Wednesday, February 6, 2013

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

လွှတ်တော်တွင်း မြင်ကွင်း (ဓာတ်ပုံ – Getty Images)
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောဆိုလိုက်သည်။




နေပြည်တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ထိခိုက် နစ်နာနေသော ပြည်သူများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် တည်ဆဲဥပဒေများ ကို ပြန်လည် သုံးသပ်ပြီး အပ်နှင်းထားသော အာဏာကို အလွဲသုံးစား ပြုခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ် ပေးမည့် အထူးဥပဒေ တရပ် ပြဋ္ဌာန်းပေးပါရန် တိုက်တွန်းကြောင်း” အဆို တင်သွင်းမှုအပေါ် ဦးထွန်းထွန်းဦးက အထက်ပါ အတိုင်း တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ အရ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရဟု ဖော်ပြထားပြီး ပြဋ္ဌာန်းရန် ကြိုးစားမှုများသည် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။
“အပ်နှင်းထားတဲ့ အာဏာကို အလွဲသုံးစားပြုပြီး ဆောင်ရွက်ခဲ့တဲ့ သူတွေကို အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းဖို့ ကိစ္စကတော့ အဲဒီကာလက အာဏာကို အမှန်တကယ် အလွဲသုံးစား ပြုခဲ့ရင်တောင်မှ အဲဒီအချိန်က ရှိရင်းစွဲ ဥပဒေအရသာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုကာလမှာ အရေးယူနိုင်ဖို့ ဥပဒေ တရပ်ပြဋ္ဌာန်းမယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ မှာပါတဲ့ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့်မရှိစေရဆိုတဲ့ အချက်နဲ့ ဆန့်ကျင်မှာဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ အာဏာအလွဲသုံးစား ခဲ့သူများကို နောက်ကြောင်းပြန် အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်ကိစ္စ မပြောဆိုသင့်တော့ဘဲ နိုင်ငံသားများ၏ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း စောင့်ရှောက်နိုင်ရေးသည် အရေးကြီးကြောင်း ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကမူ ဦးသိန်းညွှန့်၏ အဆိုသည် ရှင်းလင်းမှု မရှိဘဲ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော ပြစ်မှုများ အလိုက် ပြန်လည်အရေးယူနိုင်မည့် ဥပဒေ ပြဋ္ဌာန်းသကဲ့သို့ ဖြစ်နေသည့်အတွက် ရှု့ပ်ထွေးမှုများ ရှိစေသည်ဟု ပြောသည်။
“တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလို့ လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့ မရဘူးဆိုတာ အားလုံး နားလည်ထားတာပဲ။ တရားဝင်လည်း ပြဋ္ဌာန်းချက် ရှိထားပြီးသားပဲ။ အခုကတော့ ရှေ့နေချုပ်ကိုယ်တိုင်က ဒါကို ပေါ်ပေါ်တင်တင် ထပြောလာတာဆိုတော့ ပိုပြီး ထင်သာမြင်သာရှိလာတယ်” ဟု ၎င်းက ဆိုသည်။
အာဏာ အလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူနိုင်သော ဥပဒေ ပြဋ္ဌာန်းခွင့်မရှိသကဲ့သို့ အာဏာ ရှိခဲ့သူများ၏ လုပ်ကိုင် ဆောင်ရွက်မှုများ အပေါ်လည်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြ ပါရှိသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက် ပုဒ်မ ၄၄၅ တွင် အစိုးရသစ်သည် ယခင်အစိုးရ ထုတ်ပြန်ထားသည့် မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံရမည်ဖြစ်ပြီး ယခင်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ဦးသိန်းညွှန့် တင်သွင်းသော အဆိုနှင့်ပတ်သက်ပြီး အာဏာအလွဲသုံးစား ခဲ့သူများ အရေးယူရန် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ်သွားမည်ဟု   ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းနှင့် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ပြောဆိုသည်။
ဧရာဝတီ

No comments:

Post a Comment