Thursday, April 4, 2013

ပုဂ္ဂလိက သတင်းစာများ အစိုးရ သတင်းစာများနှင့်အပြိုင် ဈေးနှုန်းလျှော့ချခြင်းကြောင့် ပုံနှိပ်သတင်းမီဒီယာဈေးကွက် ထိခိုက်မှု ရှိလာနိုင်ခြင်း ရှိ၊ မရှိ ဆန်းစစ်မှုများ ရှိလာ

dailynewspaper-april3ရန်ကုန်မြို့ သတင်းဂျာနယ် ဖြန့်ချိရေး ဈေးကွက်၏ အဓိကနေရာတစ်ခုဖြစ်သော ရွှေဂုံတိုင်မီးပွိုင့်တွင် ဂျာနယ်နှင့် သတင်းစာများ ဖြန့်ချိရန် ပြင်ဆင်နေသည်ကို ဧပြီ ၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အပတ်စဉ်ထုတ် သတင်းဂျာနယ် များဖြင့် နှစ်ပေါင်းများ စွာ ဖြတ်သန်းခဲ့သော မြန်မာနိုင်ငံ၏ ပုဂ္ဂလိက သတင်းမီဒီယာလောကတွင် အကြီးမားဆုံး အပြောင်းအလဲဖြစ်သည့် ပုဂ္ဂလိက သတင်းစာ (၁၆) စောင်အား
ထုတ်ဝေခွင့်ပြုခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့တွင် ထွက်ရှိလာသော ပုဂ္ဂလိက သတင်းစာများသည် ဈေးကွက်အတွင်းရှိ အစိုးရမှ ထုတ်ဝေနေသော သတင်းစာများနှင့်အပြိုင် ဈေးနှုန်းလျှော့ချကာ ရောင်းချနေခြင်းကြောင့် ပုံနှိပ်သတင်းမီဒီယာ ဈေးကွက်ကို ထိခိုက်လာနိုင်ခြင်း ရှိ၊ မရှိနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရှေ့အလားအလာအပေါ် သတင်းမီဒီယာ လောကအတွင်း သုံးသပ်လျက် ရှိနေကြသည်။
ပြန်ကြားရေး ၀န်ကြီးဌာန၏ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ထုတ်ဝေနေသော သတင်းစာတစ်စောင်မှာ ဈေးကွက်တွင်း လက်လီဈေးနှုန်း တစ်ရာကျပ် ၀န်းကျင်သာရှိပြီး ယခု အသစ်ထုတ်ဝေသော သတင်းစာများ၏ ဈေးကွက်အတွင်း လက်လီဈေးနှုန်းမှာ ကျပ်တစ်ရာ့ငါးဆယ်မှ ကျပ်နှစ်ရာအတွင်းရှိကြောင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း အသစ်ထုတ်ဝေလာသည့် သတင်းစာများ၏ အမှန်တကယ် ကုန်ကျငွေမှာ ၎င်းတို့ဖြန့်ချိနေသော ဈေးနှုန်းထက် ပိုမိုကုန်ကျနိုင်ကြောင်း၊ ကျပ်ငွေဘီလျံ အရှုံးခံကာ ထုတ်ဝေနေသည့် အစိုးရ သတင်းစာများနှင့် ရေရှည်ယှဉ်ပြိုင်မည်ဆိုလျှင် မိမိတို့ ကိုယ်ပိုင်ဈေးကွက်တစ်ခု ထူထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပုဂ္ဂလိက သတင်းမီဒီယာ အသီးသီးမှ တာဝန်ရှိသူများက သုံးသပ်ကြပါသည်။
မကြာသေးခင်က ကျင်းပပြီးစီးသွားသော ပြည်ထောင်စုလွှတ်တော်တွင် ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၈၂၀၀၂ ဒသမ ၂၁ သန်း သုံးစွဲရန် ခွင့်ပြုခဲ့ပြီး အဆိုပါ ခွင့်ပြုငွေပမာဏမှ ကျပ်သန်း ၂၉၁၄၃ ဒသမ ၄၈၉ သန်းသာ ၀င်ငွေအဖြစ် ပြန်လည်ရှာဖွေနိုင်မည်ဟုလည်း သိရသည်။ ထို့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ကျပ် ၅၂ နှစ်ဘီလျံ အရှုံးခံသွားမည်ဖြစ်ပြီး ကျဆင်းနေသော မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် သတင်းစာဈေး လျှော့ရောင်းနေမှုကြောင့် အရှုံးပေါ်နေခြင်းတို့တွင် အသုံးပြုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်အား ၁၉၇၄ ခုနှစ်မှ စတင် ရပ်ဆိုင်းခဲ့ပြီး မဆလအစိုးရ လက်ထက်မှ စတင်ကာ သတင်းမီဒီယာလုပ်ငန်းကို အစိုးရမှ ထိန်းချုပ်ခဲ့သည်။ န၀တ-နအဖ အစိုးရလက်ထက်တွင် ပုဂ္ဂလိကမီဒီယာများ တည်ထောင်ခွင့်ပြုခဲ့ပြီး အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို စာပေစိစစ်ရေး၏ စိစစ်မှုဖြင့် ထုတ်ဝေခွင့်ပြုခဲ့ရာ လက်ရှိ အစိုးရလက်ထက်တွင် သတင်းဂျာနယ် ၁၂၉ စောင် အပါအ၀င် ဂျာနယ်၊ မဂ္ဂဇင်း ၅၇၀ ထုတ်ဝေလျက် ရှိသည်။ ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံး ဂျာနယ်များမှာ သတင်းဂျာနယ်များနှင့် အားကစားဂျာနယ်များဖြစ်ပြီး ကျန်ဘာသာရပ်ဆိုင်ရာ ဂျာနယ်များမှာ ကြော်ငြာအပေါ်တွင်သာ အဓိက မှီခိုနေရလျက်ရှိသည်။ သတင်းဂျာနယ်များ၏ လက်လီဈေးနှုန်းမှာ ကျပ် ၅၀၀ မှ ကျပ် ၇၀၀ အတွင်း ရှိကြပြီး ရောင်းအားအကောင်းဆုံး သတင်းဂျာနယ်ကြီးများမှာ စောင်ရေသိန်းဂဏန်း အထက်တွင် ရှိကြသည်။ သတင်းဂျာနယ်ခေတ်မှ သတင်းစာခေတ်သို့ အပြောင်းအလဲတွင် သတင်းဂျာနယ်အနည်းနှင့် အများရပ်တည်မှု ထိခိုက်နိုင်ဖွယ် ရှိသော်လည်း ရပ်တည်ချက် တိကျခိုင်မာပြီး စာဖတ်ပရိသတ် အခိုင်အမာ ရှိပြီးသော သတင်းဂျာနယ်  အငယ်များမှာမူ ဆက်လက်ရပ်တည်နိုင်ဖွယ် ရှိနေသည်။
သို့သော်လည်း အဆိုပါဂျာနယ်များ ရင်ဆိုင်ရမည့် အခက်အခဲမှာ သတင်းစာများနှင့် ဈေးနှုန်းယှဉ်ပြိုင်ရမည့် အခက်အခဲပင် ဖြစ်သည်။ စောင်ရေအပေါ်တွင် မှီခို၍ မဖြစ်နိုင်တော့သည့် အခြေအနေတွင် အဓိက၀င်ငွေ ရလမ်းဖြစ်သည့် ကြော်ငြာမှာလည်း သတင်းစာကြီးများကသာ ရရှိနိုင်မည့်အတွက် ဂျာနယ်အငယ်များ၏ ရပ်တည်မှု ခက်ခဲလာဖွယ် ရှိနေသည်။

ဂျာနယ်များ ရင်ဆိုင်ရမည့် အခက်အခဲမှာ သတင်းစာများနှင့် ဈေးနှုန်းယှဉ်ပြိုင်ရမည့် အခက်အခဲပင် ဖြစ်သည်။ စောင်ရေအပေါ်တွင် မှီခို၍ မဖြစ်နိုင်တော့သည့် အခြေအနေတွင် အဓိက ၀င်ငွေရလမ်းဖြစ်သည့် ကြော်ငြာမှာလည်း သတင်းစာကြီးများကသာ ရရှိနိုင်မည့်အတွက် ဂျာနယ်အငယ်များ၏ ရပ်တည်မှု ခက်ခဲလာဖွယ် ရှိနေသည်  .    .    .
"နေ့စဉ်ထုတ် သတင်းစာတချို့ ထွက်လာတော့ လက်ရှိထုတ်ဝေနေတဲ့ အပတ်စဉ် ဂျာနယ်တွေအနေနဲ့ စိုးရိမ်စရာတွေ ရှိနေမှာပဲ။ စောင်ရေကောင်းတဲ့၊ အင်အားရှိပြီးတဲ့ ဂျာနယ်ကြီး တချို့ကလွဲလို့ ဂျာနယ်အငယ်လေးတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေမှာပဲ။ အထူးသဖြင့် အခုထုတ်ဝေတဲ့ သတင်းစာ လေးစောင်က တစ်စောင်ဖြန့်ချိနှုန်း ကျပ် ၁၀၀၊ ၁၁၀ လောက်ဆိုတော့ ကျွန်တော်တို့လို အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ စီးပွားရေးအရ အများကြီး ထိခိုက်ပါတယ်။ သူတို့တွေက ဘယ်လောက် အရှုံးခံထုတ်နိုင်၊ ထုတ်နိုင် ကျွန်တော်တို့လို ၀ါသနာအရ ထုတ်ဝေနေတဲ့ အပတ်စဉ်ထုတ် ဂျာနယ်အငယ်တွေ အနေနဲ့ မလွဲမသွေ ထိခိုက်ပါတယ်။ လက်ရှိထုတ်ဝေနေတဲ့ သတင်းဂျာနယ်တွေ ထက်ဝက်လောက် ရပ်ဆိုင်းသွားဖို့ ရှိပါတယ်။ သတင်းဂျာနယ်တွေကို အခုလို ပေါပေါလောလော ခွင့်ပြုတာ လက်ခံစရာ ရှိပေမယ့် အပတ်စဉ်ထုတ် ဂျာနယ်လေးတွေရဲ့ ရှေ့ရေးအလားအလာက မကောင်းလှဘူး" ဟု ပြည်သူ့ဆန္ဒ သတင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ရဲခေါင်မဲမောင်က ဆိုပါသည်။
ပုဂ္ဂလိက သတင်းစာများအနေဖြင့် အစိုးရသတင်းစာအား ဈေးနှုန်းအရ ယှဉ်ပြိုင်နေရသလိ ဖြန့်ချိရေး ကဏ္ဍတွင်လည်း ကိုယ်စားလှယ်များအပေါ်တွင် မှီခိုနေရခြင်းကြောင့် သတင်းစာ အရည်အသွေး ပြည့်မီခြင်း မရှိသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်အား အရည်အသွေး လျှော့ချကာ ထုတ်ဝေနေသည့် အသွင်ဆောင်နေခြင်းကြောင့် လောလောဆယ် အခြေအနေမှာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရပ်တည်မှုမှာ စိုးရိမ်ဖွယ် မရှိသေးဘဲ သတင်းစာ၏ အသွင်သဏ္ဌာန် ပီပြင်လာသည့် အချိန်ရောက်မှသာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရပ်တည်မှု စိုးရိမ်လာဖွယ် ရှိသည်ဟု သုံးသပ်မှုလည်း ရှိသည်။
"နေ့စဉ်ထုတ် သတင်းစာတွေရဲ့ ဈေးနှုန်းတွေက အပတ်စဉ်ထုတ် ဂျာနယ်တွေအပေါ် သက်ရောက်မှု သိပ်မရှိနိုင်ဘူးလို့ ထင်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာမှာက တစ်နေ့တာအလိုက် သက်ဆိုင်ရာ သတင်းလောက်ပဲပါပြီး အပတ်စဉ်ထုတ် ဂျာနယ်မှာတော့ content တွေ ပိုများနိုင်တယ်။ အကြောင်းအရာ ကဏ္ဍပိုစုံနိုင်တယ်လေ။ ဒီတော့ ဈေးနှုန်းနဲ့ ပတ်သက်လို့တော့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ထွက်မယ်ဆိုလို့ စိတ်ဝင်တစား စောင့်နေခဲ့တာ ဧပြီလ ၁ ရက်နေ့မှာ လေးစောင်ထွက်လာတယ်။ အဲဒီမှာ နှစ်စောင်လောက်က အလကားဝေတယ်လို့ သိရပါတယ်။ ဒီသတင်းစာတွေကို ဖတ်ဖြစ်တဲ့အခါမှာ ပြောချင်တာကတော့ သတင်းစာ ပညာကို နားလည်တတ်ကျွမ်းတဲ့ မီဒီယာတွေက ထုတ်ဝေတဲ့ သတင်းစာတွေဟာ ရေရှည်ရပ်တည်နိုင်ပြီး အပတ်စဉ်ထုတ် ဂျာနယ်ဈေးကွက်ကို သက်ရောက်မှု ရှိလာနိုင်တယ်လို့တော့ မြင်ပါတယ်။ ကိုယ်စားလှယ်တွေရဲ့ အမြတ်ရယူမှုကတော့ ဈေးကွက်ရဲ့ ၀ယ်လိုအား ရောင်းလိုအားပေါ်ပဲ မူတည်နေတယ်လို့ ထင်ပါတယ်။ ၀ယ်လိုအား မြင့်တဲ့အခါမှာ ရောင်းလိုအားက နည်းမယ်ဆိုရင် အဲဒီအပေါ် အမြတ်တင်မှာပါပဲ။ ၀ယ်လိုအား နည်းမယ်ဆိုရင်တော့ သူ့အလိုလိုကို လျှော့ယူရမှာပဲလေ။ ဒါကတော့ ဈေးကွက်သဘောတရား အတိုင်းပဲလို့ ဆိုရမှာပါ" ဟု တက်လမ်း အားကစားဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က သုံးသပ်ပါသည်။
"လတ်တလော အခြေအနေအရတော့ ဘာမှမထူးခြားဘူး။ ထွက်လာတာတွေက စက္ကူရဲ့ Quality ကို လျှော့ထားတယ်။ သတင်းတွေက ဘာမှမထူးခြားဘူး။ သုံးထားတဲ့ ဓာတ်ပုံတွေက အဟောင်းတွေ။ အခုထွက်လာသမျှ သတင်းစာတွေက သတင်းစာရဲ့ အင်္ဂါရပ်နဲ့ မညီဘူး။ တချို့သတင်းစာတွေမှာ DateLine မပါဘူး။ သတင်းခေါင်းရေးတာတောင် မြန်မာဝါကျကို ဖြောင့်အောင်မရေးနိုင်ဘူး။ စကားပြေနဲ့ စကားပြော ရောရေးထားတယ်။ သုံးထားတဲ့ ဓာတ်ပုံတွေက သတင်းဓာတ်ပုံ မဖြစ်ဘူး။ တချို့သတင်းစာတွေမှာ caption မပါဘူး။ ပါရင်လည်း မပြည့်စုံဘူး။ ဈေးကွက်ထဲမှာ ဘယ်လိုပြောလဲဆိုတော့ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးနည်းဖုန်းလိုပဲ တန်ဖိုးနည်းဂျာနယ်လို့ ပြောနေကြတယ်။ ဂျာနယ်ကို ၄၀၀ နဲ့ ရောင်းတယ်။ သတင်းစာကို ၂၀၀ နဲ့ ရောင်းချင်တော့ တစ်ဝက်လျှော့လိုက်တယ်။ ဖြန့်ချိရေး ကိုယ်စားလှယ်တွေကို မေးကြည့်တော့ မန္တလေးမှာ အချိန်မီ မထုတ်ဝေနိုင်ဘူး။ သတင်းစာဆိုတာ မနက်မိုးလင်းတာနဲ့ အိမ်ရှေ့ကို ရောက်နေရမှာလေ။ နောက်တစ်ခုက လွယ်လွယ်ကူကူရနေတဲ့ သတင်းတွေကိုပဲ ထည့်ထားတွေ့ရတယ်။ သတင်းကြီးတွေ၊ Hard News တွေ မတွေ့ရဘူး။ သတင်းထောက်တွေရဲ့ အားနည်းချက်လည်း ဖြစ်နိုင်သလို ထုတ်ဝေသူတွေရဲ့ စိုးရိမ်ကြီးလို့လည်း ဖြစ်နိုင်တယ်။ လတ်တလောမှာတော့ ထွက်လာတဲ့ သတင်းစာတွေက အားရစရာ မရှိဘူး။ သတင်းစာခေတ်ကို ရောက်ပြီဆိုပြီး လုပ်နေကြပေမယ့် သတင်းစာ အတတ်ပညာ မရှိဘူး။ အတတ်ပညာချို့တဲ့တဲ့ သတင်းစာတွေပဲ ထွက်လာတယ်။ တန်ဖိုးနည်းဂျာနယ်တွေပဲ ဖြစ်နေလို့ အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ ရပ်တည်မှု ဘာမှမဖြစ်နိုင်သေးပါဘူး" ဟု Independent News Journal ၏ အယ်ဒီတာချုပ် ဦးမျိုးမြင့်ငြိမ်းကလည်း ဆိုပါသည်။
နေ့စဉ်ထုတ် သတင်းစာများနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရတော့မည် ဖြစ်ခြင်းကြောင့် အပတ်စဉ်ထုတ် ဂျာနယ်များအနေဖြင့် ရပ်တည်ချက် ခိုင်မာအောင် ကြိုးစားရတော့မည် ဖြစ်သလို ဈေးနှုန်းကိုလည်း စာဖတ်ပရိသတ်များ လက်ခံနိုင်သည့် အနေအထားတစ်ခုသို့ လျှော့ချခြင်းများ ပြုလုပ်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
"ဈေးနှုန်းအရတော့ သတင်းစာတွေက သက်သာတာပေါ့လေ။ ဒါပေမယ့် အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေအပေါ်မှာ စာဖတ်ပရိသတ်ရဲ့ ယုံကြည်မှုက ခိုင်မာပြီးသားပါ။ အစိုးရ သတင်းစာတွေကို ဘယ်လိုပုံစံပြောင်းပြောင်း လုထုရဲ့ ယုံကြည်မှု ချက်ချင်းရဖို့ မဖြစ်နိုင်သေးပါဘူး။ သူတို့က လူထုဘဏ္ဍာငွေနဲ့ ထုတ်နေတာ ဖြစ်တဲ့အတွက် အရှုံးခံနိုင်နေတာပါ။ အများပိုင် ကုမ္ပဏီဖွဲ့ပြီး ထုတ်မယ်ဆိုရင် ဒီဈေးနဲ့ မထုတ်နိုင်ပါဘူး" ဟု မြန်မာစာနယ်ဇင်း သမဂ္ဂမှ ဦးဇော်သက်ထွေးက ဆိုပါသည်။
"ဒီမှာက ဒီမိုကရေစီလို့ ပြောတယ်၊ ဒီမိုကရေစီကို သွားနေတယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရ သတင်းစာက အခုထိ ရှိနေသေးတယ်။ ဒီမိုကရေစီနဲ့ မဆီမလျော် ဖြစ်နေတာမျိုး ဖြစ်နေတယ်။ အစိုးရသတင်းစာကို အများပိုင် သတင်းစာအဖြစ် ပြောင်းမယ်လို့တော့ ပြောတယ်။ ပုဂ္ဂလိက သတင်းစာတွေက ကိုယ့်ချွေးနဲစာနဲ့ ရပ်တည်နေရတာ။ အစိုးရ သတင်းစာကတော့ နိုင်ငံပိုင် ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာနဲ့ ၀ယ်ထားတဲ့ ယာဉ်၊ ယန္တယားတွေ၊ ဖြန့်ချိရေး၊ ပုံနှိပ်စက်တွေ အကုန်လုံးမှာ သုံးနေတာ။ ပြည်သူက အခွန်ဆောင်ထားတဲ့ အခွန်ငွေနဲ့ လစာပေးခန့်ထားတဲ့ ၀န်ထမ်းတွေကို သုံးနေတယ်။ ဒါကြောင့် အစိုးရ သတင်းစာနဲ့ ပြိုင်တဲ့အခါမှာ Fair Play မဖြစ်ဘူး။ စက္ကူဝယ်တဲ့ အခါမှာလည်း ကျွန်တော်တို့က အခွန်ဆောင်ပြီးသား လုပ်ငန်းရှင်တွေဆီက ၀ယ်ရတယ်။ အစိုးရက အခွန်တစ်ပြားမှ ဆောင်စရာ မလိုဘူး။ သူတို့က production cost မှာ အများကြီး သက်သာတယ်။ အဲဒါတွေက Fair Play မဖြစ်ဘူး။ အဲဒါကို မျှတအောင် လုပ်ပေးသင့်တယ်။ ပုဂ္ဂလိက သတင်းစာထုတ်သူတွေ သတင်းစာစက္ကူ ၀ယ်တဲ့အခါမှာ အခွန်သက်သာခွင့်ကို အစိုးရ သတင်းစာကဲ့သို့ ဖြစ်အောင်ပေါ့။ သတင်းစာထုတ်ဖို့ ပုံနှိပ်စက်သွင်းရင်လည်း အစိုးရသတင်းစာကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပေးရမယ်။ အစိုးရ သတင်းစာကတော့ အခွန်ကင်းလွတ်ပြီး  ပုဂ္ဂလိက သတင်းစာတွေကတော့ အခွန်ဆောင်ဆိုတာမျိုးကတော့ အဓိပ္ပာယ် မရှိဘူး" ဟု The Voice Daily သတင်းစာ၏ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ပြောပါသည်။
ပုဂ္ဂလိက သတင်းစာများနှင့် နှစ်ပေါင်းလေးဆယ်ကျော် ကင်းကွာခဲ့၍ မြန်မာစာဖတ်ပရိသတ် အနေဖြင့် လောလောဆယ်တွင် သတင်းစာကို ရွေးချယ်ဖတ်ရှုရန် ခက်ခဲနေဦးမည် ဖြစ်သော်လည်း မကြာသောကာလတွင် ပုဂ္ဂလိက သတင်းစာများ၏ ရပ်တည်မှုကို ကြည့်ပြီး ရွေးချယ်ဖတ်ရှုကြတော့မည် ဖြစ်သောကြောင့် ဈေးနှုန်းဆိုသည်ထက် သတင်းစာ၏ ရပ်တည်မှု၊ အချိန်မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားလိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ပုဂ္ဂလိက သတင်းစာထုတ်သူတွေ သတင်းစာစက္ကူ ၀ယ်တဲ့အခါမှာ အခွန်သက်သာခွင့်ကို အစိုးရ သတင်းစာကဲ့သို့ ဖြစ်အောင်ပေါ့။ သတင်းစာထုတ်ဖို့ ပုံနှိပ်စက် သွင်းရင်လည်း အစိုးရ သတင်းစာကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပေးရမယ်။ အစိုးရ သတင်းစာကတော့ အခွန်ကင်းလွတ်ပြီး  ပုဂ္ဂလိက သတင်းစာတွေကတော့ အခွန်ဆောင်ဆိုတာမျိုးကတော့ အဓိပ္ပာယ် မရှိဘူး . . .
"သတင်းစာကို အများအားဖြင့် လပေးဖတ်ကြတယ်။ တစ်ခါတလေ ကြားပေါက် တစ်စောင်တစ်လေ ၀ယ်ဖတ်တဲ့လူလည်း ရှိတော့ရှိမှာပေါ့လေ။ ဈေးနှုန်းကြောင့်တော့ အများကြီး သက်ရောက်မှု မရှိဘူးလို့ ထင်တယ်။ အခု လောလောဆယ်ဆယ်တော့ သတင်းစာတွေက စထုတ်ခါစဆိုတော့ သိပ်တော့ အသားမကျသေးဘူး ထင်ပါတယ်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြည်သူ့ခေတ် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဒေါက်တာဖေမြင့်က ဆိုသည်။
"အခု လောလောဆယ်မှာ အစိုးရ သတင်းစာက ၁၀၀ နဲ့ ရောင်းနေတာမို့ ပုဂ္ဂလိက သတင်းစာတွေ ကျပ် ၂၀၀ ရောင်းနေရတာက အခြေအနေတစ်ခုကြောင့် အရှုံးခံပြီး လုပ်နေကြတယ်လို့ မြင်ပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို မီဒီယာတိုင်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်မှာပါ။ ဒီကြားထဲမှာ ကြော်ငြာကို အဓိက ထားရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။ သတင်းစာရဲ့ ဂုဏ်သိက္ခာ၊ ပြည်သူတွေရဲ့ ယုံကြည်မှုရတဲ့ သူတွေအတွက်တော့ ဈေးနှုန်းက အဓိကမကျဘူးလို့ ထင်ပါတယ်" ဟု Messenger သတင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ကိုသူရအောင်က ပြောပါသည်။
"အခု သိရသလောက်တော့ သတင်းဂျာနယ်တွေကလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်။ အရှည်ကို သွားနိုင်ပါ့မလား။ ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာ စောင့်ကြည့်နေတယ်။ ခြောက်လတန်သည်၊ တစ်နှစ်တန်သည် စောင့်ကြည့်ပြီးတဲ့အခါ သူတို့လည်း စောင်ရေကျသွားပြီး တဖြည်းဖြည်း ရပ်သွားမယ့်သဘော ရှိတယ်။ ကြေးမုံနဲ့ မြန်မာ့အလင်းကလည်း စောင့်ကြည့်နေတယ်။ သူတို့မှာက ကျွန်တော်တို့လောက် သတင်းလွတ်လပ်ခွင့် မရှိဘူး။ မနေ့ကဆိုရင် ကြေးမုံကတော့ စောင်ရေကျမသွားဘူး။ ကြော်ငြာကလည်း များနေတော့။ မြန်မာ့အလင်းကတော့ စောင်ရေကျသွားတယ်။ အရင်ရောင်းနေတဲ့နှုန်းရဲ့ သုံးပုံတစ်ပုံလောက် မရောင်းရဘဲ ကျန်နေတယ်။ ဒီအခြေအနေကတစ်ဆင့် သူတို့လည်း ၁၀၀ နဲ့ ဆက်ရောင်းမလား၊ ဈေးတိုးမလား ဆိုတာကို စဉ်းစားလာလိမ့်မယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့က သုံးခုပြိုင်နေရသလို ဖြစ်နေတယ်။ ပုဂ္ဂလိက သတင်းစာတွေရယ်၊ အစိုးရ သတင်းစာရယ်၊ သတင်းဂျာနယ်တွေရယ်သုံးခုရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုက ပိုပြီးများလာနိုင်တယ်။ အခု ကျွန်တော်တို့ သတင်းစာကို ၁၃၅ ကျပ်နဲ့ ကိုယ်စားလှယ်ဆီ ဖြန့်တယ်။ ပြန်ရောင်းတော့ ၂၀၀ နဲ့ ရောင်းကြတယ်။ ၂၀၀ ထက်တော့ ပိုမရောင်းကြဘူး။ ပြဿနာက စောင်ရေနည်းတုန်းဆိုရင် ဒီဈေးနှုန်းက အဆင်ပြေသေးတယ်။ စောင်ရေ များလာပြီဆိုရင်တော့ ဒီဈေးနှုန်းလည်း ပြန်စဉ်းစားရမယ့်သဘော ရှိတယ်" ဟု စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ပြောကြားပါသည်။
သတင်းစာတိုက်များ အနေဖြင့် ရေရှည် ရပ်တည်နိုင်ရန်အတွက် သတင်းစာ အင်္ဂါရပ်နှင့်ညီသော သတင်းများကို ဖော်ပြနိုင်ရေးသည် ရေရှည်တွင် စကားပြောမည်ဖြစ်ကြောင်းနှင့် အချိန်မီ ဈေးကွက်အတွင်း အရောက်ပို့နိုင်ရန် အဓိက ကျမည်ဖြစ်ကြောင်း ပြောကြားမှုများလည်း ရှိနေသည်။ ထိုအချက်များကို ဖြည့်ဆည်းနိုင်ရန် မကြိုးစားပဲ အစိုးရ သတင်းစာများနှင့် အပြိုင် ဈေးနှုန်းလျှော့ချခြင်းဖြင့် ဈေးကွက်ရရှိအောင် ကြိုးပမ်းမည် ဆိုပါက သတင်းမီဒီယာလောက ပြိုကျသွားနိုင်ကြောင်းလည်း ပြောဆိုကြသည်။
"နေ့စဉ်ထုတ်ဆိုတာ မနက် ၇ နာရီ ၈ နာရီ ရောက်သွားရင် အပုံလိုက်ကျန်ရော။ Sheet Fed စက်တွေနဲ့ဆိုတော့ စောင်ရေသုံးသောင်း၊ လေးသောင်း အချိန်မီပြီးဖို့ မလွယ်ဘူး။ Binding က ရှိသေးတယ်။ စောစောဖြန့်ဖို့ဆိုရင် စောစောဖောင်ပိတ်ရမှာ ဆိုတော့ နေ့စဉ်ထုတ်တစ်ခုရဲ့ အင်္ဂါရပ်နဲ့ ဘယ်လိုမှ မညီနိုင်ဘူး။ အခုထွက်နေတဲ့ သတင်းစာတွေလည်း Sheet Fed စက်တွေနဲ့ပဲ ရိုက်တာပါ။ စောင်ရေများလာလေ အချိန်မီပြီးဖို့ ခက်လေပါပဲ။ အစိုးရသတင်းစာဈေး ၅၀ ကို ယှဉ်နိုင်ဖို့ အခုထွက်လာတဲ့ သတင်းစာတွေက တစ်ရာကျော်နဲ့ ဖြန့်ကြတယ်။ အဲဒီတော့ နောက်ထွက်မယ့်သူတွေက သူတို့ကို ယှဉ်ဖို့ အရှုံးခံပြီး ထုတ်ရလိမ့်မယ်။ ရေရှည်အတွက် တော်တော် ရုန်းကန်ရလိမ့်မယ်။ အစိုးရဈေးနှုန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဂျာနယ်တစ်စောင်ကို ဈေးကွက်ထဲမှာ ငါးရာ ခြောက်ရာ ရောင်းတယ်။ သတင်းစာတွေက တစ်ရာတစ်ရာ့ငါးဆယ် ရောင်းတယ်။ ဂျာနယ်တွေ ဈေးနှုန်းဘယ်လောက် တောင့်ခံနိုင်မလဲ။ ကျွန်တော်တို့တောင် အောင်မြင်နေတဲ့ Weekly Eleven News Journal ကို ဈေးချဖို့ စဉ်းစားရတော့မယ်။ စက္ကူဈေးလျှော့ဖို့ စဉ်းစားနေရပြီ။ ပရိသတ်ရဲ့ ရွေးချယ်မှုမှာ ဈေးနှုန်းကလည်း စဉ်းစားစရာ ဖြစ်နေတယ်။ အစိုးရ သတင်းစာ ဈေးကိုပဲ လိုက်ကြည့်နေမယ်ဆိုရင် Printed News Media တစ်ခုလုံး ပြိုကျသွားလိမ့်မယ်" ဟု Eleven Media Group ၏ Managing Director ဒေါက်တာသိန်းမြင့်က သုံးသပ်ပါသည်။    
ဖေဖော်ဝါရီလအထိ ထုတ်ဝေခွင့် ပြုထားသည့် အပတ်စဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများ စာရင်း
(၁) အနုပညာ ဂျာနယ် ၃၆
(၂) နည်းပညာ ဂျာနယ် ၁၇
(၃) ကျန်းမာရေး ဂျာနယ် ၁၁
(၄) ကလေး ဂျာနယ် ၁၃
(၅) စီးပွားရေး ဂျာနယ် ၅၄
(၆) မှုခင်း+ဥပဒေ ဂျာနယ်
(၇) ပညာရေး ဂျာနယ် ၁၀
(၈) ဘာသာရေး ဂျာနယ်
(၉) သတင်း ဂျာနယ် ၁၂၉
(၁၀)အားကစား ဂျာနယ် ၅၁
(၁၁) မဂ္ဂဇင်း          ၂၃၆
စုစုပေါင်း              ၅၇၀

အာဆီယံ နိုင်ငံအချို့တွင် ထုတ်ဝေနေသော သတင်းစာများ၏ ဈေးနှုန်းများ
နိုင်ငံ သတင်းစာအမည် စောင်ရေ ဈေးနှုန်း
ထိုင်း Thairath ၁၀၀၀၀၀၀ ၁၀ ဘတ်
စင်ကာပူ The Straits Times ၃၆၀၀၀၀ .၈ ဒေါ်လာ
မလေးရှား The Star ၃၀၀၀၀၀ ၁ .၂ ရင်းဂစ်

မတ်လ နောက်ဆုံးပတ်အထိ ရရှိထားသော စာရင်းများအရ ထုတ်ဝေခွင့် ပြုထားသည့် နေ့စဉ်ထုတ် သတင်းစာ စာရင်း
(၁) The Daily Eleven နေ့စဉ်သတင်းစာ
(၂) ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ
(၃) ပြည်ထောင်စု နေ့စဉ်သတင်းစာ
(၄) အင်ပါယာ နေ့စဉ်သတင်းစာ
(၅) The Messanger နေ့စဉ်သတင်းစာ
(၆) နောက်ဆုံးရ နေ့စဉ်သတင်းစာ
(၇) မြန်မာ နယူးစ်ဝိခ် နေ့စဉ်သတင်းစာ
(၈) မဇ္ဈိမ နေ့စဉ်သတင်းစာ
(၉) ခေတ်မိုး နေ့စဉ်သတင်းစာ
(၁၀) စံတော်ချိန် နေ့စဉ်သတင်းစာ
(၁၁) ခေတ်သစ် နေ့စဉ်သတင်းစာ
(၁၂) ရန်ကုန်တိုင်း(မ်) နေ့စဉ်သတင်းစာ
(၁၃) မြန်မာအဓိက နေ့စဉ်သတင်းစာ
(၁၄) ဒီလှိုင်း နေ့စဉ်သတင်းစာ
(၁၅) ပြည်ထောင်စုအသံ (The Voice Daily) နေ့စဉ်သတင်းစာ
(၁၆) 7 Days Daily နေ့စဉ် သတင်းစာ
Eleven Media Group

No comments:

Post a Comment