Sunday, April 21, 2013

မင်းဓမ္မပန်းကွင်းကို ဒေါပုံသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားပြီး ယင်းနေရာ၌ အဆင့်မြင့်ဟိုတယ်၊ ရှော့ပင်း Complex၊ ရုပ်ရှင်ရုံနှင့် အီလက်ထရောနစ် စင်တာများပါသည့် စီးပွားရေး အဆောက်အအုံများ တည်ဆောက်မည်

4.21.2
မင်းဓမ္မပန်းကွင်းကို တွေ့ရစဉ်
ရန်ကုန်မြို့၏ ဒုတိယမြို့လယ် စီးပွားရေးဇုန်အဖြစ် ပြုလုပ်မည့် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မပန်းကွင်း ကို ဒေါပုံမြို့နယ် ယမုံနာလမ်းဘေးသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားပြီး ယင်းပန်းကွင်းနေရာတွင် အဆင့်မြင့် ဟိုတယ်၊ ရှော့ပင်း Complex ရုပ်ရှင်ရုံနှင့် အီလက်ထရောနစ်စင်တာတို့ ပါဝင်သော စီးပွားရေး အဆောက် အအုံများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့မှ ၈ ရက်နေ့ အထိ ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မင်းဓမ္မလမ်းနဲ့ ပြည်လမ်းကြား (တော်ဝင်လမ်း၏ မြောက်ဘက်)၊ အင်းစိန်မြို့ နယ် တော်ဝင်လမ်း၏ တောင် ဘက် မရမ်းကုန်းမြို့နယ် နေရာတို့ကို ဒုတိယ ဗဟိုစီးပွားရေးဇုန် တည်ဆောက်ဖို့ ရည်မှန်းခဲ့ပြီး အဲဒီမြေနေရာ ကနေ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံရှိ ရန်ကုန်မြို့တော် စည်ပင်က စီမံခန့်ခွဲလျက်ရှိတဲ့ မင်းဓမ္မပန်းကွင်း မြေနေရာအတွင်းမှာ စီးပွားရေး အဆောက်အအုံများ ဖြစ်တဲ့ အဆင့်မြင့်ဟိုတယ်၊ ရှော့ပင်း Complex၊ ရုပ်ရှင်ရုံနှင့် အီလက်ထရောနစ် စင်တာတွေကို တည်ဆောက်ဖို့ စီမံကိန်း ရေးဆွဲလျက် ရှိပါတယ်” ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
မင်းဓမ္မပန်းကွင်းကို ဒေါပုံမြို့နယ်၊ ယမုံနာလမ်းဘေးရှိ စတုရန်း ပေပေါင်း ၁၁၀၀၀၀ ကျော်ရှိသော ယမုံနာ ပန်းကွင်း မြေနေရာသို့ ပြောင်းရွှေ့ရန်ညွှန်ကြားခဲ့ရာ ယင်းနေရာတွင် ရေရရှိရန် ဆောင်ရွက်ပေးခြင်း၊ ပျိုးစောင့် တဲပေါင်း နှစ်ခန်းတွဲ ၅၆ ခန်းဆောက်လုပ်ခြင်း၊ ၁၀ ခန်းတွဲ သန့်စင်ခန်းနှစ်လုံး ဆောက်လုပ်ခြင်းဖြင့် ပန်းဆိုင် ပိုင်ရှင်များ အဆင်ပြေစေရန် ပြင်ဆင်ပေးလျက် ရှိကြောင်း၊ ယခု ရွေးချယ်ထားတဲ့ ယမုံနာ လမ်းနံဘေး မြေနေ ရာအပြင် နောင်ရေရှည် ရပ်တည်နိုင်ရန် ဒဂုံတောင် ၂၀ (က) ရပ်ကွက် လှော်ကား လမ်း တောင်ဘက် ၊ ရေကူးလမ်းနှင့် ၅၅ ရပ်ကွက်ကြား မြေရှစ်ဧကကို ဖော်ထုတ်ပေးရန် စီစဉ်လျက်ရှိသည် ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
မင်းဓမ္မပန်းကွင်းသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်၌ ခန့်မှန်းဧရိယာ ၈ ဒသမ ၅ ဧကခန့် ကျယ်ဝန်းပြီး ယင်းပန်းကွင်းတွင် အရောင်းပြခန်း ပေါင်း ၄၉၆ ခန်းရှိသည်။ ယင်းပန်းကွင်းကြီးမှ ပျိုးပင်ပေါင်း သိန်းသန်းချီ စိုက်ပျိုးနေသော စိမ်းလန်းဧရိယာ တစ်ခုလည်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ မင်းဓမ္မပန်းကွင်း ပြောင်းရွှေ့ရမည် ဖြစ်သောကြောင့် ယင်းနေရာမှ ပြောင်းရွှေ့ရမည့် နစ်နာသူများ အပေါ် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ မေးမြန်းချက်အပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က “မင်းဓမ္မပန်းကွင်းကို စီးပွားရေး အဆောက် အအုံ ဆောက်မယ့် အဲဒီစီမံကိန်းမှာ အဆောက်အအုံ၊ လမ်းနဲ့ယာဉ်ရပ်နားရန် နေရာများ ချန်လှပ်၍ စုစုပေါင်း မြေအသုံးပြုမှု၏ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ မြေလေးဧကခန့်ကို စိမ်းလန်းနယ်မြေ အဖြစ် အသုံးပြု မှာ ဖြစ် ပါတယ်။ နစ်နာသူ ပန်းဆိုင်ခန်း ၄၉၆ ခန်းအတွက် လုံလောက်တဲ့ မြေနေရာ အကျယ်ဝန်း ရှိတဲ့ ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးဘေးမှာ နေရာချပေးဖို့ ရွေးချယ်ထားတယ်။ ဒါကြောင့် ဆိုင်ခန်း ပိုင်ရှင်များနစ်နာမှုရှိမှာ မဟုတ်တဲ့အတွက် ပြောင်းရွှေ့မယ့် အစီအစဉ်ကို ပြန်လည် သုံးသပ်ပေးဖို့ မရှိပါဘူး” ဟု ဖြေကြားသည်။
From...Eleven

No comments:

Post a Comment