မဟာသင်္ကြန်ကာလတွင် ယာဉ်နှင့်လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း
တစ်လျှောက်တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေ ရန် လှည်းတန်းခုံးကျော်
တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင်ခွင့်ပြုပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ
သိရသည်။
''မဟာသင်္ကြန်ကာလမှာ စည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာ လမ်းတို့၊ ရန်ကုန်- ပြည်လမ်း တို့၊ ရန်ကုန်- အင်းစိန် လမ်းတို့မှာ ယာဉ်ပိတ်ဆို့ မှုတွေ မဖြစ်အောင် ကြိုတင် ပြီးတော့ တံတားသစ်ကြီးကို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ အချောထည်ပိုင်း တွေ ကျန်ရှိ နေသေးတဲ့အတွက် ဖွင့်ပွဲကိုတော့ မေလ ပထမပတ်လောက်အတွင်းမှာ ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီတံတားသစ်ကြီးက ၂ဝ၁၂ ခုနှစ် မတ်လမှာ ပန္နက်ရိုက်ခဲ့တာ ဖြစ်တဲ့အတွက် အခု ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှာ စတင် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ကျန်ရှိနေတဲ့ ဘုရင့်နောင်၊ ရွှေဂုံတိုင်ခုံးကျော် တွေလည်းပဲ အများပြည်သူတွေ အခုလိုပဲ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် စိတ်လက်ချမ်းသာစွာသွားလာနိုင်ရေးအတွက် ဆောင်ရွက် နေပြီ ဖြစ် သလို နောင်မှာ လည်း မြေနီကုန်းလမ်းဆုံတို့၊ ရှစ်မိုင်လမ်းဆုံတို့မှာလည်း ဆက်လက်ပြီးတော့ ခုံးကျော် တံတားတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မတီ၊ လမ်း/ တံတားဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင် က ပြောကြားသည်။
ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးအောင်နိုင်မြင့်က သတ်မှတ်ကာလထက်စော၍ အောင်မြင်စွာတည်ဆောက်ပြီးစီးကာ လှည်းတန်း ခုံးကျော် တံတားအား မြန်မြန်ဆန်ဆန် အသုံးပြု နိုင်သည်မှာ ရန်ကုန်မြို့တော်နေ ပြည်သူ များ နေ့စဉ် ရင်ဆိုင် နေရသည့် ယာဉ်ကြော ကျပ်တောင့်မှုများကို လျှော့ချနိုင်ရေး လုပ်ငန်း၏ တစ်စိတ် တစ်ဒေသ အောင်မြင်ခြင်းဟု ဆိုပါသည်။ အချောထည် လုပ်ငန်းများ အပြီးသတ် နိုင်ရန်လည်း တည်ဆောက်ရေး ကာလကဲ့သို့ပင် နေ့ည ဆောင်ရွက် နေသည်ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။
''သတ်မှတ်ကာလထက် စောစီးစွာ ပြီးစီးနိုင်အောင် ညပိုင်းကို တော်တော် များများ အချိန်ယူ ဆောင်ရွက် ခဲ့ရပါတယ်။ တံတားကြီးရဲ့သံမဏိ သံပေါင်တွေတပ်ဆင်တဲ့ ကာလမှာညပိုင်းလိုင်း ကားတွေပိတ်သိမ်းတဲ့ ည ၁၁ နာရီဝန်းကျင်ကနေ မိုးလင်းပေါက် ညစဉ် ဆောင်ရွက်ခဲ့ရပါတယ်၊ ပြည်ပက ကျွမ်းကျင်သူ ပညာ ရှင်တွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အတွက်လည်း နည်းပညာ ပိုင်းဆိုင်ရာ အတွေ့အကြုံ ကောင်းတွေရရှိခဲ့ပါတယ်'' ဟု စီမံကိန်း အင်ဂျင်နီယာ ဦးစိန်ဝင်းက သူ့အမြင်ကို ပြောပြ ခဲ့သည်။
တံတားကြီး ပြီးစီးသွားပြီး နောက်ပိုင်းတွင် တံတားတည်ဆောက်ရေး စီမံကိန်းတွင် ထပ်တိုး လုပ်ငန်းများ ပါရှိလာသည့်အတွက် ခန့်မှန်းထားသည်ထက် ပိုမိုလာမည့် ထပ်တိုး ကုန်ကျ ငွေများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့တင်ပြသွားရန်ရှိသည်ဟုလည်း သိရသည်။ တံတားကြီးအား အသုံးပြု ခွင့်ပေးသည့်အချိန်တွင် နာနတ်တောလမ်းဆုံ၌ မီးပွိုင့် ထားရှိခြင်း ရှိ၊မရှိနှင့် ပတ်သက်၍လည်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ''ဒီအပိုင်းမှာလည်း ကျွန်တော်တို့ မြေပြင် ကွင်းဆင်းပြီး တော့လေ့လာတွက်ချက်မှုတွေ လုပ်ထားတာရှိပါတယ်။ တံတားပေါ်က ဆင်းလာတဲ့ ကားတန်းကို နာနတ်တောလမ်း မီးပွိုင့်ဟာ အဟန့်အတားဖြစ်၊ မဖြစ်ဆိုတာလည်း ကျွန်တော်တို့ သုံးသပ် ဆုံးဖြတ်ပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သေချာ တာကတော့ ကျွန်တော်တို့ ဆောင်ရွက်မှုရဲ့ အဖြေဟာ ရန်ကုန်- ပြည်လမ်းကြီး တစ်လျှောက်မှာ ယာဉ်ကျပ် တောင့်မှုကို လျှော့ချသွားဖို့ပါပဲ''ဟု ဖြေကြားသွား သည်။ ။
From....Myawady News
No comments:
Post a Comment