Monday, February 11, 2013

အမေရိကန် CIA အား ကမ္ဘာတစ်ဝန်းမှ အစိုးရ ၅၄ ခုက အကူအညီများ ပေးလျက်ရှိ

 cia
အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA)၏ လုပ်ငန်းများအတွက် အကူအညီပေးနေသည့် ကမ္ဘာ့နိုင်ငံ အစိုးရပေါင်း (၅၄)ခုထိ ရှိနေကြောင်း သိရှိရသည်။ တရားရေး ထောက်ခံမှု အဖွဲ့အစည်း တစ်ခုက အင်္ဂါနေ့က ထုတ်ပြန်ကြေညာမှုတွင် မသင်္ကာသူများကို အကြမ်းပတမ်း ကိုင်တွယ် စစ်ဆေးမှုများ အပါအဝင် CIA၏
လုပ်ဆောင်ချက်များအပေါ် ကူညီပံ့ပိုးနေသည့် နိုင်ငံ (၅၄)ခုထိ ရှိနေကြောင်း အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ Open Society ဖောင်ဒေးရှင်းက အမေရိကန် သမ္မတ ဂျော့ဘုရှ်လက်ထက်၊ (၂၀၀၁)ခုနှစ်၊ စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်ကြီးနောက်ပိုင်း CIAကို အကူအညီ ပေးလာသည့် ကမ္ဘာ့နိုင်ငံ အရေအတွက် တိုးပွားလာကြောင်း ဖော်ပြခဲ့သည်။


ဘုရှ်သည် အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူများကို CIA၏ မဟာမိတ် နိုင်ငံများတွင် တစ်စုံတစ်ရာ တရားဥပဒေကြောင်းအရ ဖြေရှင်းမှု မရှိဘဲ လွှဲပြောင်းခြင်းမျိုးများ ပြုလုပ်နိုင်ရန် ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။ Open Societyက နိုင်ငံပေါင်း (၅၄)ခုမှ အစိုးရများသည် CIA၏ ကွန်ရက် စနစ်ကြီးကို လည်ပတ်နေစေရန်အတွက် ထောက်လှမ်းရေး သတင်းအချက်အလက်များ ပေးအပ်ခြင်း၊ မသင်္ကာသူများကို ညှင်းပန်းနှိပ်စက် စစ်ဆေးခြင်း၊ လေပိုင်နက် အသုံးပြုခွင့်ပေးခြင်း အစရှိသည့် လုပ်ရပ်များဖြင့် အထောက်အကူ ပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

CIAသည် အာဖဂန်နစ္စတန်၊ အီဂျစ်၊ ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျ အစရှိသည့် နိုင်ငံများမှ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများကို ဖမ်းဆီး ခေါ်ယူရာတွင် အထောက်အပံ့ နိုင်ငံများထံမှ အကူအညီကို နည်းလမ်းစုံ အသုံးပြုခဲ့သည်။ CIA၏ မဟာမိတ် စာရင်းတွင် ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ တူရကီနှင့် ထိုင်းတို့ ပါဝင်နေသလို (၂၀၀၃)ခုနှစ်က ဆာ့ဒ်မီမွန်ကို CIAက ဖမ်းဆီးမှုတွင် တောင်အာဖရိက အစိုးရကလည်း တစ်စိတ် တစ်ဒေသ ကူညီခဲ့ကြောင်း Open Societyက ဖော်ပြခဲ့သည်။

မီမွန်သည် Wall Streetဂျာနယ် သတင်းထောက် ဒန်နီရယ်လ်ပါးလ်ကို သတ်ဖြတ်မှုတွင် သံသယရှိခြင်း ခံခဲ့ရသည်။ ၎င်းသည် (၂၀၀၇)ခုနှစ်တွင် ပါကစ္စတန်သို့ ပြန်လည် လွတ်မြောက်လာပြီး မကြာမီမှာပင် သေဆုံးသွားသည်။ အံ့ဩစရာ အချက်မှာ အမေရိကန်၏ မဟာရန်သူ အီရန်သည်လည်း ယခုစာရင်းတွင် ပါဝင်နေခြင်းဖြစ်ပြီး CIAထံသို့ တီဟီရန် အခြေစိုက် အစိုးရက အနည်းဆုံး သံသယ တရားခံ (၁၀)ဦးမျှ လွှဲပေးခဲ့ကြောင်း သိရသည်။ အများစုမှာ အာရပ်များဖြစ်ပြီး အာဖဂန် အစိုးရက CIAအတွက် အီရန်နှင့် ကြားဝင် ချိတ်ဆက်ပေးခဲ့ကြောင်း Open Society၏ စာရင်းတွင် ထည့်သွင်းမှတ်ချက်ပြုထားသည်။

Source: Channel NewsAsia
planet.com.mm

No comments:

Post a Comment