Sunday, April 7, 2013

အစိုးရသစ်လက်ထက် နှစ်နှစ်အတွင်း ၀န်ကြီးဌာန အားလုံး၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာ အများပြည်သူအတွက် ထိရောက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်


အစိုးရသစ် နှစ်နှစ်သက်တမ်းအတွင်း ၀န်ကြီးဌာနအားလုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း ၀န်ကြီးဌာန အချို့သာ အများပြည်သူအတွက် ထိရောက်အောင်မပြောင်းလဲနိုင်သေးသည်ဟု ၀န်ကြီးဌာနများနှင့် ဆက်စပ် လုပ်ကိုင် နေသူ များ၊ ကော်မတီ အချို့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အများပြည်သူအတွက် ထိရောက်အောင် ပြောင်းလဲသည်ဟု ဆိုရာတွင်ပြောင်းလဲလိုက်သည်နှင့် အချိန်တိုအတွင်း ပြောင်းလဲပေးသည့် အကျိုးဆက်ကို အများပြည်သူမှ ခံစားရခြင်း စံနှုန်း၊ နိုင်ငံတော်အပေါ် ပြန်လည် အကျိုးပြုနိုင်သည့် စံနှုန်းဖြင့် တိုင်းတာ၍ သုံးသပ်ခြင်း ဟု ဆိုသည်။

ဝန်ကြီးဌာန ၃၆ ခုတွင် စီးပွားရေး/ကူးသန်း၊ ဘဏ္ဍာ/အခွန်၊ စီးပွား/စီမံ၊ပြည်ထဲရေးအောက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၊ လ၀က၊ ဆက်သွယ်ရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနအချို့၏ ပြုပြင်ပြောင်းလဲမှုများမှာ အချိန်တိုအတွင်း အများပြည်သူနှင့် နိုင်ငံတော်အား ပြန်လည်အကျိုးသက်ရောက် စေခဲ့သည်ဟု သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် လူတစ်ဦးတည်းမှ ချုပ်ကိုင်တင်သွင်းနေသည့် စားအုန်းဆီအား မည်သူမဆို တင်သွင်းခွင့် ပြုလိုက်ခြင်း၊ စက်သုံးဆီ တင်သွင်းခွင့်အား မည်သူမဆို တင်သွင်းခွင့် ပေးခဲ့ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်မလိုဘဲ ကုန်သွယ်နိုင်ခြင်း၊ ကုမ္ပဏီ မထောင်နိုင်သူများအား တစ်ဦးချင်း ကုန်သွယ်မှုကတ်များ ထုတ်ပေးကာ ကုန်သွယ်စေခြင်း၊ နယ်စပ် ကုန်သွယ်မှု ကဏ္ဍတွင်လည်း မလိုအပ်သည့် ဂိတ်များကို ဖယ်ရှားခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်များ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နိုင်ခဲ့ခြင်းများ ပြုလုပ်ပေးခဲ့သည်။

အချိန်များစွာပေး၍ လိုင်စင်ယူရသည့် ပြဿနာများ ကင်းရှင်းသွားပြီး အများပြည်သူ အနေဖြင့် လျှင်မြန်စွာ ကုန်သွယ်နိုင်သည့်အပြင် လက်ဝါးကြီးအုပ် ချုပ်ကိုင်တင်သွင်းခွင့်ရသည့် ကုန်စည်များကိုလည်း ယခုအခါ တင်သွင်းခွင့် ရရှိခဲ့သည်။

ကျောက်စိမ်းတင်ပို့မှုမှရငွေ ထက်ဝက်ခန့် ထပ်မံကျဆင်းခဲ့၍ ကုန်သွယ်မှုပမာဏ လျော့ကျမည့် အနေအထား ကြုံခဲ့သော်လည်း လျှင်မြန်စွာ ကုန်သွယ်နိုင်သည့်အတွက် ယခင်နှစ် ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် အထက် မြင့်
တက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားငွေအား နှုန်းရှင်စနစ်သို့ ပြောင်းလဲနိုင်ပြီး နိုင်ငံတကာ ဘဏ်များဖြင့် ချိတ်ဆက်နိုင်သည်အထိ ပြုပြင်ပြောင်းလဲနိုင်သည့် အတွက် ကုန်သွယ်မှုတွင် ငွေလွှဲသည့်အခါ စင်ကာပူကဲ့သို့ နိုင်ငံမျိုးအား ကြားခံရန် မလိုသည့် အကျိုးဆက်အား အများပြည်သူမှ ရရှိခဲ့သည်။

ယင်းအပြင် ပြည်တွင်းအခွန် ဦးစီးဌာန အနေဖြင့်လည်း အခွန်ဥပဒေများအား ပြင်ဆင်လုပ်ကိုင်ခြင်း၊ ထိပ်တန်းအခွန်ထမ်း စာရင်းများ ထုတ်ပြန်ကာ အခွန်မပေးဆောင်ပဲ ရှောင်တိမ်းသူများလည်း တွန့်ဆုတ်စေရန်နှင့် အခွန်ဆောင်နေ သူများကိုလည်း သိရှိနိုင်ရန် လုပ်ဆောင်ခြင်း၊ အခွန်နှုန်း လျှော့ချပြီး အခွန်ထမ်း ပိုများပြားလာစေမည့် နည်းလမ်းအား အသုံးပြု ခြင်းတို့ကြောင့် အများပြည်သူမှ ပိုမို အခွန်ထမ်းဆောင် လာနိုင်ခဲ့သည်။

ထို့အတွက် ယခုနှစ်တွင် ထိပ်တန်းကုမ္ပဏီကြီးအချို့ အခွန်တိမ်းရှောင် နေသည့်ကြားမှ အခွန်ငွေကျပ် ဘီလျံ၂၅၀၀ နီးပါးအထိ ရရှိပြီး ယခင်အစိုးရ လက်ထက်က ရရှိသည့် နှစ်ဆအထိ ပိုရသည့်အတွက် နိုင်ငံတော်၌ အကျိုးပိုရှိခဲ့သည်။

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ မလိုအပ်သည့် အဆင့်များ လျှော့ချပေးသည့် အတွက် ထောက်ခံချက်ပေါင်း များစွာကို ဒုက္ခခံရယူ လုပ်ကိုင်ရခြင်း၊ စာအုပ်ရရေး အချိန်ကုန်လူပန်း ငွေကုန်ကြေးကျ များစွာဖြင့် လုပ်ကိုင်နေရခြင်း ဒုက္ခများမှ သက်သာခွင့် ရရှိခဲ့ပြီဖြစ်သည်။

လ၀က၏ D-Form လျှော့ချပေးမှု၊ ပြည်ဝင်ခွင့်ဗီဇာ လျှော့ချပေးမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်မှု လွယ်ကူစေ ရန် လျှော့ချပေးမှုများသည်လည်း အများပြည်သူအပေါ် အကျိုးရှိစေခဲ့သည်။

စီမံ/စီးပွား ၀န်ကြီးဌာန အနေဖြင့်လည်း ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲနိုင်ခြင်း ရှိခဲ့ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းအား တိုးမြှင့်ပေးခြင်း၊ One Stop Service ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း များအား ဆောင်ရွက်ပေးခြင်းများ ကြောင့်လည်း လုပ်ကိုင်ရသူများအတွက် အဆင့်များစွာ လျော့ကျခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဝေဖန်ထောက်ပြစရာ အချက်များစွာရှိသည့် အနေအထား ရှိနေသည်ဟု ဆိုသော်လည်း အနည်းငယ် လျှော့ချပေးလိုက်သည့် အချက်အရပင် ယခင်အစိုးရ လက်ထက်ဖြင့် နှိုင်းစာလျှင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု ပိုမို တိုးလာခဲ့ရ သည်။

ထိရောက်စွာ ပြောင်းလဲနိုင်မှု မရှိသည့် အချက်များအပေါ် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌဦးဇော်မြင့်ဖေက “လုပ်တတ်ဖို့ လိုပါတယ်။ ပြည်သူကို အကျိုးပြုမယ်ဆိုရင် လက်တွေ့ကျကျ ပြောင်းလဲဖို့လိုတာ။ 

အဓိကအချက်က Bottoms Up နည်းလမ်းနဲ့ သွားတဲ့အထိ ပြောင်းလဲနိုင်ရမယ်။ အောက်က ကျွမ်းကျင်ဝန်ထမ်းတွေကလည်း အထက်ကို တင်ပြနိုင်ရမယ်၊ အထက်က ၀န်ကြီးကလည်း လိုက်လုပ်နိုင်ရမယ်။ ၀န်ကြီးတွေရဲ့ Capacity ကလည်း အရေးကြီးတယ်။ အရင်လို အပေါ်ကနေလာတဲ့ စနစ်အတိုင်း ခေါက်ရိုးကျိုးနေရင် လည်နေမှာပဲ။ 

တစ်ကယ် အကျိုးရှိစေချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ State Organization တစ်ခုတည်းက ပြောင်းတာမျိုး မရဘူး။ အများပြည်သူအသံ နားထောင်ရတယ်၊ Public Participate ယူမှရတယ်။ 

အခုလက်တွေ့ကျကျ ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဌာနတွေဆိုတာ အများပြည်သူအသံ နားထောင်ပြီး ပြောင်းလဲလို့ အကျိုးရှိလာ တာလို့ ပြောလို့ရတယ်။ အခုထိလည်း ဥပဒေ အနည်းအကျဉ်းပဲ ပြင်ဆင်နိုင်သေးတယ် ပြောင်းစရာ အများကြီး ကျန်သေး
တယ်” ဟု ပြောပြခဲ့သည်။

အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ၏ အတွင်းရေးမှူး ဦးလှဆွေက “ဥပမာ-သတ္တုတွင်း ၀န်ကြီးဌာန ဆိုပါတော့ မပြောင်းလဲတာ မဟုတ်ဘူး ပြောင်းလဲတယ်။ မြေငှားရမ်းခကို အဆထောင်ကျော်လောက် မြှင့်လိုက်တယ်။ အများပြည်သူ အကျိုးရှိမယ့်အစား အခက်တွေ့ကုန်တယ်။ ဒီလိုပဲ သစ်တော၊ သမ၀ါယမ ၀န်ကြီးဌာနတွေ အပါအ၀င် ၀န်ကြီးဌာန အများစုက ပြောင်း
လဲမှု လုပ်နေပေမယ့် အများပြည်သူ အကျိုးရှိအောင် မပြောင်းလဲ နိုင်သေးဘူး။

ပြန်ကြားရေး ၀န်ကြီးဌာန ဆိုရင်လည်း မီဒီယာဥပဒေကို ရေးဆွဲတဲ့အခါမှာ အများပြည်သူအသံကို နားထောင်၊ ဆွေးနွေးပြီးမှ လွှတ်တော်တင်သင့်တာ။ ဘာကြောင့်လဲဆိုတော့ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်။

ဒီတော့ နိုင်ငံသားတွေရဲ့ ဆန္ဒ၊ နိုင်ငံသားတွေရဲ့ အသံကို နားထောင်ပြီး ပြုပြင်ပြောင်းလဲမှ အများပြည်သူကို အကျိုးပြု တဲ့ ပြုပြင်ပြောင်း လဲရေး ဖြစ်မှာပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြန်ကြားရေး ၀န်ကြီးဌာနကဲ့သို့ ပြည်သူ့ဘဏ္ဍာငွေအား အရှုံးခံသုံးစွဲကာ အများပြည်သူ သိရှိသင့်သည့် သတင်းများ ကိုပင်ရောင်းချရန်အထိ အများပြည်သူအား အကျိုးရှိသည်အထိ ပြောင်းလဲနိုင်စွမ်း မရှိသော ၀န်ကြီးဌာနများ ရှိနေသေးကြောင်း ၊ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း မှီခိုနေသော တောင်သူများအတွက် လယ်/ဆည် ၀န်ကြီးဌာန ၏ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများမှာလည်း တောင်သူများအပေါ် ထိရောက်သည့် အကျိုးဖြစ်ထွန်းမှုကို ပေးစွမ်းနိုင်မှု မရှိသေးကြောင်းလည်း သိရသည်။

From... Myawady News

No comments:

Post a Comment