Sunday, March 24, 2013

လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

Weeklyeleven-1-march24
လွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို လေ့လာနေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြုဝန်ကြီး ဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနမှာ သုံးစွဲငွေအများဆုံးအဖြစ် ကျပ်ဘီလျံ ၃၁၀၀ ကျော် ရရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယအများဆုံးအဖြစ် ကျပ်ဘီလျံ ၂၂၀၀ ကျော် ရရှိခဲ့


လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီတိုးမြှင့်ပေးရန်ပါရှိသည့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက် ဥပဒေကြမ်း) ကို မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "လာမယ့် ဘဏ္ဍာရေးနှစ် မှာတော့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို ကျပ်နှစ်သောင်းစီ တိုးပေးနိုင်ဖို့အတွက် လျာထား ပါတယ်။နောက်ပြီးတော့ အချိုးကျတိုးမြှင့်လာမယ့် ပင်စင်လစာနဲ့ ဆုငွေတွေအတွက်လည်း သာမန်အသုံး စရိတ်မှာ ထည့်သွင်းလျာထားမှု ပြုထားပါတယ်။ လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက် ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ထောက်ပံ့ပေးနိုင်ရန် လျာထားပါ တယ်။ နိုင်ငံတော်တစ်ရပ်လုံး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများအပါ အ၀င် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်း ၂ သိန်းခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်၊ အငြိမ်းစားဝန်ထမ်းဦးရေ ၇ သိန်း ၆ သောင်းခန့်အတွက် ခန့်မှန်းလျာထားငွေကျပ် ၃၈၅ ဒသမ ၆၈၂ ဘီလျံကိုသာမန်အသုံးစရိတ် အပိုင်းတွင် တိုးမြှင့်ထည့်သွင်း လျာထားပါတယ်။ အခုလို ၀န်ထမ်းလစာတွေ တိုးမြှင့်ပေးနိုင်ဖို့ လျာထားတာကတော့ ၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း အပေါ်တွင် ပြည်ထောင်စုလွှတ်တော်က အချို့စီမံကိန်းများကို ဆိုင်းငံ့ခြင်း ၊ လျှော့ချခြင်းများ ပြုလုပ်ခဲ့ပြီး အချို့စီမံကိန်းလုပ်ငန်းတွေကို ထပ်တိုးထည့်သွင်းစေခဲ့ပါတယ်။ အသုံးစရိတ်လျှော့ချမှုနဲ့ တိုးမြှင့်မှုတို့ကို မျှတစေရန် ဆောင်ရွက်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့သာမန်အသုံးစရိတ်တွေကိုလည်း သက်ဆိုင်ရာ ဌာနတွေနဲ့ အသေးစိတ် ပြန်လည်စိစစ်ရေးဆွဲပြီး ရငွေတိုးမြှင့် လျာထားခဲ့ပါတယ်" ဟု ဘတ်ဂျက် ဥပဒေကြမ်းတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးနိုင်ရေး အစီအစဉ်နှင့် ပတ်သက်၍ ပြော ကြားခဲ့သည်။
ထိုသို့ ၀န်ထမ်းများ လစာတိုးမြှင့်ပေးရေး အစီအစဉ်များ ပါဝင်သည့် ဘတ်ဂျက် ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၅၅ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ နှစ် မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။
ယခုနှစ် ဘတ်ဂျက်ဥပဒေကြမ်း အတည်ပြုရာတွင် "ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၂၂၂၅၃၃ ဒသမ ၉၉၁ မှ ကျပ်သန်း ၄၁၈၀ ကို ဥပဓိရုပ်မကောင်းသော ကျောင်းပေါင်း ၁၉၄ ကျောင်း ကို ပြင်ဆင်သုံးစွဲရန် ပြင်ဆင်ခဲ့ခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း သုံးငွေကို ကျပ်သန်း ၁၅၂ ဒသမ ၇၃၀ လျှော့ချနိုင်ခဲ့ခြင်း" အစရှိ သည့် ပြင်ဆင် ၊ လျှော့ချ ၊ ဖြတ်တောက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်။
အတည်ပြုခဲ့သည့် ဘတ်ဂျက်ဥပဒေကြမ်းအရ ၀န်ကြီးဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနမှာ သုံးစွဲငွေ အများဆုံးအဖြစ် ကျပ်ငွေဘီလျံ ၃၁၆၀ ကျော် ရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယသုံးစွဲငွေ အများဆုံးအဖြစ် ကျပ်ငွေဘီလျံ ၂၂၄၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၉၀၀ ကျော် ရရှိသဖြင့် ယခင်နှစ်ထက် ကျပ်ဘီလျံ ၂၆၀ ကျော် တိုးမြင့်လာခဲ့ပြီး ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၈၄ ရာခိုင်နှုန်း ရှိသည်။
ကျန်းမာရေး အသုံးစရိတ်သည် ကျပ်ဘီလျံ ၄၉၀ ကျော် ရရှိသဖြင့် ယခင်နှစ်ကထက် ကျပ်ဘီလျံ ၁၃၀ ကျော် တိုးမြင့်လာခဲ့ပြီး ကျန်းမာရေး အသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ၃ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေမှာ ကျပ် ၂၉၂၆၈၉၈ သန်း (ကျပ် ၂၉၂၆ ဒသမ ၈၉၈ ဘီလျံ)ရှိသဖြင့် ယခင်နှစ်ကထက် ဘီလျံ ၁၂၀၀ ကျော် ပိုမိုလာကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။

ဒီနှစ်ထဲမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးထားတယ်လို့ သိရတယ်။ တိုးပေးလိုက်တာနဲ့ ဒီငွေတွေကို သုံးစွဲမယ့် ဌာနတွေကလည်း စနစ်တကျသုံးစွဲဖို့တော့ လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီငွေတွေက အခွန်ထမ်းပြည်သူတွေရဲ့ငွေ ဖြစ်နေလို့ပဲ
ထိုသို့ ပိုမိုလာရသည့် အကြောင်းအရင်းများတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဆိုင်ရာ အသုံးစရိတ်များ၊ အာဆီယံ အလှည့်ကျ သဘာပတိတာဝန် ထမ်းဆောင်ရာတွင် သုံးစွဲရမည့် အသုံးစရိတ်များ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ အသုံးစရိတ်များ ပါဝင်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်း သုံးစွဲခဲ့သော ပမာဏအား တွက်ချက်ကြည့်ပါက ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် တစ်နှစ်ထက် တစ်နှစ် ပို၍တိုးမြှင့် သုံးစွဲလာကြောင်း သိရသည်။
ယင်းကဲ့သို့ ဘတ်ဂျက်ပိုမိုသုံးစွဲမှုများနှင့် ပတ်သက်၍ "ဒီနှစ်ထဲမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးထားတယ်လို့ သိရတယ်။ တိုးပေးလိုက်တာနဲ့ ဒီငွေတွေကို သုံးစွဲမယ့် ဌာနတွေကလည်း စနစ်တကျ သုံးစွဲဖို့တော့လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီငွေတွေက အခွန်ထမ်းပြည်သူတွေရဲ့ငွေ ဖြစ်နေလို့ပဲ။ ဒီတော့ဘယ်နေရာတွေမှာ ဘယ်လောက်သုံးတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိချပြဖို့လိုတယ်။ Check & Balance စနစ်ရှိရမယ်။ တိုးပေးလိုက်တဲ့ ငွေကြေးကို လေလွင့်ဆုံးရှုံးမှု မရှိအောင် အကျိုးရှိရှိ သုံးစွဲ သင့်တယ်" ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးနှင်းဦးက ပြောသည်။
"ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ တိုးသုံးတာ ကောင်းပါတယ်။ တိုးတဲ့ပမာဏကတော့ ကျွန်တော့် အမြင်အရ ပြောရရင် လုံလောက်တဲ့ပမာဏတော့မဟုတ်သေးဘူး။ သူများနိုင်ငံတွေထက်စာရင် အများ ကြီး လိုနေဦးမှာပါ။ ဒါနဲ့အတူ တခြားဖွံ့ဖြိုးရေးဆိုင်ရာ အသုံးစရိတ်တွေကလည်း သုံးဖို့လိုနေ ပါသေး တယ်။ အသုံးစရိတ်တွေ အားလုံးမျှဖို့ကျတော့လည်း အဆင်မပြေနိုင်ဘူး ဖြစ်နေ တယ်။ နောက် တစ်ခုက ဒီနှစ်ထက်မှာ စစ်အသုံးစရိတ်ကို နည်းနည်းတိုးထားတာ တွေ့ရတယ်။ ဒီလောက်ခက်ခက်ခဲခဲ ခွဲဝေသုံးစွဲနေရတဲ့ အချိန်မှာ ကာကွယ်ရေးမှာ တိုးလိုက်တာကတော့ သိပ်သဘာဝ မကျလှပါဘူး" ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ မောင်သံဒိုင် (ဘောဂဗေဒ) ပြောကြားသည်။

From...Eleven
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၏
ရငွေနှင့် သုံးငွေစာရင်းချုပ် (ကျပ်သန်းပေါင်း)
ဝန်ကြီးဌာနများ ရငွေ သုံးငွေ
ပြည်ထဲရေး ၂၁၁၁၀ ဒသမ ၇၈၁ ၂၄၃၉၈၁ ဒသမ ၈၇၇
ကာကွယ်ရေး ၁၂၀၆၁၉ ဒသမ ၂၅၀ ၂၂၄၄၈၃၄ ဒသမ ၄၀၂
နယ်စပ်ရေးရာ ၁၈၇၆၈ ဒသမ ၉၃၃ ၂၆၆၂၂၄ ဒသမ ၅၅၈
နိုင်ငံခြားရေး ၈၀၀ ၅၇၃၂၃ ဒသမ ၉၆၀
ပြန်ကြားရေး ၂၉၁၄၃ ဒသမ ၄၈၉ ၈၂၀၀၂ ဒသမ ၂၁၀
သာသနာရေး ၅၂ ဒသမ ၃၇၀ ၁၁၅၃၉ ဒသမ ၂၀၄
သ/မ ၅၅၇ ဒသမ ၅၈၈ ၄၄၃၉ ဒသမ ၄၇၉
လယ်/ဆည် ၉၅၆၄၄ ဒသမ ၀၀၄ ၄၄၉၃၂၆ ဒသမ ၁၅၃
မွေး/ရေ ၂၆၂၇၀ ဒသမ ၉၀၄ ၂၆၂၈၅ ဒသမ ၄၄၄
ဆက်သွယ်ရေး ၆၂၃၂၀၇ ၅၃၉၁၆၀ ဒသမ ၁၇၅
ပို့ဆောင်ရေး ၇၃၅၂၃ ဒသမ ၉၂၇ ၅၅၃၄၁ ဒသမ ၅၃၇
သစ်တော ၃၈၈၄၈၂ ဒသမ ၆၁၈ ၃၃၄၈၇၂ ဒသမ ၈၃၁
လျှပ်စစ် ၁၃၇၅၈၁၂ ဒသမ ၇၆၅ ၁၈၄၉၁၃၅ ဒသမ ၂၅၅
လ၀က ၁၄၉၉၀ ဒသမ ၆၈၉ ၂၆၈၆၃ ဒသမ ၅၂၈
စွမ်းအင် ၄၃၄၁၁၁၂ ဒသမ ၃၉၈ ၃၁၆၈၆၀၄ ဒသမ ၉၇၇
စက်မှု ၆၂၃၄၈၇ ဒသမ ၈၀၁ ၇၉၈၇၅၃ ဒသမ ၀၃၁
စီးပွားကူးသန်း ၁၈၃၈၅ ဒသမ ၉၉၅ ၂၀၃၅၃ ဒသမ ၈၆၈
အားကစား ၅၃ ဒသမ ၇၂၅ ၁၃၆၈၃၂ ဒသမ ၃၄၂
ပညာရေး ၁၄၀၄၄ ဒသမ ၉၇၇ ၉၀၇၉၇၆ ဒသမ ၆၂၄
ကျန်းမာရေး ၂၂၈၆၄ ဒသမ ၄၂၂ ၄၉၉၃၀၆ ဒသမ ၃၀၃
သတ္တုတွင်း ၃၀၅၄၁၈ ဒသမ ၈၈၈ ၁၆၄၇၂၂ ဒသမ ၃၃၄
ယဉ်ကျေးမှု ၃၂၃၈ ဒသမ ၆၄၅ ၁၂၅၅၃ ဒသမ ၄၂
ဘဏ္ဍာအခွန် ၄၂၁၆၀၈၇ ဒသမ ၇၈၈ ၂၀၄၅၆၁၇ ဒသမ ၄၀၈
စီမံ/စီးပွား ၈၈၆၇ ဒသမ ၅၈၄ ၈၁၃၇၆ ဒသမ ၁၉၅
ဆောက်လုပ်ရေး ၄၄၈၅၅၈ ဒသမ ၁၉၁ ၇၀၄၀၁၁ ဒသမ ၆၃၂
အလုပ်သမား ၅၀ ဒသမ ၆၅၅ ၇၀၆၁ ဒသမ ၄၂၉
ရထား ၂၇၀၁၁၅ ဒသမ ၉၁၈ ၃၂၈၉၅၅ ဒသမ ၃၁၉
လူမှုဝန်ထမ်း ၃၈ ဒသမ ၈၁၀ ၁၀၈၉၈ ဒသမ ၁၈၅
သိပ္ပံ/နည်းပညာ ၂၁၂၂ ဒသမ ၈၃၃ ၁၁၁၂၀၃ ဒသမ ၃၉၇
ဟိုတယ်/ခရီး ၃၁၅၆၁ ဒသမ ၆၂၅ ၈၁၂၇ ဒသမ ၅၂၂  

No comments:

Post a Comment