Sunday, April 7, 2013

၂ နှစ်သားအစိုးရအပေါ် အကဲဖြတ်ခြင်း

သမ္မတဦးသိန်းစိန်အစိုးရအတွက် လက်ကျန်သုံးနှစ်တာကာလအတွင်း စီးပွားရေးအမြန်ဆုံးဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်လိုနေပြီဖြစ်သည်

လွန်ခဲ့သည့် ၂ နှစ် အစိုးရသစ်တက်လာခဲ့စဉ်က မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် လူအများစု မျှော်လင့်ချက်များစွာ မထားခဲ့ကြပါ။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခင်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရာမှ သမ္မတသစ်ဖြစ်လာသော ဦးသိန်းစိန်ထံမှလည်း အပြောင်းအလဲများ မြစ်ဖျားခံ လာမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာအကဲခတ်သူ အများစုပင် တွေးမထားခဲ့ကြပါ။


သို့သော် ဦးသိန်းစိန်၏ အစိုးရအဖွဲ့သက်တမ်း ၂ နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများမှာ မျှော်လင့်မထားသော အခြေအနေထက် ရှေ့သို့ပိုရောက်လာကြောင်း နိုင်ငံရေး လေ့လာအကဲခတ်သူများက သုံးသပ်သည်။

“အစိုးရနဲ့ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက်တွေ မထားခဲ့ပါဘူး။ ဒီလောက်ထိ ပွင့်လင်းမြင်သာတဲ့၊ ဒီလောက်ထိ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့၊ ဒီလောက်ထိ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အစိုးရ တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ထင်ကိုမထင်ထားခဲ့ပါဘူး။ နောက်တစ်ခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အစိုးရဖြစ်နေလို့လဲ ဒီလောက်ထိဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့တာ” ဟု အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမှတ်ချက်ပေးသည်။

“ဒီဖွဲ့စည်းပုံအရ တက်လာတဲ့ အစိုးရကတော့ လူမပြောင်းပေမယ့် မူပြောင်းမယ်လို့တော့ မျှော်လင့်ခဲ့တယ်။ နည်းနည်းလေးတော့ ပွင့်လင်းလာလိမ့်မယ်လို့ ထင်ခဲ့တယ်။ အခုလက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ ၂၀၁၅ နောက်ပိုင်းမှ ဖြစ်လာနိုင်စရာရှိ တယ်လို့ ထင်ထားခဲ့တာ။ လက်ရှိ အစိုးရအနေနဲ့ ဒီလောက်ပြောင်းလိမ့်မယ်လို့ ထင်ကိုမထင်ခဲ့တာ။ မျှော်လည်း မမျှော်လင့်ခဲ့ဘူး။ ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ အထင်ရှားဆုံးကတော့ မြစ်ဆုံကိစ္စပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနေသန်မောင်က သုံးသပ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း၊ ရွေးကောက်ပွဲဥပဒေ အချက်အချို့ ပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အတွင်း ၀င်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်း၊ ဝေဖန်မှုများ ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်စွာကျင်းပပေးကာ ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်သို့ ရောက်ရှိလာခြင်း၊ လွတ်လပ် စွာ ဆနပြခွင့်ပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်အခတ် ရပ်စဲအောင် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ ၀န်ထမ်းများ၏ ပင်စင်လစာတိုးပေးကာ ထောက်ပံ့ကြေး တိုးပေးခြင်း၊ ဖုန်းဈေးနှုန်းများ လျှော့ချပေးခြင်း၊ နိုင်ငံသားတိုင်း ကားတင်သွင်းခွင့် ပြုခြင်း၊ မီဒီယာ လွတ်လပ်ခွင့်ပြု ခြင်း၊ အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းကို တစ်ဆင့်ချင်းပယ်ဖျက်ကာ
ထိန်းကျောင်းငွေလဲနှုန်းရှင် သတ်မှတ်ပေးခဲ့ခြင်း၊ အစိုးရ အဖွဲ့အတွင်း ကောင်းမွန်သော အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ခြင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကဏ္ဍများတွင် ဖြေလျှော့မှုများစွာ၊ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ခြင်းစသော မှတ်တိုင်များစွာကို အစိုးရသစ်နှင့် လွှတ်တော်များက ၂ နှစ်ကျော်အတွင်း ပူးပေါင်းစိုက်ထူနိုင်ခဲ့ပါသည်။

ထို့ကြောင့် ၂ နှစ်သားအစိုးရ (မှတ်ချက်-ဦးသိန်းစိန်၏ အစိုးရ မှာ ၂၀၁၁ မတ် ၃၀ တွင် ကျမ်းသစ္စာကျိန်ဆို စတင်တာဝန်ယူ၍ ၂၀၁၃ မတ် ၃၀ တွင် ၂ နှစ်တင်းတင်းပြည့်သည်) နှင့် လွှတ်တော်များ၏ စွမ်းဆောင်မှုအပေါ် နယ်ပယ်ပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ သာမန်ပြည်သူများ၏ သဘောထားမှတ်ချက်တောင်းခံရာတွင် ကောင်းမွန်သည်ဟု အမှတ်ပေးကြသည်။

ကချင်စစ်ပွဲ၊ ရခိုင် ပဋိပက္ခ၊ လက်ပံတောင်းတောင်အရေးနှင့် မိတ္ထီလာ အကြမ်းဖက်မှုအပေါ် အစိုးရ၏ ကိုင်တွယ်ပုံများမှာ ညံ့ဖျင်းကြောင်း နိုင်ငံရေး လေ့လာအကဲခတ်သူများက ဆိုသည်။ အပြောင်းအလဲများကို အောက်ခြေပြည်သူ လူထုခံစားခွင့်ရစေရန် အရေးကြီးဆုံးဖြစ်သော စီးပွားရေးဖွံ့ဖြိုးအောင် မလုပ်နိုင်သေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ မဖော်ထုတ်နိုင်သေးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ သမ္မတနှင့် အစိုးရအဖွဲ့က တပ်မတော်အပေါ် သြဇာညောင်းမှုနည်းပါးခြင်း၊ ပြည်သူ အများစုလိုလားသော အခြေခံ ဥပဒေပြင်ဆင်ရေး မဆောင်ရွက်နိုင်သေးခြင်း စသည့်အချက်များမှာ အစိုးရအဖွဲ့၏ အားနည်းချက်များဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက သုံးသပ်သည်။

နိုင်ငံရေး
“အစိုးရနဲ့ အင်န်အယ်လ်ဒီကြားမှာ နားလည်မှုတွေရှိလာပြီး လက်တွဲလုပ်ဆောင်လာကြတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရလာတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာက အကောင်းဘက်တိုးတက်မှုတွေပါ။ ဒါပေမဲ့ အစိုးရ ၂ နှစ်သက်တမ်းအတွင်း တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူ ရှိရေးကို မစွမ်းဆောင်နိုင်သေးဘူး။ ငြိမ်းချမ်းရေးက အရင်ထက်စာရင် တိုးတက်လာတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ရှိသေးတယ်။ ပြည်ထောင်စုအဆင့်ကို ဘယ်လိုဆက်သွားမလဲဆိုတာ စဉ်းစားစရာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

“အစိုးရသက်တမ်း ၂ နှစ်အတွင်း အစိုးရအနေနဲ့ တိုးတက်မှုကို ၆၀ ရာခိုင်နှုန်းလောက် လုပ်နိုင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု တည်ဆောက်လာတာကို တွေ့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် ထဲထဲဝင်ဝင် ပြောကြဆိုကြတာတွေ ရှိလာတယ်။ နိုင်ငံရေးဘက်မှာလည်း၂ နှစ်အတွင်း ပိုအားရှိလာတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း သုံးသပ်သည်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုမှ စတင်ကာ ပြည်သူများမလိုလားသော စီမံကိန်းအချို့ရပ်ဆိုင်းပေးခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ နိုင်ငံရေးအခင်းအကျင်းသစ်တွင် ပါဝင်ခွင့်ပြုမှု၊ တရားဝင်ဆန္ဒပြခွင့်ပြုမှု၊ မီဒီယာလွတ်လပ်ခွင့်ပေးမှု၊ ရွေးကောက်ပွဲဥပဒေမှ အချက်အချို့ ပြင်ပေးကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ်အမတ်များ လွှတ်တော်အတွင်း ၀င်ရောက်လာမှု၊ နိုင်ငံရေးပါတီများ ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်မှု၊ လူထုမကြိုက်နှစ်သက်သော ၀န်ကြီးအချို့ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ အနားပေးခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်မှု၊ လူထုအသံကို အစိုးရနှင့် လွှတ်တော်က ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် အလေးပေးနားထောင်လာမှု၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်များ ပီပြင်စွာ အလုပ်လုပ်လာမှုစသော အပြောင်းအလဲ အရွေ့များစွာမှာ ၂ နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ ပြောင်းလဲတိုးတက်မှုများကြောင့် ကမ္ဘာ့သြဇာအကြီးဆုံး အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များ၏ ခရီးစဉ်များ ပေါ်ပေါက်လာသည်။ အမေရိကန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေး၊ သြစတြေးလျစသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးခဲ့ခြင်းပင် ဖြစ်သည်။ အပြောင်းအလဲအများစုမှာ သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့မှ အစပြုထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယခင်အစိုးရ ခေါင်းဆောင်များ မမျှော်လင့်နိုင်
သော ငြိမ်းချမ်းရေးနိုဗယ်ဆု ဆန်ခါတင်စာရင်းတွင် သမ္မတဦးသိန်းစိန်ရွေးချယ်ခံခဲ့ရသလို ပြည်ပနိုင်ငံအချို့ရှိ အဖွဲ့အစည်းများက ပေးအပ်သော ဂုဏ်ပြုဆုများ ဦးသိန်းစိန်က ပထမဆုံးအကြိမ် ရရှိခဲ့သည်။

“တစ်ချိန်လုံး ကျွန်တော်တို့က တစ်ပါတီစနစ်တို့ စစ်အစိုးရတို့ အောက်မှာ နေလာခဲ့ရတာ။ အခုမှ စပြီးဒီမိုကရေစီလုပ်တယ်ဆိုတော့ ၂ နှစ်လောက်ပဲရှိတဲ့အချိန်လေးမှာ အသားတော့ ဘယ်ကျနိုင်ဦးမလဲ။ သို့သော် သူတို့အရင်လုပ်ခဲ့တာတွေနဲ့စာရင်တော့ တဖြည်းဖြည်း ပွင့်ပွင့်လင်းလင်းဖြစ်အောင် လုပ်ပေးတဲ့ဟာကတော့ တခြားဟာတွေထက် ထူးခြားတာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးတင်ဦးကလည်း ပြောသည်။

တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာခေါ်ပြီး အလုပ်ဖြစ်မည် မဟုတ်ဟု လူအများထင်ထားခဲ့သော လွှတ်တော်များမှာ ဥပဒေပြုရေးမဏ္ဍိုင်တာဝန် ပီပြင်စွာ လုပ်ကိုင်လာမှုများကလည်း မမျှော်လင့်သော အပြောင်းအလဲပင်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ကာ လွှတ်တော်အတွင်း ၀င်ရောက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်က နိုင်ငံဖွံ့ဖြိုးရေးအတွက် အပြောင်းအလဲများစွာ ပြုလုပ်လာခြင်း၊ လွှတ်တော်များ ပုံမှန်ကျင်းပ အသက်ဝင်လာခြင်း စသည်တို့မှာ ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မမျှော်လင့်ထားသော အပြောင်းအလဲများဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးသည်။ ထိုအချက်များက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုမြန်ဆန် ခရီးရောက်စေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ထင်သာမြင်သာအရှိဆုံး အားနည်းချက်ကတော့ ပြည်တွင်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ အရင် မတော်၊ မတရား ခံခဲ့ကြရတဲ့ အတင်းအဓမ္မ မြေယာသိမ်းယူခံခဲ့ရတာတွေ၊ အကျင့်ပျက်ဝန်ထမ်း ကြီးကြီးငယ်ငယ်တွေရဲ့ မတော်တရော် လုပ်ရပ်တွေအောက်မှာ မတရားခံခဲ့ရတာတွေ၊ တရားစီရင်ရေးနယ်ပယ်မှာ ငွေများတရားနိုင်ဆိုတဲ့ အစဉ်အလာဆိုးတွေကို ချက်ချင်း အပြောင်းအလဲ မလုပ်နိုင်တာပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက အစိုးရအဖွဲ့ အားနည်းချက်ကို ထောက်ပြသည်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် အစိုးရယန္တရား၏ အောက်ခြေအဆင့်ထိ ကြီးကြီးမားမား အပြောင်းအလဲများ မပြုလုပ်နိုင်သေးခြင်းမှာ အစိုးရအဖွဲ့၏ အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌများဖြစ်သော ဦးခင်မောင်ဆွေနှင့် ဦးသုဝေတို့က ပြောသည်။

“အောက်ခြေအထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မရောက်တာ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပဋိပက္ခအသွင် ဖြစ်လာတာတွေဟာ အစိုးရရဲ့ အားနည်းချက်တွေလို့ ပြောလို့ရတယ်” ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

သာမန်မှုခင်းမှ စတင်ပြီး လူမျိုးရေး၊ ဘာသာရေးအသွင် ကြီးထွားလာခဲ့သော ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့တို့တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင် အစိုးရအဖွဲ့၏ ကိုင်တွယ်ပုံ၊ လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုတို့မှာ အစိုးရ၏ စွမ်းဆောင်ရည်ကို အနုတ်ပြစေခဲ့သည်။ ပြည်တွင်းစစ်မီး တာရှည်စေခဲ့သော ကချက်ပြည်နယ် စစ်ပွဲများကြောင့် သမ္မတက တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှုအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အပစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်၊ ရခိုင်ပဋိပက္ခအကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်၊ အစိုးရအဖွဲ့နှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှု ပိုမိုအသက်ဝင်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူ လိုလားသော ဒီမိုကရေစီ ပိုမိုခိုင်မာစေရန်အတွက် ပြင်ဆင်ရန်၊ လာဘ်ပေးလာဘ်ယူမှု ထိရောက်စွာ တိုက်ဖျက်ရန်၊ တရားဥပဒေ စိုးမိုးရေးအတွက် ပိုမိုဆောင်ရွက်ရန်လိုကြောင်း နိုင်ငံရေးသမားများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက အကြံပြုသည်။

စီးပွားရေး
လုပ်ငန်းများ ဆက်တိုက်လုပ်ကိုင်နေသည့်ကြားမှ ကုမ္ပဏီ၏အရွယ်အစားမှာ နှစ်နှစ်အတွင်း လုပ်ငန်းများ မကောင်း၍ သေးသွားကြောင်း Golden Crop ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ထူးထူးလတ်က ပြောသည်။ စီးပွားရေးလုပ်ငန်းများ အဓိကကြုံတွေ့ရသည်မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင်သာ ငွေအများစု စီးဝင်နေပြီး ကျန်လုပ်ငန်းများတွင် ငွေလည်ပတ်မှု နည်းပါးခြင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို အစိုးရက ဘဏ်ချေးငွေနှင့် အခြားကူညီပံ့ပိုးပေးမှု မရှိခြင်းဖြစ်ကြောင်း ဒေါ်ထူးထူးလတ်က သုံးသပ်သည်။

“အခြားနိုင်ငံတွေမှာ ၅၀ ဖိုးရှိရင် ၁၀၀ ဖိုးလောက် လုပ်နိုင်တယ်။ ဒီမှာက ၁၀၀ ဖိုးရှိရင် ၅၀ ဖိုးပဲ လုပ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

“အစိုးရပိုင်းက စက်ရုံတစ်ခုတည်ဆောက်မယ်ဆိုရင်လည်း လျှပ်စစ်မီးတို့ လမ်းပန်းဆက်သွယ်ရေးတို့ ရအောင်လုပ်ပေးမယ်ဆို တာမျိုးကို အခုက အာမခံမပေးနိုင်သေးဘူး” ဟု Eastern Alliance ကုမ္ပဏီများအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးကျော်စွာမြင့်ကလည်း ပြောသည်။ ပြည်ပပို့ကုန်လုပ်ငန်း လုပ်သူတစ်ဦးက ငွေလဲနှုန်းဖြစ်သင့်သော နှုန်းထက် နည်း၍ လုပ်ငန်းများ အခက်တွေ့နေကြောင်း ပြောပါသည်။

ထို့ကြောင့် ၂ နှစ်တာကာလအတွင်း ပုံမှန်စီးပွားရေးလုပ်ငန်းအများစုမှာ အခွင့်အလမ်း နည်းပါးပြီး အစိုးရ၏ ပံ့ပိုးမှုမရှိဘဲ အပြောင်းအလဲများကြား လုပ်ရင်းကိုင်ရင်း ဆုံးရှုံးမှုများဖြင့် ကြုံရကာ လုပ်ငန်းအရွယ်အစား ပိုသေးလာကြောင်း ပြောပါသည်။ ငွေကြေးအင်အား တောင့်တင်းသော ကုမ္ပဏီကြီးများ၊ အဆက်အသွယ်ကောင်းရှိသော ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများ စသောလုပ်ငန်းများမှာ ထိုကာလအတွင်း ပိုကြီးထွားလာခဲ့သည်။ ပုံမှန်မဟုတ်သော စီးပွားရေး ရေခံမြေခံတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများမှာလည်း အကျိုးများဆဲဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

“ပြောတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ လယ်သမားတွေအနေနဲ့တော့ အခုထိ အကျိုးမခံစားရသေးဘူး။ လယ်သမားတွေ ကြွေးတင်လို့ ထမင်းတစ်နပ်လျှော့စားလို့တော့ ပြောတယ်။ လိုအပ်တဲ့ အရင်းအနှီးတို့ လယ်ယာမြေအပေါင်ထားခွင့်တို့ကို ပေးပါလို့ တောင်းနေတာ။ အခုထိမရသေးဘူး။ လယ်သမားတွေအနေနဲ့တော့ အခုထိ အစိုးရလုပ်နေတာတွေက ထိထိရောက်ရောက် အကျိုးမခံစားရသေးဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စုမှ ဦးတင်ထွန်းကဆိုသည်။

ယခင် လူတစ်စုသာ လုပ်ခွင့်ပြုခဲ့သော လုပ်ငန်းများကို လုပ်ငန်းရှင်များ လွတ်လပ်စွာလုပ်ခွင့်ပြုခဲ့ခြင်း၊ အက်ဖ်အီးစီ (နိုင်ငံခြား ငွေလဲလက်မှတ်)ကို ပြန်ရုပ်သိမ်းခြင်း၊ ပို့ကုန်ရငွေ သတ်မှတ်ချက်ပြင်ဆင်ပေးကာ ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းကို ထိန်းကျောင်းငွေလဲနှုန်းရှင်စနစ် ကျင့်သုံးခြင်း၊ ဘဏ်လုပ်ထုံးလုပ်နည်းများ လျှော့ပေါ့ခြင်း၊ နိုင်ငံပိုင်လုပ်ငန်းအများစု ပုဂ္ဂလိကပိုင်ပြုခြင်း၊ ဖုန်းဈေးများ လျှော့ချခြင်း၊ အကန့်အသတ်ဖြင့်သာ ကားသွင်းခွင့်ပြုရာမှ နိုင်ငံသားတိုင်း ကားသွင်းခွင့်ပြုခြင်း၊ လယ်သမားများ စိုက်ပျိုးစရိတ် တိုးပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူအောင် ဖြေလျှော့ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစီမံကိန်း ဆောင်ရွက်လုပ်ကိုင်နေသည့်ကြားမှ နိုင်ငံစီးပွားရေး ကျဆင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောပါသည်။

ဟန်ရေးပြင်နေရုံသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရန်မှာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရန်၊ မြေဈေးသင့်တင့်သော နှုန်းဖြစ်ရန်၊ ဥပဒေစိုးမိုးမှုရှိရန်လိုကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။ လုပ်အားခ ဈေးသက်သာရုံတစ်ခုတည်းနဲ့ မ၀င်ရဲကြဘူး” ဟု ဦးမောင်မောင်လေးက ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

စီးပွားရေးလုပ်ငန်းရှင်အများစုက လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာရန်၊ အသေးအလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန်၊ သင့်တင့်သော ငွေလဲနှုန်းဖြစ်အောင် ဆောင်ရွက်ပေးရန်၊ အကောက်ခွန်လုပ်ငန်းများ ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးရန်၊ ထိုက်သင့်သော အခွန်နှုန်း ပြင်ဆင်ပေးရန်၊ ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး လုပ်ငန်းမျိုးစုံအတွက် ချေးငွေလွယ်ကူစွာ ရရှိအောင် ဆောင်ရွက်ရန်၊ သင့်တင့်သော မြေဈေးနှုန်းဖြစ်ရန် ဆောင်ရွက်ပေးရန် လိုလားကြကြောင်း တညီတညွတ်တည်း ပြောသည်။

အစိုးရက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်နှင့် လူတစ်ဦးချင်းစီကလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် ပိုမိုကြိုးစားရန်လိုကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်သည်။

လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
“စစ်အစိုးရလက်ထက်ကဆို စည်ပင်လည်း ကြောက်ရ။ မော်တော်ပီကယ်လည်း ကြောက်ရ။ ဘောင်းဘီဝတ်တဲ့သူဆို အကုန်ကြောက်ရတယ်။ အရင်က လိုင်စင်မဲ့ဆိုက်ကား ဖမ်းမိရင် မော်တော်ပီကယ်ရုံးမှာ ကျပ် ၁၂၀၀၀ နဲ့ ရွေးရတယ်။ စည်ပင်ဆိုရင် အပိုင်သိမ်းဖြစ်တာ။ အခုက အဖမ်းအဆီး သိပ်မရှိတော့ဘူး။ အများကြီး လွတ်လပ်သွားပြီ” ဟု ကမာရွတ်မြို့နယ်မှ အနှေးယာဉ်လုပ်သား ဦးမျိုးကပြောသည်။

“ဒီ ၂ နှစ်အတွင်း အများကြီး တိုးတက်လာတယ်။ ဖုန်းကိုင်နိုင်တဲ့သူတွေ အများကြီးဖြစ်လာတယ်။ ကားဈေးတွေလည်း အများကြီးကျသွားတယ်။ အရင်ကလိုပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ မရှိတော့ဘူး။ မဟုတ်တာလုပ်ရင် တိုင်လို့ရနေပြီ” ဟု ရန်ကင်းမြို့နယ်မှ မနီထွန်းကလည်း ဆိုပါသည်။ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တို့ထက် လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်ကို ပိုမို နှစ်သက်ကြောင်း မနီထွန်းက ဆက်ပြောသည်။

ပွင့်လင်းလာသောခေတ်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှုနှင့် အကြမ်းဖက်မှုမျိုးစုံ ကြုံတွေ့ခဲ့ပြီးနောက် ပြည်သူများဘ၀လုံခြုံရေးအတွက် အစိုးရက အာမခံပေးနိုင်ရန်၊ ငွေများတရားနိုင် အခြေအနေမှ ဥပဒေအထက်တွင် မည်သူမျှမရှိဘဲ လူတိုင်းတန်းတူညီမျှ အခွင့်အရေးရရန်၊ နေရေးအတွက် အဆင်ပြေစေရန် တန်ဖိုးနိမ့် အိမ်ရာစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုများ ပိုမိုပီပြင်ရန် လိုကြောင်းလည်း လူအများစုက အကြံပြုသည်။

ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍအတွက် အစိုးရသစ်က အသုံးစရိတ် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာသော်လည်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရမည်ဟု လူအများကသုံးသပ်သည်။ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ အခြေခံနှင့် အဆင့်မြင့် ပညာရေးမြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း လူတိုင်းပညာသင်နိုင်ရေးအတွက် အခမဲ့ပညာသင်ကြားပေးမှုကို တိုးချဲ့ရန်၊ သင်ရိုးများ ပြင်ဆင်ရန်၊ ဆရာ၊ ကျောင်းသားအချိုး ညီမျှအောင် ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ရေတို၊ ရေရှည်အတွက် စဉ်းစားကာ မူဝါဒချမှတ်ဆောင်ရွက်ပြီး မကြာခဏ မူဝါဒစမ်းသပ်ခြင်းမျိုး မလုပ်ရန် ပညာရှင်များက အကြံပြုသည်။

နိုင်ငံ၏ လူအများစုမှာ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရချိန်တွင် ဆေးကုသစရိတ်များ ကြီးမြင့်နေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပီပြင်စွာ ဆောင်ရွက်ရန်၊ နိုင်ငံသားများ အဟာရပြည့်ဝစွာ စားသုံးတတ်ရေးအတွက် ပညာပေးမှုများ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူအများစုက ၎င်းတို့၏ ဆန္ဒကို ပြောသည်။

သုံးသပ်ချက်
အစိုးရသစ်က လက်ကျန်သုံးနှစ်တွင် ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်အောင် ဆောင်ရွက်ရန်၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတစွာ ကျင်းပပေးရန်၊ နှစ်နှစ်ဆက် ထောက်ပံ့ကြေး တိုးပေးထားသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာရေး ဆောင်ရွက်ပေးရန်၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးရန် လိုကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်များက အကြံပြုသည်။

“ကျန်တဲ့သုံးနှစ်မှာ အဓိကထားပြီး လုပ်ဆောင်သင့်တဲ့ အချက်ကတော့ ၀န်ထမ်းလောကမှာ အရင်အမူအကျင့်မပျောက်တဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်ကတော့ စစ်တပ်ထဲက လူတွေ ၀န်ကြီးဌာနတွေကို ပို့နေတဲ့ကိစ္စ။ ထပ်မလုပ်ဖို့” ဟု နိုင်ငံရေးဆောင်းပါးရှင်နှင့် နိုင်ငံရေးအကဲခတ်သူတစ်ဦးဖြစ်သော ဆရာကြည်မင်းက အကြံပြုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပြည်ခိုင်ဖြိုး ပါတီ၏ အခြေခံအုတ်မြစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တည်ဆောက်ရန် လိုကြောင်းလည်း ဦးရဲထွန်းက ပြောသည်။ နာမည်ကောင်းမရှိသူများကို ပါတီအတွင်း ရှင်းလင်းမှုမပြုလုပ်နိုင်ခြင်းမှာ အာဏာရပါတီအပေါ် လူထုယုံကြည်မှုနည်းစေကြောင်း ၎င်းက အကြံပေးသည်။

“အစိုးရအနေနဲ့ ကျန်ရှိတဲ့ သက်တမ်းသုံးနှစ်အတွင်းမှာ စီးပွားရေးကို ပိုပြီးမြင့်တက်လာအောင် အဓိကထား ကြိုးစားသင့်တယ်။ သုံးနှစ်အတွင်းမှာ စီးပွားရေးကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဒီမိုကရေစီစနစ်ကို ထိခိုက်လာနိုင်တယ်။ ပြည်သူတွေ ကိုယ်၌က နောက်ပြန်သွားချင်တဲ့ အတွေးအခေါ်တွေ ၀င်လာနိုင်တယ်။ စီးပွားရေးကို ဥပဒေဘောင်အတွင်းက လျင်လျင်မြန်မြန် တိုးတက်အောင် လုပ်ရမယ်” ဟု ဦးနေသန်မောင်က အကြံပြုသည်
ရေးသားသူ- သတင်းအဖွဲ့
7DaysNewsJournal 

No comments:

Post a Comment