Friday, April 26, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာထရာဝပ်တို့ ဘရူးနိုင်း၌ ထပ်မံတွေ့ဆုံ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံကို ဖိတ်ခေါ်ထားပြီး စီမံကိန်း ဘဏ္ဍာရေး ဆိုင်ရာများကို ဆွေးနွေးခဲ့


utheinseinyinlet
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော နှစ်နိုင်ငံ ခေါင်းဆောင်များ သီးခြားတွေ့ဆုံမှုကို မြင်တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာထရာဝပ်တို့သည် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဘရူးနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန်ရှိ ၀န်ကြီးချုပ်ရုံး အဆောက် အအုံ တွင် ထပ်မံ တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံမှုသည် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် နှစ်နိုင်ငံ ခေါင်းဆောင်များ သီးခြားတွေ့ဆုံခဲ့သည့် အစည်းအဝေး ဖြစ်သည်။
တစ်နာရီခန့်နီးပါး ကြာမြင့်သော ယင်းတွေ့ဆုံမှုတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်း လုပ်ဆောင်နေသည့် ထားဝက်ရေနက်ဆိပ်ကမ်း ဆိုင်ရာ ကိစ္စရပ်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
“ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့နေရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကိစ္စကို ဆက်လက်ပြီးတော့ သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် အကောင် အထည် ဖော်ဖို့ အတွက် ပိုမိုညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်” ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးပွဲ အပြီးတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ယခု ဆွေးနွေးပွဲတွင် စီမံကိန်း နောက်ဆုံးအဆင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ Permanent Secretary မစ္စတာ Sihasak Phuangketkeow က Eleven Media Group သို့ ပြောပါသည်။
“နောက်ဆုံးအဆင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါတွေက ဆွေးနွေးပြီးသား ကိစ္စတွေ ဖြစ်ပါတယ်။ အခုချိန်မှာ စီမံကိန်းမှာ ရင်းနှီးမြုပ်နှံကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။ အရင် ကတော့ အဓိက ရင်းနှီးမြုပ်နှံသူက မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံထဲပါ။ အခု ဂျပန်နိုင်ငံကို ဖိတ်ခေါ် ထားပြီး ဖြစ်တဲ့ အတွက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို ထပ်မံဆွေးနွေးတဲ့ သဘောပါပဲ” ဟု မစ္စတာ Sihasak Phuangketkeow က ပြောသည်။
ထားဝယ်ရေနက် ဆိပ်ကမ်းအတွက် ဂျပန်နိုင်ငံကိုသာမက မည်သည့်နိုင်ငံကိုမဆို ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ် သွားမည် ဖြစ်ပြီး ဂျပန်နိုင်ငံက စီမံကိန်းကို စိတ်ဝင်စားနေသည့်အတွက် ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု Sihasak Phuangketkeow က ဆက်လက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ အနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း ရင်းနှီးမြုပ်နှံမှုတွင် ဂျပန်နိုင်ငံ ပါဝင်လာမည်ကို ကြို ဆိုကြောင်း ပြောပါသည်။
မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် ရေနက်ဆိပ်ကမ်း ကိစ္စ သာမက နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုနှင့် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ကြိုဆိုပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ထားတာတွေကို ဥရောပသမဂ္ဂက ဖျက်သိမ်းပေးလိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု Sihasak Phuangketkeow က ပြောကြားခဲ့သည်။
From...Eleven

No comments:

Post a Comment