Tuesday, February 19, 2013

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း


2.19.1ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင် သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာတို့၏ ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ် ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက သိမ်း ဆည်းပေးထားသော ဘဏ်ငွေစာရင်းများ၊
ခရက်ဒစ်ကတ်များနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွန်ဘိုင်းသို့ ရောက်ရှိနေပြီး အိန္ဒိယနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်ဖြစ်ရာ ယင်းသည် အိန္ဒိယနိုင်ငံနှင့် အထူးဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ်၏ အခြေခံအုတ်မြစ်ကို ဖွဲ့စည်းဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးသည် စီးပွားရေးမြို့တော် မွန်ဘိုင်းနှင့် နည်းပညာဆိုင်ရာ မြို့တစ်မြို့ဖြစ်သော ဘန်ဂလိုအကြား ဆက်သွယ်မည့် မိုင် ၆၀၀ ရှည်လျားသည့် လမ်းဖောက် လုပ်မှုအတွက်လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီရေး စာချုပ်တွင် ဗြိတိန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တရုတ်နိုင်ငံမှ ပြုလုပ်နေသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် လုပ်ငန်းဆိုင်ရာ ဟက်ကင်းပြုလုပ်နေမှုများကို ယှဉ်ပြိုင် နိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သဘောတူညီချက် ပါဝင်သည်။ ဆိုက်ဘာပြစ်မှုများကြောင့် ဗြိတိန်နိုင်ငံသည် နှစ်စဉ် ငွေကြေး စတာလင်ပေါင် ၂၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ ဘီလျံ) ဆုံးရှုံးနေရပြီး မိသားတစ်စုလျှင် ဆုံးရှုံးရမှု တန်ဖိုးသည် စတာလင်ပေါင် ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၀၀) ရှိကြောင်း သိရသည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုအဖြစ် အိန္ဒိယမှ ကွန်ပျူတာ ပညာရှင်များကို ဗြိတိန်နိုင်ငံတွင် လေ့ကျင့်ပေးမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ ဆိုက်ဘာကျွမ်းကျင် ပညာရှင်များသည် ဧပြီလတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ကာ ဗြိတိန်နိုင်ငံသားများ၏ အချက်အလက်များကို ကာကွယ်ရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ၄င်းအပြင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့သည်လည်း ကျွမ်းကျင်မှုချင်း ဖလှယ်ကြမည် ဖြစ်သည်။
ဒေးဗစ်ကင်မရွန်းက မွန်ဘိုင်းမြို့ရှိ Unlever ကုမ္ပဏီဝန်ထမ်းများအား တွေ့ဆုံကာ ဗြိတိန်နှင့် အိန္ဒိယတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ၂၁ ရာစုအတွက် အမှန်တကယ်ပင် အထူးဆက်ဆံရေးတစ်ရပ် ဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။
ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာပင် ဒေလီမြို့သို့ သွားရောက်ကာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ သူသည် ထုတ်လုပ်ရေး၌ ဗြိတိန်နိုင်ငံ အနေဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင်သော Eurofighter Typhoon ဂျက်လေယာဉ်များကို အိန္ဒိယနိုင်ငံမှ တိုးမြှင့်ဝယ်ယူစေရေးကို ဆွေးနွေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ယင်းဂျက်လေယာဉ်များကို ဗြိတိန်၊ ဂျာမနီ၊ စပိန်နှင့် အီတလီနိုင်ငံများက ပူးတွဲထုတ်လုပ်ခြင်း ဖြစ်သည်။
ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်းဒ်သည် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိဘဲ အိန္ဒိယနိုင်ငံမှ ပြန်လာခဲ့ရပြီးနောက် ဗြိတိန်နိုင်ငံသည် ၄င်းအနေဖြင့် ရှယ်ယာ စတာလင်ပေါင် ၆ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလျံ) ရရှိမည့် အိန္ဒိယနိုင်ငံ လေတပ်သို့ တိုက်လေယာဉ် ၁၂၆ စင်း ဖြည့်တင်းပေးရေး စာချုပ်ကို ပြန်လည် အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
Ref: Daily mail
EMG

No comments:

Post a Comment