Thursday, April 18, 2013

အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ နီးပါး နေထိုင်သည့် ဒလမြို့နယ် ကျောင်းစုရပ်ကွက်၌ ကမ်းပါးပြိုကျမှုများ ဧပြီလ ၁၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ သမ္ဗန်ဆိပ်နေရာ၌ ဧပြီလ ၁၆ ရက်နေ့မှ စ၍ ၁၇ ရက်နေ့အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေကာ တည်ဆောက်ဆဲ ရေထိန်းနံရံမှာ ဧပြီလ ၁၇ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့ထိ ကမ်းပါးပြိုကျမှုကြောင့် စက်တပ်သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းနှင့် လက်ခတ် သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းတို့ ပျက်စီးခဲ့ပြီး ကမ်းပါးမှာလည်း ပေ ၂၀၀ နီးပါးခန့် ပြိုကျနေကြောင်း သိရသည်။

ယင်းသို့ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နေမှု၊ ဆောက်လက်စ ရေထိန်းနံရံ ပြိုကျခဲ့မှုနှင့် လက်ရှိ အချိန်ထိ အရေးပေါ် ကာကွယ်မှုများ လုံလောက်ခြင်း မရှိသည့်အတွက် ဒေသခံများမှာ များစွာ စိုးရိမ်နေကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဖြူဖြူလွင်က "ဧပြီလ ၁၇ ရက်နေ မှာ မြစ်ကမ်း တစ်လျှောက် ပေ ၃၀ လောက် ထပ်ပြိုသွားတယ်။ မွန်းလွဲ ၁ နာရီမှာတော့ ဆိုးဆိုးဝါးဝါး ပြိုကျ လာတယ်။ အိမ်တွေရွှေ့ဖို့၊ ပြောင်းဖို့တော့ ရပ်ကွက်နေထိုင်သူတွေက သဘောမတူဘူး၊ ထပ်မပြိုအောင် ကာကွယ် မှုတွေ ပြုလုပ်ပေးဖို့ပဲ လိုလားနေပါတယ်" ဟု ပြောသည်။

ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်လင်းက "ကမ်းပါးပြိုကျမှု ဖြစ်စဉ်တွေကတော့ ထပ်ဖြစ်နေပါတယ်။ ဒီနေ့မနက်တော့ ရေအရင်းမြစ် ဌာနကနေပြီး သဲအိတ်တွေနဲ့ ရေတိုက်စားတာကို ကာကွယ်မှု ပြုလုပ်ခဲ့ပေမယ့် ထပ်မံပြိုကျနေဆဲပါ" ဟု ဧပြီလ ၁၇ ရက်နေ့က ပြောကြားသည်။

ယခုဖြစ်စဉ် ဆက်လက်ဖြစ်ပွားမည်ဆိုပါက လူနေအိမ်များအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း၊ ကာကွယ်ရန်အတွက် အထက်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိကြောင်း ဦးကျော်လင်းက ထပ်မံပြောကြားသည်။

ပြိုကျသွားသော ရေထိန်းနံရံအား ပြန်လည်တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ၌လည်း ကာကွယ်မှုများအား ပြုလုပ်ရန် စီစဉ်နေကြောင်း ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရ သည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာမှာ တွံတေးတူးမြောင်းနှင့် ခနောင်တို ချောင်းဆုံရာတွင် တည်ရှိပြီး ၀ဲဂယက်များ ဖြစ်ပေါ်ပြီး ကမ်းပါးအောက်ခြေ လှိုက်စားကာ ယခုကဲ့သို့ပင် မြစ်ကမ်းပါးပြိုကျမှု မကြာ ခဏ ဖြစ်ပွားနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထိုကြောင့် ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ ရေထိန်းနံရံများ တည်ဆောက်ခဲ့ပြီး လက်ရှိ အနေအထားအရ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်အတွင်း အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ နီးပါးရှိကြောင်း သိရ သည်။
From....Sa Maung
 

No comments:

Post a Comment