Thursday, April 18, 2013

လက်နက်ရောင်းဝယ်မှုများမှ လွဲ၍ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံးကို EU က ရုတ်သိမ်းပေးမည်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် ဥရောပသမဂ္ဂ (EU) က လက်နက်ရောင်းဝယ်မှုများမှလွဲ၍ မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံး ကို လာမည့်အပတ်အတွင်း ဖယ်ရှားပေးလိမ့်မည်ဟု ဧပြီ ၁၇ ရက်နေ့က EU မှထွက်ရှိလာသော အထောက်အထား တစ်ရပ်အပေါ် ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။
EU သည် လွန်ခဲ့သည့်တစ်နှစ်ခန့်မှစ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှု အများစုကို ဖယ်ရှားပေး ရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လက်နက်ရောင်းဝယ်မှု များမှအပ ကျန်ရှိနေသေးသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဖယ်ရှားရန်အတွက် EU သံတမန်များ၏ သဘောတူညီ ထားပြီးဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့တွင် သက်ဆိုင်ရာ ၀န်ကြီးများ၏ ခွင့်ပြုချက် ရရှိလာမည်ဖြစ်သည်။
EU သည် မြန်မာနှင့် ရေရှည်လက်တွဲ သွားနိုင်မည့် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင် ရန် မျှော်လင့်လျှက် ရှိကြောင်း သိရသည်။
EU သည် မြန်မာနိုင်ငံမှ ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၁၀၀၀ ၀န်းကျင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့်ကို EU သို့ ၀င်ခွင့်ပိတ်ပင်ထားခဲ့သည်။ ထို့ပြင် စစ်ဘက်ဆိုင်ရာ နည်းပညာ အကူအညီပေးမှုများကို ပိတ်ပင် ထားပြီး သထ္ထုတူးဖော်ခြင်း၊ သစ်နှင့် အခြားအဖိုးတန် သထ္ထုများ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိတ်ပင်ထားသည်။
၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ထွန်းလာသည့် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများကို ဂုဏ်ပြုသောအားဖြင့် အမေရိကန် အစိုးရနှင့် အခြား အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု အများစုကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ အောက်တွင် နေအိမ်တွင် ၁၇ နှစ်ကြာ အကျယ်ချုပ်ခံ ထားခဲ့ ရသော ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည်လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံခြား တိုင်းပြည်များသို့လည်း အလည်အပတ်ခရီးများ အကြီမ်ကြိမ် သွားရောက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကမ္ဘာကျော် Carlsberg ဘီယာသည် နှစ်ပေါင်း ၂၀ ကျော် ဝေး ကွာနေသော မြန်မာနိုင်ငံဈေးကွက်သို့ ပြန်လည်ဝင်ရောက် လာခြင်းဖြင့် EU နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံ မှုများ ပြန်လည် စတင်ခဲ့သည်။
EU သည် မြန်မာနိုင်ငံ အစိုးရ၏ ပြောင်းလဲမှုများကို ဂုဏ်ပြုနေသည့်နည်းတူ ကျန် ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကိုလည်း ချွင်းချက်မရှိ လွှတ်ပေး ရန် တောင်းဆို ထားကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ရွှေ့ပြောင်းခဲ့ရသော လူများတွင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနေခြင်းကိုလည်း အစိုးရအနေဖြင့် ကိုင်တွယ်ဖြေ ရှင်းပေးရန် တောင်းဆိုထားပါသည်။
From...Eleven

No comments:

Post a Comment