Friday, February 1, 2013

KIO နဲ့ အစိုးရ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်ဖို့ နီးစပ်လာ

ကချင်ပြည်နယ် ကျယ်ယန်ကျောင်း စာသင်ခန်းနားမှာ ဗုံးခိုကျင်းလည်း တူးထားရတယ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)


ကချင်ပြည်နယ်အတွင်း တိုက်ခိုက်နေကြသည့် စစ်ပွဲများနှင့် ပတ်သက်၍ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် နီးစပ်လာပြီဖြစ်ကြောင်း နှစ်ဖက် သဘောထားများအရ သိရှိရသည်။

KIO က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော သဘောထားထုတ်ပြန်ချက် ၇ ချက်ထဲတွင် “KIO သည် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း အစဉ်ပြောဆိုခဲ့သည့်အတိုင်း လိုအပ်သော ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု ပါရှိသည်။
KIO အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများ၊ နိုင်ငံများအား ကူညီဆောင်ရွက် ပေးနိုင်ရန် အကူအညီ တောင်းခံသွားမည်ဖြစ်သကဲ့သို့ မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နွှဲခြင်းများအား ရပ်ဆိုင်းပါက KIA မှလည်း ပြဿနာ ဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIO ၏ ထုတ်ပြန်ချက် ထွက်ပေါ်မီ ယနေ့ မနက်ပိုင်းက သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်း ရေဒီယိုများမှ တဆင့် ပြောကြားသည့် မိန့်ခွန်းထဲတွင် “အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျနော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်” ဟု ထည့်သွင်းပြောဆိုထားသည်။
KIO ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က “ထုတ်ပြန်ကြေညာချက် အပိုဒ် ၅၊ ၆၊ ၇ ပါ အချက်များနဲ့ ပတ်သက်ပြီး ဒီအချက်များဟာ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ယခင်ကတည်းက ထုတ်ပြန်ကြေညာပြီး ကြိုးပမ်းဆောင်ရွက်နေတဲ့ အချက်များဖြစ်တဲ့အတွက် KIO ဘက်က အလားတူ ထုတ်ပြန်ကြေညာမှုအပေါ် ကြိုဆိုပါတယ်” ဟု ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် တရားဝင် တုံ့ပြန်ထားသည်။
KIO က ကချင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ နေရာအချို့တွင် ဖြစ်ပွားလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ သဘောထား တင်းမာမှုများကို ရှောင်လွှဲလိုသောကြောင့် ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က သတင်း ထုတ်ပြန်ချက်များတွင် ၎င်းတို့အား အပြစ်ပုံချထားသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် KIO က ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းကာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သော်လည်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၏ အမှတ်စဉ် ၃ တွင် “တဘက်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီ ဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း” ဟု မမှန်ကန်သော သတင်းထုတ်ပြန်ခဲ့ကြောင်း KIO က ထောက်ပြထားသည်။
ယင်းသို့ ထောက်ပြ ပြောဆိုမှုများနှင့် ပတ်သက်ပြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် “သီးခြားမှတ်ချက်ပေးရန် မရှိပါဘူး။ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လေ့လာရင် သိရှိနိုင်ပါတယ်” ဟု တုန့်ပြန်ဖြေကြားထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက တွေ့ဆုံဆွေးနွေးရေး လမ်းစများ ပါဝင်သည့် KIO ၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း နှစ်ဖက်တွေ့ဆုံမှုသည် ယခုလ ဒုတိယပတ်တွင် ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း UNFC သို့မဟုတ် ‘ဝ’ ဒေသ တွင် KIO နှင့် သီးသန့်တွေ့ရန် ကိစ္စကိုမူ တိတိကျကျ ပြောနိုင်ခြင်းမရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
KIA လိုင်ဇာဌာနချုပ်အနီး စစ်မြေပြင် သတင်းများအရ ဌာနချုပ်ရှိရာ အလင်းဘွန် တောင်ပေါ်သို့ ယမန်နေ့က အစိုးရတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည် ၂ ခု ကျပေါက်ကွဲခဲ့သည်မှအပ တိုက်ပွဲများ တည်ငြိမ်လျက်ရှိကြောင်း၊ ဌာနချုပ် အနီးရှိ ဗျူဟာကျ တောင်ကုန်းများပေါ်တွင် အစိုးရတပ်များ တပ်စွဲထားကြောင်း၊ KIA ၏ မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် စာရေးဆရာကြီး ဒဂုံတာရာကလည်း ယခင် လလယ်ပိုင်းက ငြိမ်းချမ်းရေး သဝဏ်လွှာ တစောင် ထုတ်ပြန်ခဲ့သည်သည်။
အဆိုပါ သဝဏ်လွှာထဲတွင် “ကချင်ပြည်က ပြည်သူတွေ အအေးဒဏ်နှင့် စစ်ပြေးနေကြရတာ ကြားတော့ စိတ်မကောင်း ဖြစ်မိပါတယ်၊ ဒါကြောင့် အဖွဲ့အစည်း အစုံအလင် ပူးပေါင်း မေတ္တာထားပြီး အဖြေရှာကာ အကောင်းဆုံးနဲ့ လမ်းသစ်တခု ဖောက်ကြပါ၊ ဝိုင်းဝန်းပြီး လုပ်ဆောင်ကြပါခင်ဗျား” ဟု တိုက်တွန်းထားသည်။
ဧရာဝတီ

No comments:

Post a Comment