Wednesday, April 24, 2013

“အခြေခံဥပဒေ ဘယ်လောက်ထိ ပြင်နိုင်မလဲ”

Share
စစ်အစိုးရလက်အောက်မှ အရပ်သားအစိုးရဆီသို့ ကူးပြောင်းခဲ့ပြီးနောက် အများမျှော်သည့် လွှတ်တော်သည်လည်း ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်သုံးရပ်၏ တာဝန် များနှင့်အညီ ဆောင်ရွက်နေကြသော်လည်း အဓိကပြဿနာသည်ကား အခြေခံဥပဒေပင်ဖြစ်၏။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယခင် တပ်မတော်အစိုးရ လက် ထက် ပြည်သူ့ဆန္ဒခံယူခဲ့ သော ဥပဒေဖြစ်သော်လည်း
အလိုမတူမှုများနှင့် ကန့်ကွက်မှုများလည်း ရှိနေခဲ့ ရှိနေဆဲဖြစ်သည်။ ထို့အတွက် လက်ရှိ အခြေခံဥပဒေအား တိုင်းပြည်၏ အခြေအနေနှင့် လိုက်လျောညီထွေသည့် လိုအပ်သောနေရာများ ပြင်ဆင်ရေးဆွဲရန်မှာ ဒီမိုကရေစီခေတ်အတွက် အရေးပါသောအရာ ဖြစ်သည်ဟု နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေးကျွမ်းကျင်သူများက ဆိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည် လွတ်လပ်မျှတ၍ ပြည်သူ့ဆန္ဒ အစစ်အမှန်နှင့် ကိုက်ညီမှသာ တိုင်းပြည်သည် လည်း အများမျှော်လင့်သကဲ့သို့ သားရွှေအိုးထမ်းနိုင်မည်က ငြင်းမရ။ ထို့အတွက် လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် မျက်မှောက်ခေတ် နိုင်ငံရေးအခင်းအကျင်းတွင် ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်နေသည့် ပုဂ္ဂိုလ်အချို့အား မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ဦးဝင်းမြင့်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဧပြီ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုပြီး ကြေညာ ခဲ့တယ်။ ကြေညာခဲ့တဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို NLD က ပြင်ဆင်ရေး ဆိုပြီး မပြောခဲ့ဘူး။ ကြားဖြတ်မှာ မဲဆန္ဒနယ် ၄ဝ ကျော်က ဝင်ခဲ့တာမို့ NLD က ပြင်ဆင်ရေးဆိုတာ မဖြစ်နိုင် ပါဘူး။ အခြားပါတီအဖွဲ့အစည်းတွေက စည်းရုံးပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ဒီ ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျဘူးဆိုတာ တွေ့တာ မြင်တာနဲ့ ကိုယ်တိုင် က ပြင်ဆင်ဖို့ သိခဲ့တာ။ ဒါကြောင့် NLD က ပြင်ဆင်ရေး လို့ မပြောဘူး။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးပဲ ပြောခဲ့တာ။ နောက် တစ်ခုက အခုကျတော့ အဲ့ဒီလိုပဲ အနိုင်ရ ပါတီ ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ရေးဆိုပြီး အဆိုတင်သွင်းလာတယ်။ အဲ့ဒီလိုတင်သွင်းတော့ လွှတ်တော် ဥက္ကဋ္ဌက ကန့်ကွက်သူ ရှိ မရှိ မေးလာတဲ့ အခါကျတော့ ကျန်ကိုယ်စားလှယ်တွေကလည်း မကန့်ကွက်ခဲ့ဘူး။ ထောက်ခံခဲ့တယ်။ အဲ့ဒီလို ထောက်ခံခဲ့တော့ တိုင်းပြည်နဲ့ ပြည်သူအကျိုးရှိ ဖြစ်ထွန်းစေမယ့် ကိစ္စမှန်သမျှကို ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့မထားဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမှာ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး အဆင့်ပဲရှိတယ်။ လေ့လာသုံးသပ် ပြင်ဆင်ရေးဆိုတာ မပါထားဘူးဆိုတာ သတိပြုရလိမ့်မယ်။ လေ့လာသုံးသပ်တာပဲ ရှိသေးတာနော်။ လေ့လာ သုံးသပ် ပြင်ဆင်ရေးဆိုတာ မတွေ့ရဘူး။ ဒါပေမဲ့ ပြင်ဆင်မယ်ဆိုရင်လည်း ဖြစ်စေချင်တာက ဘယ်လောက်ထိ ပြင်ဆင်မလဲဆိုရင် PR ကိုယ်စားလှယ် အချိုးကျ စနစ်ကိုပြောင်းဖို့ ပြင်ဆင်တာ ဦးတည်တာမျိုး မဖြစ်စေချင်ဘူး။ ဘာလို့လဲ ဆိုတော့ PR စနစ်ပုံစံက အချိုးကျ ကိုယ်စားလှယ်စနစ်က အခုဒီမိုကရေစီ ကူးပြောင်းကာလနဲ့ သင့်တော်ရဲ့လား။ မဲဆန္ဒရှင် ပြည်သူတွေက ဒီမိုကရေစီ မပြည့်ဝသေးတဲ့အချိန်နဲ့ ကိုက်ညီရဲ့လား။ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်မယ်ဆိုရင် အင်အား တောင့် တင်းခိုင်မာတဲ့ ပါတီတစ်ခုခုကတော့ ဦးစီးဦးဆောင်ပြုမှ ဖြစ်မယ့် ကိစ္စမျိုးဖြစ်တယ်။ ဒါဟာ ဆောင်ရွက်ဖို့ လိုတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် တာဝန်ယူမှု တာဝန် ခံမှု ကိုယ်စားလှယ် သတ်သတ်မှတ်မှတ် မရှိသင့်ဘူးလား။ ဒီလိုသာ အချိုးကျ ရမယ်ဆိုပြီးတော့ ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲအစိုးရပါတီတွေ ပေါ်လာရင် တိုင်းပြည်ရဲ့ ကံကြမ္မာ မစိုးရိမ်ကြဘူးလား။ ကမ္ဘာ့ဒီမိုကရေစီအင်အားကြီး နိုင်ငံတွေတောင်မှ PR စနစ် အချိုးကျစနစ်ကို မကျင့်သုံးလာတဲ့မူကိုလည်း သတိမပြုသင့် ဘူးလား။ စဉ်းစားသုံးသပ် စရာတွေ လိုလာပြီ။ ဒါကြောင့် PR စနစ်က မဲအများဆုံးရတဲ့ပါတီကြီး ၂ ခု၊ ၃ ခုက ကိုယ်စားလှယ်အချိုးအစားက အကျိုးများလာမှာ ဖြစ်ပြီးတော့ ပါတီငယ်တွေ တိုင်းရင်းသားပါတီတွေ အတွက်ကတော့ ဖွံ့ဖြိုးမှုနည်းလာ နိုင်တာ တွေ့ရတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထိခိုက်မှာကို လည်း ကြည့်သင့် တယ်။ ဒါကြောင့် PR စနစ်နဲ့ပတ်သက်ရင် PR စနစ် တစ်ခုတည်းကို ဦးတည်ပြီး ပြင်တာတော့ မဖြစ်သင့်ဘူး။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ပြီး လူ့အခွင့်အရေး အတိအကျရမယ့် ပြင်ဆင်ချက်မျိုးကို ပိုပြီးတော့ ဦးစားပေးပြီးတော့ ပြင်သင့်တယ်လို့ ညွှန်းတယ်။ အခုအချိန်မှာ အညွန့်တက်ခါစ ဒီမိုကရေစီ အပင်ပေါက်ကို အပင်သတ် ခံရတာမျိုးကို သတိပြုရမယ့် အနေအထားမျိုး ဖြစ်တယ်။ နောက်တစ်ခုက ဒီဖွဲ့စည်းပုံနဲ့ ကြည့်လို့ရှိရင် ပြင်ဆင်ခွင့်ရမယ်ဆိုရင် လည်း အန်ကယ့်အမြင်ကတော့ လွတ် လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရရန် ကြိုးစားရမယ်။ တစ်ဦးတစ်ယောက် တစ်ပါတီတစ်ဖွဲ့စည်းကို ရည်ညွှန်းပြီး တော့ လွတ်လပ်မှု မပေးဘဲနဲ့ ကန့်သတ် တားမြစ်မှုတွေ အမျိုးမျိုး ပြုလုပ်ပြီး တရားမျှတမှုကင်းစွာ မူတွေချမှတ် ထားပြီးတော့ တခြားတစ်ဦးတစ်ယောက် တစ်ပါတီ တစ်ဖွဲ့စည်းကိုတော့ အခွင့်အရေးတွေပေးမယ့် အခြေအနေ ဖန်တီးထားတဲ့မူတွေကို ဒီမိုကရေစီ ဖြစ်စဉ်နဲ့ မညီညွတ်တဲ့ ပြဋ္ဌာန်းချက်တွေကို ကြိုးစားပြီး ပြင်ဆင်သွားမှာ ဖြစ် တယ်။ ဘာလို့လဲဆိုတော့ အချုပ်အခြာ အာဏာက ပြည်သူထံမှဆင်းသက်တယ်ဆိုတာ ဒါဒီမိုကရေစီရဲ့ အခြေခံမူပဲ။ ဒီမူအရ ပြောရမယ်ဆိုရင် အများပြည်သူ ဆန္ဒနဲ့ ကိုက်ညီတဲ့ အများပြည်သူကလည်း ထောက်ခံတဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး အာဏာကြီး ၃ ရပ် ပေါ်ပေါက်ဖို့ ပြင်ဆင်သွား ရမှာဖြစ်တယ်။ အများပြည်သူက ထောက်ခံမယ့် အများပြည်သူကလည်း ဆန္ဒနဲ့ ကိုက်ညီတဲ့ အစိုးရအဖွဲ့အစည်း ဖြစ်အောင် အန်ကယ်တို့ကလည်း ပြင်ဆင်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စုပုံစံ မှေးမှိန်သွားမယ့်၊ ဒီမို ကရေစီရရှိရေးကို နှောင့်နှေးသွားမယ့်၊ လူ့အခွင့်အရေးတွေ လျော့နည်းသွား မယ့်ကိစ္စမျိုး မဖြစ်အောင် ကြိုးစား ပြီးတော့ ပြင်ဆင်သွားမယ်။ နောက်တစ်ခါ တိုင်းရင်းသားလူမျိုးစုများ အားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်၊ လူ့အခွင့်အရေး တွေကိုအာမခံတဲ့ နိုင်ငံတော်ဖြစ်အောင် ကြိုးစားပြီး ပြင်ဆင်သွားရမှာ ဖြစ်တယ်။ အန်ကယ့် အထင်ကတော့ ၁၂ ချက် ကတော့ အကုန်ရမှာ မဟုတ်ဘူး။
ဦးစိုင်းပေါင်းနပ်
(‘ဝ’ တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
လွှတ်တော်မှာ လေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်တစ်ခု ဖွဲ့စည်းမယ်ဆိုတာမှာ ခုချိန်ထိ ဖွဲ့တာ မရှိသေးဘူးဆိုတော့ ၂ဝ၁၅ ခုနှစ် မတိုင်ခင်တော့ လေ့လာသုံးသပ်ပြီးမယ့် အဆင့်လောက်ပဲရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူဆတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့သိပ်ပြီးကိုင်တွယ် နိုင်ဦးမယ် မထင်ဘူး။ သုံးသပ်တဲ့ အခြေ အနေပေါ်မှာမူတည်ပြီးပဲ လုပ်သွားမယ် ထင်တယ်။ ပြင်ဆင်ဖို့အတွက် မူအရ ပြင်လို့မလွယ်တဲ့ ပုဒ်မပေါင်း တစ်ရာ လောက်ရှိတယ်။ အဲဒီပုဒ်မ တစ်ရာ လောက်က လွှတ်တော်ဆုံးဖြတ်ချက်နဲ့ ၇၅ ရာခိုင်နှုန်း အတည်ပြုချက်ရပြီး ပြည်သူရဲ့ ဆန္ဒကိုခံယူမယ့်အပိုင်းပေါ့။ ဒါက ပြင်ဆင်ရန် ခက်ခဲတဲ့အပိုင်း။ ပြည်သူ တစ်ဝက် ကျော် မဲဆန္ဒပေးပြီးမှ ပြင်လို့ရမယ်။ အဲဒီပုဒ်မတစ်ရာလောက်က ၂ဝ၁၅ ခုနှစ်အတွင်းမှာပြင်ဆင်နိုင်လိမ့် မယ်လို့မထင်ပါဘူး။ပြင်ဆင်လို့ လွယ်တဲ့ ဟာလောက်ပဲပြင်လို့ ရနိုင်မှာပါ။
ဒေါ်ခင်ဝိုင်းကြည်
(အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဖြစ်နိုင်တယ်။ ၂ဝ၁၅ အတွင်း ရွေးကောက်ပွဲ မတိုင်ခင် ပြင်သွားနိုင်တဲ့ အချက်တွေရှိတယ်။ ပြည်သူအတွက် အဆိပ်အတောက်ဖြစ်တဲ့အချက်တွေ ကို ပြင်ဆင်သင့်တယ်လို့ ယူဆတယ်။ ပြည်သူအကျိုးအတွက် ဆွေးနွေးလာမယ်။ ပြင်ဆင်မယ်ဆိုရင် ထောက်ခံမယ်။ ပေါ့ပေါ့လေးတွေး၊ ပေါ့ပေါ့လေး ဆုံးဖြတ်လို့ မရသလို ပေါ့ပေါ့လေး အတည်ပြုလို့မရဘူး။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကုန်နှိုင်းယှဉ်ပြီး ဆုံးဖြတ် သွားရမယ့်အရာပါ။ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ ၄၅၇ ခုမှာ ဘယ်အချက် တွေကို အကျိုးပြု၊ မပြု အချက်တွေကို သိရမယ်။ ပြင်ရမယ့်အချက်တွေထဲမှာ သိပ်အများကြီး ပြင်နိုင်မယ်လို့ မထင် ဘူး။ ပြည်သူလည်း ပါဝင်ဆုံးဖြတ်နိုင် အောင် သတင်းစာကနေ ကြေညာ သွားရမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် နိုင်ငံသားတွေကလည်း လိုအပ်တဲ့အချက်တွေကို ရေးပြီး လွှတ်တော်ကို ပို့၊ သက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေ ဆီ ပြောပြ၊ ရေးပို့ဖို့ လည်း ရှိလာမယ်။ အဲလို ဖော်ထုတ်ပြီး တင်ပြဖို့ လိုပါတယ်။ ဒီပြင်ဆင်ရေးတွေမှာ ပြည်သူကနေ လွှတ်တော်ကို ရေးပြီး ပို့ကြဖို့ လိုပါတယ်။ ပွင့်လင်းမြင် သာမှု ရှိအောင် လုပ်ဖို့လည်း လိုပါတယ်။
ဦးလှဆွေ
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
အဓိကကတော့ နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျထားတဲ့ သူက သမ္မတလုပ်ခွင့် ရှိ မရှိတို့၊ သား သမီးတွေက အခြားနိုင်ငံသား ယူပြီး သွားနေတဲ့ကိစ္စတွေ ဆွေးနွေးမယ် ထင်ပါတယ်။ နောက်တစ်ခါ တပ်မတော် သား ၂၅ ရာခိုင်နှုန်းပါဖို့ လို မလိုပေါ့နော်။ ဒါတွေကအဓိကပေါ့။ ရာနှုန်းပြည့် ပြင်စရာမလိုဘူးလို့ ထင်ပါတယ်။ အခြေခံဥပဒေကို အစက ပြန်ဆွဲမယ်လို့ ပြောနေတာတွေက မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုဒ်မ ၄ မှာဆိုရင် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည် ဆိုတဲ့အချက်၊ ဒါထက်ကောင်းတာ ဘာမှမရှိတော့ဘူး။ သမ္မတတောင်မှ နိုင်ငံသားများ အောက် သွားရတာကိုး။ ဒီလိုကောင်းတဲ့ဟာတွေ ကတော့ ဘယ်လိုလုပ် ပြင်မှာတုန်း။ ခုဟာက ပါတီပေါင်းစုံက လူတွေက အကုန်လုံးကို စည်းလုံးနေကြတယ်။ အားလုံးကောင်းမယ်လို့ ယူဆရတဲ့ဟာကို ဆွေးနွေးတာ နားထောင် ကြဦးမယ်လေ။ ပြင်ဆင်လို့ အောင်မြင်တဲ့ အခြေ အနေကို ရာနှုန်းအားဖြင့်တော့ ပြောမရ ဘူးပေါ့။ ဆွေးနွေးတာကို နားထောင် ပြီးမှ ဖြစ်သင့်၊ မဖြစ်သင့် လုပ်ရမှာ ဆိုပါတော့။ ပြင်တာတော့ ပြင်ရမယ်။ ဒါကြောင့် စောင့်ကြည့်ရမယ်။
ဒေါက်တာအေးမောင်
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာက ယုံကြည်မှုရှိဖို့ လိုတယ်။ ပြည်ထောင်စုကို ဒီအတိုင်းထားလို့မရဘူး။ ရည်မှန်းချက်တစ်ခုထားဖို့ ဆိုရင် ရဲရဲတင်းတင်း၊ သိက္ခာ ရှိရှိ ဖြစ်နိုင်ဖို့ လိုတယ်။ လျှော့ပေးသင့်တာကို သိက္ခာရှိရှိ လျှော့ပေးရမယ်။ နိုင်ငံအတွက် သဘောထားကြီးကြီးထားဖို့ လိုတယ်။ ပြင်ဖို့ မဖြစ်နိုင်ရင် ဖွံ့ဖြိုးမှုနောက်ကျမယ်။ အဲဒီကြောင့် ၂ဝ၁၅ မှာ ဖြစ်ကိုဖြစ်ရ မယ်ဆိုတဲ့ စိတ်ကိုထားရမယ်။ ယုံပါတယ်။ ကြံ့ခိုင်ရေးပါတီက သူတို့ ဆောက် ထားတဲ့ အိမ်ကို သူတို့ပြင်ဖို့လုပ်တာ လေးစားပါတယ်။ တပ်မတော်၊ NLD တွေနဲ့ တိုင်းရင်းသားပါတီတွေ အကုန်ပါမှ ရလိမ့်မယ်။ ဟန်ဆောင်လုပ်လို့ မရဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရပ်ကျေးတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အရိုးပဲကျန်ကျန် လုပ်နိုင်ရမယ်။ စွန့်လွှတ်နိုင်ရမယ်။ သူရဲဘောကြောင် နေလို့ မရဘူး။ ပြင်မယ်ဆိုရင် ၆ လ တစ်နှစ်အတွင်းမှာ အရည်အချင်း ရှိတဲ့ သူတွေ ပညာရှင်တွေလုပ်ရင် ဖြစ်သွား မှာပါ။
ဒေါ်ဒွဲဘူ
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကော်မရှင်ဖွဲ့ပြီးတာနဲ့ ဆောင်ရွက်သွားရမယ့် ကိစ္စရပ်လို့ မြင်ပါတယ်။ ၂ဝ၁၅ ခုနှစ်မတိုင်မီ ဒီကြားထဲမှာ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ဒီကြားထဲမှာ တော်တော် များများတော့ ကျွန်မတို့ ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်။ (ဘာဖြစ်လို့လဲဆိုတော့ အခုက ကျွန်မတို့က ဥပဒေတွေ လွှတ်တော်ထဲ မှာ လုပ်နေတာလည်း ဒီလောက်တော့ မကြာဘူး။ တစ်ခုရှိတာတော့ အဲ့ဒီ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ အခါမှာ အခုလည်း လက်နက်ကိုင် တိုင်းရင်းသား အုပ်စုပေါ့နော်။ သူတို့ ကလည်း လောလော ဆယ် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင် ရွက်ထားချက်မှာ သူတို့ ကွန်ပလိန်း တက်တာမျိုး ရှိနေတဲ့ အခုကျတော့ ကျွန်မတို့ ဒီဘက်မှာ ဖြစ်တာတွေ ရှိနေ သလို သူတို့လည်း သူတို့ထဲမှာ ဘာကို ပြင်ဆင်ချင်တာကို ညှိနှိုင်းဆောင်ရွက် မယ်ဆိုရင်တော့ ဒါက အမြန်ဆုံးပြီး မြောက်နိုင်မယ်ပေါ့နော်။
ပြည်သူလူထု အပိုင်းကလည်း ဒါကို ဆောင်ရွက်တဲ့နေရာမှာ အမြင်တွေကတော့ တစ်ယောက်တစ်မျိုးစီ ရှိမှာပါပဲ။ လက်ရှိ အနေအထားနဲ့ လိုက် လျောညီထွေတဲ့ကိစ္စရပ်ကို အကောင်းဆုံး ဘယ်ဟာကို ဦးစားပေးဆောင်ရွက် ရမယ်ဆိုတာကို ပြင်ဆင်ထားနိုင်မယ် ဆိုရင်တော့ ဒါက ဒီတစ်ခေါက် ပြင်ဆင် ရုံနဲ့လည်းပြီးမှာ မဟုတ်ပါဘူး။ အခြေခံ ဥပဒေဆိုတာ တောက်လျှောက် ပြင်ရမှာပဲ။ အဲဒီတော့ ဒီအခြေခံဥပဒေကို ကျွန်မအနေနဲ့ ကျွန်မတစ်ဦးတည်း အယူအဆနဲ့ဆိုလို့ရှိရင်တော့ ဒီအခြေခံ ဥပဒေကိုပြင်တဲ့ နေရာမှာ အရမ်းခက်ခဲအောင် လုပ်ထားတဲ့ ကိစ္စရပ်ကို အရင်ဆုံးပြင်ဖို့ လိုတယ်လို့ ကျွန်မအဲ့ဒီလိုပဲမြင်ပါတယ်။ ဒီတိုင်းရင်းသားကဏ္ဍတွေ၊ တပ်မတော်သား အခန်းကဏ္ဍ တွေ ပေါ့နော်။ အဲ့ဒါတွေကို မလွဲမသွေ ပြင်ဆင်သွားရမယ်လို့ ယူဆပါတယ်။ အထူးသဖြင့်တော့ အာဏာခွဲဝေမှုပေါ့။ အာဏာခွဲဝေမှုဆိုတာ ဒီဇယား (၁) နဲ့ ဇယား (၂) ပေါ့နော်။ တပ်မတော်ကဏ္ဍလည်း ကျွန်မတို့ ပြင်ဖို့လိုအပ်သလို ဒီအာဏာခွဲဝေမှုမှာ အခု ဖက်ဒရယ် စစ်စတမ်နဲ့သွားနေတာ မှန်ပေမယ့် တကယ် ပြည်ထောင်စုစစ်စစ် မဟုတ် ဘူးလေ။ ပြည်နယ်တွေမှာပေးထားတဲ့ အခွင့်အာဏာတွေက ပေးတော့ ပေးထားတယ်။ ဒါပေမဲ့ ဘာမှမလုပ်နဲ့ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။
နောက်တချို့ သမ္မတ ရွေးချယ်တဲ့ ဝန်ကြီးရွေးချယ်တဲ့ကိစ္စတို့ ဘာတို့လည်း ကျွန်မတို့ အခု လွှတ်တော်ထဲမှာ ၂ နှစ်ကျော် ၃ နှစ်ရှိလာတဲ့အခါကျ တော့ ကျွန်မတို့က အချို့ကိစ္စရပ်တွေက တော်တော်လေး ပြင်ရမယ်။ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ အဲဒီတော့ ဝန်ကြီးချုပ် ရွေးချယ်တဲ့ ကိစ္စတွေမှာဆို လည်း သမ္မတက ရွေးချယ်ထားတယ် ပေါ့နော်။ အဲ့ဒီတော့ သမ္မတကိုပဲ ဦးထိပ်ထားပြီး သမ္မတကိုပဲ ကြောက်နေတာ ပြည်သူလူထုကို အခြေမပြုနိုင် တော့ဘူး။ အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။ နောက်တစ်ခုက တရားသူကြီးတွေ ရွေးချယ်တဲ့အခါမှာလည်း သမ္မတက ရွေးချယ်တဲ့အခါကျတော့ ပြည်သူ့ တရားသူကြီးတွေ မဖြစ်တော့ဘူး။ သမ္မတကိုပဲ အလေးထားပြီးမှ တာဝန်ခံ နေရတဲ့အပိုင်းတွေ ဖြစ်နေတာပေါ့။ သူတို့ ပြင်ဆင်ချင်ဖို့ နောက်တစ်ခုက ပြည်သူလူထုနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေ ပြင်ချင်တဲ့ အတိုင်းအတာကို သူတို့ ခွင့်ပြုဖို့လည်း လိုအပ်ပါတယ်။
ပြင်နိုင်မယ့် အတိုင်းအတာက ကိုယ်စိတ်ရှိ လက်ရှိ ပြင်ချင်တယ်ဆိုလို့ ရှိရင် ကိုယ်ပြင်ချင်တဲ့ အတိုင်းအတာအထိ ပြင်နိုင်ပါတယ်။ ဒါကို အာဏာရ ပါတီနဲ့ တပ်မတော် အပိုင်းက သဘောတူ လက်ခံဖို့ပဲ လိုပါတယ်။ အခု ကွန်စတီကျူးရှင်းမှာ ဘာကို သွားလို့ရတယ်။ ဘာကို သွားလို့ မရဘူးဆိုတာ ကျွန်မတို့က တစ်ထိုင်တည်းတောင် သိနေပါပြီ။ ဒါတွေဟာ ကျွန်မတို့ ပြင်ဆင်မယ် ဆိုတာ ဘာမှတောင် မကြာဘူး။ အားလုံးကသိနေပြီ။ တစ်လအတွင်းတောင် ဒီကဏ္ဍတွေ ဘယ်ဟာတွေ ဘယ်ဟာ တွေ ဆိုတာ စိစစ်ပြီး လုပ်သွားနိုင်တယ်။ တစ်ခုရှိတာ ပြည်သူတွေ ချပြရမယ့် အပိုင်းရှိတယ်။ နောက်တစ်ခုက လွှတ်တော်ထဲမှာ ဆုံးဖြတ်ရမယ့် အပိုင်း ရှိတယ်။ အဲ့ဒီတော့ ပြည်သူလူထုထဲ ချပြရမယ့် အပိုင်းကတော့ အချိန်က ကာလ နည်းနည်းလိုတာပေါ့နော်။ ဒါပေမဲ့ ပြည်သူလူထုထံ ချပြရမယ့် အပိုင်းကတော့ ပြည်သူလူထုကတော့ ပြင်တာကိုကြိုက်မှာပဲ။ သူတို့ကတော့ သိပ်ပြီး စောဒကတက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့က အဟန့်အတားအနေ နဲ့တော့ ဒီတပ်မတော်အပိုင်းနဲ့ အာဏာရအစိုးရ အဖွဲ့ ပြည်ခိုင်ဖြိုးအပိုင်းနဲ့ ဘယ်အတိုင်းအတာအထိ သူတို့ပြင်မလဲ ဆိုတာပဲ။ ဘာဖြစ်လို့လဲဆို လက်ရှိမှာ သူတို့ရဲ့ ကန့်သတ်ချက်တွေ သူတို့ရဲ့ ရာခိုင်နှုန်းအရပေါ့။ သူတို့ ရဲ့ ပါဝင်မှုက မဖြစ်မနေ လိုအပ်တဲ့အတွက် သူတို့က တကယ်ပဲ ဒီကိစ္စမှာ စိတ်ရှိလက်ရှိပေါ့နော်။ တကယ် ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုတဲ့ ခံစားချက်မျိုး ပြင် ဆင်ချင်ဖို့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါ တယ်။
popular myanmar 

1 comment:

  1. ထူးဆန်းလှ ပါတကား။ အများအကျိုး ဆောင်ရွက်မယ် ဆိုတဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အာစေးများ ထည့်ထားကြသလား။ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတဲ့ တစ်လေသံထဲ ထွက်နေကြပါလား။ အခြေခံ ဥပဒေဆိုတာ ပြင်လို့ချည်း ရတာမဟုတ်ဘူး၊ အခြား option တွေ ရှိသေးပါသော်ကော။ အယင့်အယင်က လူကြိုက်နည်းတဲ့ အစိုးရတွေကတောင် လက်ရှိ ရှိပြီးသား အခြေခံ ဥပဒေကို လုံးဝ ဖျက်သိမ်း၊ လုံးဝ အသစ် ရေးဆွဲ ပြဌာန်းခဲ့ကြ ဘူးတာကို နမူနာ ယူသင့်ကြ ပါတယ်ဗျာ။ လက်ရှိ လူကြိုက်များတဲ့ Clean Government အဖို့ အခြေခံဥပဒေ တစ်ခုလုံးကို လုံးဝ ဖျက်သိမ်း၊ လုံးဝ အသစ် ရေးဆွဲ (ဆန္ဒခံယူပွဲနဲ့) ပြဌာန်း လိုက်ကြယင်ကော မိုးကြိုးပစ် ခံရမယ် ထင်နေကြလို့လား။ မြန်မာပြည်မှာ အခုလို လူကြိုက်များတဲ့ အစိုးရလက်ထက်မှာ အခြေခံ ဥပဒေ အသစ် ရေးဆွဲတတ်တဲ့သူတွေ အများကြီး ရှိနေမယ်လို့ ယုံကြည်ပါတယ်။

    ReplyDelete