Saturday, February 16, 2013

အရှေ့တောင်အာရှ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Sing Tel မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ

အရှေ့တောင်အာရှ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tei သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

စင်ကာပူ၏ ထိပ်သီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Sing Tel အနေဖြင့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံတကာ ကုမ္ပဏီများ၊ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြထားသည်။
Sing Tel အနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် လိုင်စင်ရယူရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှ စတင်၍ ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး တင်ဒါရယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သို့ ဝင်ရောက်လိုမှုနှင့် ပတ်သက်ပြီး Sing Tel ၏ CEO Chua Sock Koong က ''ဈေးကွက်ချဲ့ထွင်မှုအတွက် အတွေ့အကြုံကောင်းတစ်ခုကို ရှာဖွေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်က အတော့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အကြောင်းအရာတွေကို သိရှိနားလည်ဖို့တော့ လိုပါတယ်'' ဟု မီဒီယာနှင့် တွေ့ဆုံခြင်းတွင် ပြောကြားခဲ့သည်။
Sing Tel ကုမ္ပဏီမှာ အာရှဈေးကွက်တွင် အောင်မြင်မှုရရှိနေပြီး ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံများတွင် ကြီးမားသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားသည်။ စင်ကာပူအခြေစိုက် Sing Tel ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းရောင်းချခွင့် ရရှိခဲ့ပါက ပြည်တွင်းကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် ပြည်တွင်းပြည်ပမှ ဝန်ဆောင်မှုပေးလိုသည့် စိတ်ပါဝင်စားသူများအား လုပ်ငန်းလိုင်စင် တင်ဒါအတွက် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာများ ပေးပို့ရန် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ဖိတ်ခေါ်ထားသည်။
ထိုသို့ ဖိတ်ခေါ်ရာတွင် ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းထားသည့် Telecommunication Operator တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီမှနေ၍ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသည့် Operator များထံသို့ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Expression of Interest-EOI) ပေးပို့ရန်အတွက် ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် နှစ်ဝက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ဝင်စားမှုဖော် ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) လျှောက်ထားခြင်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ဆောက်ရွက်ရခြင်းဖြစ်ပြီး ထုတ်ပြန်မှုများအရ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၉ဝ ကျော်လျှောက်ထားခဲ့ကြောင်း သိရသည်။


EMG

No comments:

Post a Comment