Monday, March 4, 2013

လက်ပံတောင်းတောင် ဒေသခံ ၃ ဦးမှ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့


3.4.3လက်ပံတောင်းရွာသူရွာသားများ ဆားလင်းကြီးမြို့နယ် တရားရုံးမှ ပြန်လည်ထွက်ခွာလာစဉ်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံ ၃ ဦး မှ လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့  နေ့လည် ၁ နာရီ ၂၀ ၀န်းကျင်တွင် လက်ပံတောင်းတောင် အနီးရှိ ကျေးရွာများမှ ရွာသူရွာသား ၃၅ ဦးသည် လက်ရှိသပိတ်စခန်းနှင့် ၇ မိုင်ခန့်ဝေးကွာသော ဆားလင်းကြီးမြို့ နယ် တရားရုံးသို့ ရောက်လာကာ ဖောင်းကတာအုပ်စု ဆည်တည်းကျေးရွာနေ မ၀င်းဝင်းဌေးနှင့် မရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာနေ ကိုဇော်နိုင်တို့  ၃ ဦး မှ တရားလို ပြုလုပ်ကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လက်ပံတောင်းတောင်အရေး ဖြိုခွဲမှုတွင် တာဝန်အရှိဆုံးအဖြစ် အကြောင်းပြချက် ၃ ချက် နှင့်တကွ တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေ့ပိုင်း ၂ နာရီလောက်မှာ ဆားလင်းကြီးမြို့နယ် တရားရုံးမြို့ နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက အမှုကို လက်ခံလိုက်ပြီး ဒီအမှုဟာ ထူးခြားတဲ့ အမှုဖြစ်လို့  အထက်က ရုံးတွေကို တင်ပြရမှာဖြစ်ပြီး လာမယ့်ရုံးချိန်းရက်ကို မတ်လ ၁၁ ရက်နေ့မှာ ချိန်းလိုက်ပါတယ်” ဟု လာရောက်တရား စွဲဆိုရာတွင် ပါဝင်သူ လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
“လက်ပံတောင်းတောင်အရေး ဖြိုခွင်းနှိမ်နင်းရာမှာ ရေပက်တ၊ မီးလောင်ဗုံးသုံးတာ၊ နံပါတ်တုတ်နဲ့ ရိုက်တာ၊ ကြိမ်းမောင်းတာတွေ လုပ်တာတွေနဲ့ ပတ်သတ်ပြီး ဘယ်သူ တာဝန်အရှိဆုံးလဲ စဉ်းစားတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၃၂ အရ ဒီလိုကျူးလွန်သူတွေကို နိုင်ငံတော်သမ္မတရဲ့ အခွင့်အမိန့် မရဘဲ တရားစွဲဆိုခွင့် မရှိလို့ ဆိုထားလို့ အကြမ်းဖက် ဖြိုခွင်းမှုအတွက် တာဝန်အရှိဆုံးက သမ္မတဖြစ်လို့ သမ္မတကို တရားစွဲဆိုတာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment