Wednesday, February 6, 2013

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အဖျော်ယမကာ စက်ရုံများ တည်ထောင်ခွင့် MICမှ ထပ်မံခွင့်ပြု


ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးတို့တွင် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က ခွင့်ပြုမိန့် ချထားပေးခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် Beer Chang International Limited နှင့် Myanmar Distillery Company Limited တို့အား ဖက်စပ်လုပ်ငန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Beer Chang မှာ မြန်မာဈေးကွက်သို့ ယခုနှစ်ပိုင်းများအတွင်း တစ်နှစ်လျင် ၃၃၀ မီလီလီတာဆံ့ ဘီယာဘူး ၁၀ သန်းဝန်းကျင်အထိ မှောင်ခိုတင်သွင်းနေသည့် ကုမ္ပဏီဖြစ်ကြောင်းလည်း တွက်ချက်ထားမှုများအရ သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် Beer Chang အမှတ်တံဆိပ် ဘီယာတွင် သွင်းသည့် ပမာဏမှာ ဟက်တို လီတာပေါင်း ၂၆၁၈၀ ဒသမ ၉၆ (၃၃၀ မီလီလီတာဆံ့ ဘူးပေါင်း ၈ သန်းနီးပါး)အထိ တင်သွင်းခဲ့ခြင်း ဖြစ်သည်။နှစ်စဉ် ပြည်ပမှ ဘီယာတင်သွင်းမှုမှာ တစ်နှစ်လျင် ယခုနောက်ပိုင်းနှစ်များ၌ ၂၀ ရာခိုင်နှုန်းဝန်းကျင် အနည်းဆုံး မြင့်တက်လျက်ရှိရာ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ဆိုပါက Beer Chang ဘူးပေါင်း ၁၀ သန်းနီးပါးအထိ တင်သွင်းအသုံးပြုနေသည်ဟု သုတေသနစစ် တမ်း တစ်စောင်အရ တွက်ချက်နိုင်သည်။
သို့သော် မြန်မာနိုင်ငံသို့ ပြည်ပမှ ဘီယာ၊ အရက်၊ စီးကရက်တို့အား တင်သွင်းခွင့် လုံးဝပိတ်ထားရာ အဆိုပါတင်သွင်းလာသည့် ဘီယာများမှာ မှောင်ခို တင်သွင်းရောင်းချနေခြင်းသာ ဖြစ်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံဈေးကွက်သို့ နှစ်စဉ် Beer Chang၊ China Beer ၊ Beer Lao အပါအ၀င် နိုင်ငံတကာထုတ် ဘီယာများအား မှောင်ခိုတင်သွင်းနေသည့် ပမာဏစုစုပေါင်းမှာ ဟက်တိုလီတာပေါင်း ၅၃၀၈၀ ကျော်(၃၃၀ မီလီလီတာဆံ့ဘူး ၁၆ သန်းကျော်) အထိ တင်သွင်းလျက်ရှိကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment