟု ဒေါ်အေးမာက သူ့ဆန္ဒကိုဖွင့်ဟသည်။

ဦးမြလှိုင်နှင့် အလွမ်းဆွတ် ကျေးရွာသားများကလည်း ပြောင်းရွှေ့ရမည့်အထဲ မပါဝင်သော ရွာမှ ဘုန်းတော်ကြီးကျောင်းအနီး မြေပေါ်တွင် အကွက်ချပေးစေလိုကြသည်။ သီးစားခပေး၍ လုပ်နေသော လယ်များအတွက်လည်း အကျိုးခံစားခွင့်တစ်စုံတစ်ရာပြန်ပေးရန် သူတို့မျှော်လင့်နေသည်။

စီမံကိန်းများကြောင့် ပြည်သူများမနစ်နာရန် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပြည်သူများကလည်း အခွင့်အရေး ပိုတောင်း သည်မျိုး မဖြစ်ရန်လိုကြောင်း စီးပွားရေးနှင့်ဖွံ့ဖြိုးရေးပညာရှင် အချို့ကအကြံပြုသည်။

အစိုးရသစ်လက်ထက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ယခင်အစိုးရလက်ထက်က ချန်ရစ်ခဲ့သော ပြဿနာများစွာကြောင့် ရှေ့မဆက်နိုင်ဘဲ ပြန်ဖြေရှင်းနေရသည်ကများသည်

“လောလောဆယ် ကြုံတွေ့နေရတဲ့ ပြဿနာက အသွင်ကူးပြောင်းရေးကာလမှာမို့လို့ ယဉ်ပါးမှုမရှိတဲ့အတွက် ညှိနှိုင်းဆောင်ရွက်တာ အားနည်းနေတာကြောင့်ပါ။ ဒါကိုဖြေရှင်းဖို့ Cooperation (ပူးပေါင်းဆောင်ရွက်ခြင်း)အားနည်းတာ ညှိနှိုင်းဆောင်ရွက်တာ အားနည်းတာကြောင့် ကွာဟချက်ဖြစ်နေတာပါ။ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်လည်း Capacity (လုပ်နိုင်စွမ်း) တွေ မရှိကြတဲ့အတွက် ပြဿနာတွေ ကြုံနေတာပါ။ ညှိရမဲ့လူတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းကလည်း အားနည်းနေတဲ့အပိုင်းရှိတယ်။ ဒါတွေအားလုံး အချိန်ယူ ဖြေရှင်းရင်ရပါတယ်” ဟု ဒေါက်တာဇော်ဦးက သုံးသပ်သည်။

ယခင် အစိုးရလက်ထက်က စနစ်ဟောင်းကိုပင် စနစ်သစ်ဖြင့် အစားထိုးနိုင်ပြီဖြစ်သောကြောင့် ယခုပြဿနာမှာအားလုံးအတွက် ရလဒ်ကောင်း ထွက်အောင်မဖြေရှင်းနိုင်သောပြဿနာမဟုတ်။

“တစ်ဖက်နဲ့တစ်ဖက် ညှိကြမယ်။ ထိန်းညှိပေးမယ်။ ဥပဒေစိုးမိုးရေးဟာ အရေးကြီးပေမယ့် လူတွေ လုပ်လို့မရတဲ့အထိ အကန့်အသတ်မဖြစ်အောင် ညှိပေးဖို့လိုတယ်။ ညှိနှိုင်းဆောင်ရွက်တဲ့အပိုင်းမှာ ပွင့်လင်းမြင်သာမှုက အလွန်အရေးကြီးတယ်” ဟု ပြဿနာများ ဖြေရှင်းနိုင်မည့်နည်းလမ်းကို ဒေါက်တာဇော်ဦးက အကြံပြုလေသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
ရေးသားသူ- အားမာန်
7DaysNewsJournal 

No comments:

Post a Comment