Monday, February 4, 2013

ရထားတိုက်မှု၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်စဉ်များ မြို့ပတ်ရထားနှင့် နေပြည်တော်-မန္တလေး အမြန်ခရီးစဉ် လမ်းပိုင်းများတွင် အများဆုံး ဖြစ်ပွား၊ နှစ်နှစ်အတွင်း သေဆုံးသူ ၂၀၀ ကျော် ရှိခဲ့


2.4.5ရန်ကုန်မြို့အတွင်းပြေးဆွဲနေသောရထားခရီးစဉ်တစ်ခုမြင်ကွင်း
ရထားတိုက်မှု၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသည့် ဖြစ်စဉ်များကို မြို့ပတ်ရထား ခရီးစဉ်လမ်းပိုင်း များနှင့် နေပြည်တော်-မန္တလေး အမြန်ခရီးစဉ် လမ်းပိုင်းများတွင် အများဆုံး ဖြစ်ပွားနေပြီး နှစ်နှစ် အတွင်း သေဆုံးသူဦးရေ ၂၀၀ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ
ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမိုးက ''ရထားက လူကို ကြိတ်မိတဲ့ ဖြစ်စဉ်တွေ၊ ရထားကလူကို တိုက်မိတဲ့ ဖြစ်စဉ်တွေ အများအပြား ဖြစ်နေတဲ့အတွက် နယ်မြေအလိုက် တာဝန်ရှိသူတွေကို ချထားပြီး ဘူတာရုံတွေ ရထားပေါ်တွေမှာ ခရီးသည်တွေနဲ့ ပတ်ဝန်းကျင် လူထုကို သတိထားစေဖို့ အသိပေးမှုတွေ ဆောင်ရွက်သွားမယ်'' ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အများစုသည် ညအချိန်များတွင် အရက်သေစာ သောက်စားမူးယစ်ကာ ရထားသံလမ်းပေါ် ထိုင်နေခြင်း၊ အိပ်နေခြင်း၊ အချိန်မတော် စုံတွဲများ ထိုင်နေခြင်းများကြောင့် လည်းကောင်း၊ နယ်မြို့များတွင် ကျွဲနွားများ ကျောင်းနေရင်း လွတ်မည်ထင်၍ ရထားလမ်းကို ဖြတ်ကူးခြင်းတို့မှ ယခုဖြစ်စဉ်များ ဖြစ်ပွားရသည်ဟု ၎င်းက သုံးသပ် ပြောကြားသည်။
ရထားတိုက်မိမှုကြောင့်၂၀၁၁ ခုနှစ်အတွင်း သေဆုံးသူ ကျား ၈၆ ဦး၊ မ ၉ ဦး၊ ဒဏ်ရာရရှိသူ ကျား ၂၅ ဦး၊ မ ၃ ဦးတို့ ရှိခဲ့ပြီး ရထားပေါ်မှ ပြုတ်ကျသေဆုံးသူ ဦးရေမှာ ကျား ၁၃ ဦး၊ မ ၃ ဦး၊ ဒဏ်ရာရရှိသူ ကျား ၂၃ ဦး၊ မ ၆ ဦးတို့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ကျား ၇၂ ဦး၊ မ ၆ ဦးနှင့် ဒဏ်ရာ ရရှိသူ မ ၁၁ ဦး၊ ကျား ၂၇ ဦး၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသူ ကျား ၁၁ ဦး၊ မ တစ်ဦးနှင့် ဒဏ်ရာရရှိသူ ကျား ၁၅ ဦး၊ မ ၅ ဦးတို့ ရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ရထားတိုက်မှု ဖြစ်စဉ်များနှင့် ကြိတ်မှုဖြစ်စဉ်များအပြင် ရထား ဂိတ်တံတားများတွင် ယာဉ်အချို့က ရထားအား မစောင့်ဆိုင်းဘဲ ဖြတ်သန်းနေမှုကြောင့် ယာဉ်နှင့် ရထား တိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ယင်းသို့ ရထားတိုက်မှု၊ ရထားပေါ်မှ ပြုတ်ကျသည့်ဖြစ်စဉ် အများအပြား ဖြစ်ပွားနေသည့် အတွက် ဘူတာရုံများတွင် သတိပေး ဆိုင်းဘုတ်များ တပ်ဆင်သွားမည် ဖြစ်ပြီး ရထားပေါ်များတွင် အသံချဲ့စက်များဖြင့် ပညာပေး အသိပေးသွားမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရထားခရီးစဉ် မိုင်ပေါင်း ၃၆၄၈ ဒသမ ၁၁ မိုင်၊ သံလမ်းမိုင်ပေါင်း ၄၇၇၁ ဒသမ ၂၂ မိုင်၊ တံတားပေါင်း ၁၁၆၅၀ စင်း နှင့် ဘူတာရုံပေါင်း ၉၂၆ ခုရှိကြောင်း အဆိုပါဌာနမှ သိရသည်
EMG

No comments:

Post a Comment