Friday, April 12, 2013

ပြည်တွင်း လေကြောင်း လိုင်းသစ်များ ထပ်မံ ထွက်ပေါ်ဖွယ်ရှိ

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြည်တွင်း လေကြောင်းလိုင်း အသစ်များ ထပ်မံ တိုးလာဖွယ် ရှိနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောသည်။

“သမ္မတကြီးကလည်း ပြည်တွင်း လေကြောင်းလိုင်းတွေကို နေပြည်တော် အခြေစိုက် ပြေးဆွဲဖို့ ခွင့်ပြုထားတာ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုယ်စားပြုပြေးဆွဲဖို့ လေကြောင်းလိုင်း ၅ ခု ခွင့်ပြုချက် တင်ထားတာတွေ ရှိပါတယ်” ဟု လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပြည်တွင်းတွင် လက်ရှိပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ MAI Airway ၊ Air Bagan ၊ Air Mandalay ၊ Asian Wings ၊ Air KBZ ၊ Yangon Airway နှင့် Golden Myanmar တို့ ဖြစ်သည်။
ထို့အပြင် ပြည်ပနိုင်ငံများမှ လေကြောင်းလိုင်း ၂၂ လိုင်းက ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက် ပြေးဆွဲလျက် ရှိသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၃၃ ကွင်း ရှိသည့်အနက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကွင်းတို့မှာ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းများ ဖြစ်ကြသည်။
“မြန်မာနိုင်ငံထဲကို ဝင်ထွက်သွားလာနေတဲ့ ပြည်ပခရီးသွားတွေ၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်တွင်း ခရီးသွားတွေ အတွက် လေကြောင်းလိုင်းတွေ အများကြီး လိုအပ်လာမှာပါ။ လုပ်သာကိုင်သာ လုပ်ငန်း ဖြစ်တာကြောင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိလာနိုင်ပါတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးအေးထွန်း က မျှော်လင့်ထားသည်။
ခင်မျိုးသွယ်
မဇ္ဈိမ

No comments:

Post a Comment