Friday, February 8, 2013

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ

ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အား ကို မြဝတီမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီက မြဝတီမြို့မှာ ဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။

လျှပ်စစ်မီး ဖြန့်ဖြူးရောင်းချဖို့ သဘောတူလက်မှတ်ထိုးပွဲကို မနေ့မနက်ပိုင်းက မဲဆောက်မြို့CENTARA ဟိုတယ်မှာ ကျင်းပခဲ့ရာမှာ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး၊ ထိုင်းအစိုးရလျှပ်စစ်ဌာန ဥက္ကဌနဲ့ တာဝန်ရှိသူတွေ အပါအဝင် National Grip Line ကုမ္ပဏီိပိုင်ရှင် ဒေါ်သင်းသင်းမြတ်တို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

မြဝတီမြို့မှာ လျှပ်စစ်ဓါတ်အားရောင်းချရေးနဲ့ ပတ်သက်ပြီး ဒေါ်သင်းသင်းမြတ် က အခုလိုပြောပါတယ်။

“အခုဒီနေ့ထိုးတဲ့ လက်မှတ်ပွဲဟာ ကိုယ့်တိုင်းပြည် ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်စားလာပြီး ဆောင်ရွက်ရတယ်ဆိုတာ ဒါဂုဏ်ယူဝမ်းမြောက်စရာ ကောင်းတဲ့အလုပ်ပါ၊ မြဝတီမြို့ဟာ အရင် ၄.၅ မဂ္ဂါဝပ် သုံးထားတဲ့နေရာမှာ အခု ၆ မဂ္ဂါဝပ် ပေါ့နော်၊ ရွှေကုက္ကို က အရင်တုန်းက ၁ မဂ္ဂါဝပ်နဲ့ ပေးထားတာဖြစ်တယ်၊ ဒီစာချုပ်မှာ ၂ မဂ္ဂါဝပ် တိုးတောင်းထားတယ်၊ ထိုင်းလျှပ်စစ်ဌာနကနေ အခုဒီနေ့ဆိုရင် ခွင့်ပြုပြီဖြစ်တဲ့အတွက် ကျမတို့ဒေသမှာ မီးအားကောင်းကောင်းနဲ့ လုပ်ပေးနိုင်တော့မှာဖြစ်တာပေါ့”

လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ထိုင်းအစိုးရ လျှပ်စစ်ဌာန တာဝန်ရှိသူက ထိုင်းအစိုးရ လျှုပ်စစ်ဌာနအနေနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ မြဝတီ ၊ ကန်ချနဘူရီကနေ ဘုရားသုံးဆူ၊ မယ်ဆိုင်ကနေ တာချီလိတ် စတဲ့ ဒေသတွေအပါအဝင် ထိုင်း-မြန်မာနယ်စပ် ၅ နေရာအတွက် လျှပ်စစ်မီးရောင်းချပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို ထိုင်းဘက်က လျှပ်စစ်ဓါတ်အားရောင်းချရာမှာ သဘောတူသတ်မှတ်ထားတဲ့ ဈေးနှုန်းကို အသေအချာမသိရပေမယ့်၊ မြဝတီဘက်မှာတော့ အပိုင်း ၂ ပိုင်းခွဲပြီး အပိုင်း ၁ မြဝတီမြို့တွင်းပိုင်းကို လျှပ်စစ်မီး တစ်ယူနစ် ဘတ်ငွေ ၄ဘတ် ပြား ၃ဝ နှုန်း၊ အပိုင်း ၂ ရွှေကုက္ကို၊ ဝှေ့ရှမ်းနဲ့ သင်္ကန်းညီနောင်ဘက်ကိုတော့ တစ်ယူနစ် ၄ဘတ် ပြား ၅ဝ နှုန်းနဲ့ ရောင်းချမှာဖြစ်တယ်လို့ မြဝတီကုန်သည်ကြီးများအသင်း ဥက္ကဌ၊ National Grip Line ကုမ္ပဏီပိုင်ရှင် ဒေါ်သင်းသင်းမြတ် က ပြောကြားခဲ့ပါတယ်။
RFA

No comments:

Post a Comment