Saturday, March 30, 2013

မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ကနေဒါ သံအမတ်ကြီး ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ကနေဒါသံအမတ်ကြီးအဖြစ် Mark McDowell အား ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကနေဒါနိုင်ငံ နိုင်ငံခြားရေး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အပြုသဘော တိုးတက်ပြောင်းလဲမှုများကို ထောက်ခံအားပေးသော အနေဖြင့် ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး John Baird မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကုန်သွယ်ရေး ၀န်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် ကနေဒါနိုင်ငံ ပါလီမန် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့တို့ အသီးသီး လာရောက်ခဲ့ကြသည်။

အသက် ၅၀ နှစ် အရွယ်ရှိသည့် Mark McDowell သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ကနေဒါ သံရုံးတွင် ပြည်သူ့ဆက်ဆံရေး ဌာန အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ယခု ခန့်အပ်မှုကြာင့် Mark McDowell သည် မြန်မာနိုင်ငံဆိုင်ရာပထမဦးဆုံး ကနေဒါသံအမတ် ကြီး ဖြစ်လာမည် ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံတွင် ကနေဒါသံရုံးမရှိခဲ့ဘဲ သံရုံးကိစ္စများကို ထိုင်းနိုင်ငံရှိ ကနေဒါ သံရုံးမှ တစ်ဆင့် ဆောင်ရွက်ခဲ့ရသည်။ ယခုအခါ ကနေဒါနိုင်ငံ သံရုံးကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး တရားဝင် ဖွင့်လှစ်နိုင်မည့် အချိန်ကို မကြာခင်အချိန်အတွင်း ကြေညာနိုင်မည် ဖြစ်သည်။

Elaven Media Group

No comments:

Post a Comment