Wednesday, April 10, 2013

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည် သူများ စိုးရိမ်

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းသွားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား စမ်းသပ် လုပ်ဆောင် နေစဉ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် မှုများ ဖြစ်ပေါ်နေကြောင်း တအောင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့မှ ဧပြီလ ၉ ရက်တွင် ကျင်းပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တအောင်း(ပလောင်) ဒေသအတွင်း ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းသွားရာတွင် ဒေသခံများ၏ လယ်မြေ များစွာ သိမ်းဆည်းခံရခြင်း၊ လယ်ယာမြေ စိုက်ခင်း လက်ဖက်ခင်းများအတွက် ကာလပေါက်ဈေး၏ သုံးပုံ တစ်ပုံခန့်သာ လျော်ကြေးရရှိခဲ့ခြင်း၊ စီမံကိန်းများကြောင့် ဒေသခံများ၏ လူနေမှုဘ၀နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် တအောင်းဒေသရှိ ပြည်သူများ ခံစားနေရသည့် စီမံကိန်းဆိုင်ရာ အခက်အခဲများအား ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့ နယ်အား ဖြတ်သန်း သွားပြီး အဆိုပါ စီမံကိန်းကြောင့် ကျေးရွာပေါင်း ၅၁ ရွာတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း တအောင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့မှ ကိုမိုင်းမျိုးအောင် က ပြောကြားခဲ့သည်။
“ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ နမ့်ခမ်းနားမှာ ပိုက်လိုင်းဆေးနေတုန်း ပေါက်ကွဲမှုဖြစ်တယ်။ မတ်လ ၂၃ ရက်နေ့က နမ္မတူနားမှာပိုက်လိုင်းပြန်တူးရင်း ပေါက်ကွဲမှုထပ်ဖြစ်ခဲ့တယ်။ လူထိခိုက်မှုမရှိပေမဲ့ လုံခြုံမှု ရှိအောင်၊ ပတ်ဝန်းကျင် ထိခိုက်မှုရှိအောင် လုပ်ဆောင်မထားဘူးဆိုတာ သိလာတယ်။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တကယ်တင်ပို့ချိန်မှာ ဆိုးဆိုးရွားရွားဖြစ်မှာ ဒေသခံတွေ စိုးရိမ်နေတယ်”ဟု တအောင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့မှ မလွေးကွယ်က ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စီမံကိန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများမှ စီမံကိန်းနှင့် ပတ်သက်၍ EIA စစ်တမ်းအား ပြည်သူလူထုသို့ ရှင်းလင်း ပြောကြားရန်၊ သဘာဝဓာတ်ငွေ့ မပို့လွှတ်မီ ကာလတွင် ဓာတ်ငွေ့အန္တရယ်များအား ပြည်သူလူထု သိရှိစေရေး ထုတ်ပြန်ရန်၊ ပိုက်လိုင်းစီမံကိန်းအတွက် မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ မြေအများအပြား သိမ်းယူခဲ့သော်လည်း လျော်ကြေးငွေမှာ စီမံကိန်း တစ်ခုလုံး၏ ၀ ဒသမ ၀၁၂၈ ရာခိုင်နှုန်းသာ ရှိနေသဖြင့် ပြန်လည်သုံးသပ်ရန်၊ ပိုက်လိုင်း၏ အရည်အသွေး ၊ ဒေသခံများ၏ ပါဝင်ပူးပေါင်းခွင့် EIA, SIA စစ်တမ်းများအား အချိန်မီ ထုတ်ပြန်ပေးရန်နှင့် စီမံကိန်း တစ်လျောက်မှာ နိုင်ငံတကာ အဆင့်မီ လုပ်ကိုင်ထားခြင်း မရှိသဖြင့် လိုအပ်ချက်များစွာ ရှိနေကြောင်း Shwe Gas Movement မှ သိရသည်။
မြို့နယ်၂၁ မြို့နယ် ဖြတ်သန်းသည့် ပိုက်လိုင်းအား မြေအောက်မြှုပ်ရာတွင် နိုင်ငံတကာစံနှုန်း ပိုက်လုံး အထက် ငါးမီတာရောက်အောင် မြှုပ်ရန်မှာ ကုန်ကျစရိတ်များပြား၍ ပိုက်လိုင်းအထက် ၁ ဒသမ ၂ မီတာ အထိသာ မြေမြှုပ်ခဲ့သည်ဟု မြန်မာနိုင်ငံ အခြေစိုက် CNPC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Mr.ChengHuanLai က ပြောကြားခဲ့သည့်အတွက် ပိုက်လိုင်းဖြတ်သန်းရာ ဒေသခံများအကြား စိုးရိမ် မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
From....Eleven

No comments:

Post a Comment