Tuesday, May 21, 2013

မီဒီယာလောကအတွက် တတိယမြောက် ဥပဒေကြမ်းတစ်ခု ထပ်ပေါ်လာပြန်

မြန်မာမီဒီယာလောက၌ ရှိထားပြီးဖြစ်သော ဥပဒေများကို ဖျက်သိမ်းခြင်း မရှိသေးဘဲ အသစ်ရေးဆွဲနေသော ဥပဒေကြမ်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေချိန်တွင် မီဒီယာလောကအတွက် တတိယမြောက် ဥပဒေကြမ်းတစ်ခု ထပ်မံပေါ်ပေါက် လာခဲ့ကြောင်း သိရသည်။
ထိုဥပဒေကြမ်းမှာ ''အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်း'' ဖြစ်ပြီး မေ ၂၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော ဥပဒေကြမ်း ဖြစ်ပါသည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော သတင်းစာများနှင့် ရေဒီယို ရုပ်သံလိုင်း အစရှိသည့် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲရာ၌ ကျင့်သုံး လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဖော်ပြခဲ့သော ဥပဒေကြမ်း ဖြစ်ပါသည်။

ဥပဒေကြမ်းတွင် အခန်း(၁၄)ခန်း ဖော်ပြခဲ့ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုင်ရာ အခြေခံမူများ၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာလုပ်ငန်း ထူထောင်ခြင်း ရပိုင်ခွင့်နှင့် တာဝန်များ၊ စီးပွားဖြစ် မဟုတ်သည့် မီဒီယာများ၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကောင်စီ၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အုပ်ချုပ်ရေး အဖွဲ့၊ ကျင့်ဝတ်နှင့်လုပ်ငန်း ဆောင်ရွက်ပုံစည်းမျဉ်း၊ အများပြည်သူဝန်ဆောင်မှု သတင်းစာလုပ်ငန်း၊ အများပြည်သူ ၀န်ဆောင်မှု ရေဒီယို ရုပ်သံလွှင့်လုပ်ငန်း၊ ရန်ပုံငွေနှင့် တာဝန်ယူမှုဆိုင်ရာ အခန်းများကို ထည့် သွင်းခဲ့ပါသည်။

အကျိုးအမြတ်ကို ရှေးရှုခြင်းမရှိဘဲ အများပြည်သူ ၀န်ဆောင်မှုအဖြစ် နိုင်ငံပိုင် မီဒီယာများကို ပြောင်းလဲရန် အတွက် ရေးဆွဲခဲ့သော အဆိုပါဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနကပင် ရေးဆွဲထုတ်ပြန် ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာများလည်ပတ်ရန်အတွက် လိုအပ်သော အရင်းအနှီးပိုင်း ရန်ပုံငွေ ကို နိုင်ငံတော်၏ ဘဏ္ဍာရေး အရအသုံးဆိုင်ရာဥပဒေအရ လိုအပ်သော အသုံးစရိတ်၏ ရာခိုင်နှုန်း ၇၀ ကို လွှတ်တော်မှ ပြဋ္ဌာန်းပေးသည့် အတိုင်း နိုင်ငံတော် ဘဏ္ဍာငွေ ရန်ပုံငွေမှ သော်လည်းကောင်း၊ အလားတူ ပမာဏရှိသော လွှတ်တော်မှ သတ်မှတ်ပေးသည့် အခွန်အခ တစ်မျိုးမျိုးမှ သော်လည်းကောင်း ရရှိ မည်ဖြစ်ပြီး နှစ်စဉ် ထောက်ပံ့ငွေများကို ၎င်းတို့ထံမှ တိုက်ရိုက် ထုတ်ပေးရမည်ဟု ဥပဒေကြမ်း တွင် ဖော်ပြ ထားသည်။

ထို့အပြင် ကျန်ရှိသော ရာခိုင်နှုန်း ၃၀ ကို ကြော်ငြာကဏ္ဍမှ လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း များ၏ ကူညီပံ့ပိုးမှုမှ လည်းကောင်း၊ သတင်းစာ ရောင်းချရငွေများဖြင့် လည်းကောင်း၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ လုပ်ငန်းများအပေါ် စွက်ဖက်မှုမရှိသော ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှူဒါန်းငွေဖြင့် လည်းကောင်း ရှာဖွေနိုင်သည်ဟူ၍ ဥပဒေကြမ်းတွင် ဖော်ပြခဲ့ပါသည်။

တစ်နည်းအားဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနပိုင် နိုင်ငံပိုင် မီဒီယာများကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အဖြစ် ပြောင်းလဲရာ၌ လိုအပ်သော အသုံးစရိတ်ကို နိုင်ငံတော် ဘဏ္ဍာငွေမှ ရာခိုင်နှုန်း ၇၀ ကို သုံးစွဲ မည်ဖြစ်ပြီး ကျန်ရှိသော ရာခိုင်နှုန်း ၃၀ ကို ကြော်ငြာ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ လှူဒါန်းငွေနှင့် သတင်းစာ ရောင်းချရငွေများမှ ရယူမည်ဟု အဓိပ္ပာယ် သက်ရောက်ကြောင်း သိရသည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာသို့ ပြောင်းလဲရန် ပြင်ဆင်ထားသော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမြတ်ငွေကျပ်သန်း ၂၀၀၀ကျော် ရရှိခဲ့ပြီး အရှုံး မပေါ်ကြောင်းနှင့် အမြတ်ငွေ ရရှိနေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်းး၏ Facebook စာမျက်နှာတွင် မေ ၁၀ ရက်တွင် ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် အရှုံးမပေါ်ဘဲ အမြတ်ငွေပင် ရရှိနေသည်ဟု ဆိုသော သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲရာ၌ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် အများဆုံး ဆက်လက် လည်ပတ်မည် ဖြစ်သဖြင့် မေးခွန်း ထုတ်စရာများ ရှိလာမည်ဟု သိရပါသည်။

ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားချက်များအရ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့တွင် တာဝန်ထမ်းဆောင် နေသူများ အနေဖြင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာများတွင် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရှိမည်ဖြစ်ပြီး ထိုသို့ တာဝန်ထမ်းဆောင်ပါက အစိုးရ၀န်ထမ်းအဖြစ်မှ ရပ်စဲကာ လုပ်သက်အပေါ်မူတည်၍ လျော်ကြေးပင်စင် သို့မဟုတ် အငြိမ်းစားပင်စင် လစာနှင့်အတူ အများပြည်သူ ၀န်ဆောင်မှု မီဒီယာမှ ပေးအပ်သော လစာ၊ ဆုကြေးငွေများကိုလည်း ခံစားခွင့် ရရှိ မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူနိုင် မည့် ပြစ်မှုပြစ် ဒဏ် များကို ဥပဒေကြမ်းတွင် လုံးဝထည့်သွင်း ရေးဆွဲထားခြင်း မရှိဘဲ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ၀န်ထမ်းများကို ကာကွယ်သည့် တားမြစ်ချက်နှင့် ပြစ်ဒဏ်များကိုသာ ထည့်သွင်း ရေးဆွဲခဲ့ပါသည်။

ဥပဒေကြမ်း အခန်း(၁၂) တွင် ဖော်ပြထားသော တားမြစ်ချက်နှင့် ပြစ်ဒဏ်အခန်းတွင် မည်သူမဆို အများပြည် သူ ၀န်ဆောင်မှု မီဒီယာ လုပ်ငန်းအတွက် မီဒီယာလုပ်ငန်း တာဝန်ထမ်းဆောင်နေသော အယ်ဒီတာ၊ သတင်းထောက်နှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်သူများကို နှောင့်ယှက်ခြင်း၊ ဥပဒေနှင့် အညီမဟုတ်ဘဲ ဖမ်းဆီး အရေးယူခြင်း မပြုရဘဲ ထိုပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်မည် ဆိုပါက ငွေဒဏ် ကျပ်ငါးသိန်း ချမှတ်နိုင်ကြောင်း ဖော်ပြထားခဲ့သည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ကျင့်ဝတ်နှင့် လုပ်ငန်းဆောင်ရွက်ပုံ စည်းမျဉ်း ချိုးဖောက်မှုများ အတွက် အုပ်ချုပ်ရေးအဖွဲ့သို့ တိုင်ကြားနိုင်ပြီး ဖောက်ဖျက် ကျူးလွန်ခဲ့သည့် အချက်နှင့် ပတ်သက်၍ မှားယွင်း ဖော်ပြချက်အား အမှန်ပြင်ခြင်း၊ တုံ့ပြန်ဖြေရှင်းခွင့် ပြုခြင်းနှင့် တောင်းပန်ခြင်းတို့ ပါဝင်သော သင့်လျော်သည့် ဖြေရှင်းချက်များကို ဖော်ပြရမည် ဖြစ်ကြောင်းသာ ဖော်ပြထားပြီး အရေးယူ မည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဖော်ပြထားခြင်း မရှိပေ။

ထိုအချက်သည် ပုဂ္ဂလိကပိုင် မီဒီယာများအတွက် ပြဋ္ဌာန်းရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ကွာခြားသော အချက်ဖြစ်ပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းတွင် တားမြစ်ချက်နှင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက် သူများ အား ထောင်ဒဏ် ချမှတ်နိုင်သည်အထိ ပြဋ္ဌာန်းထားကာ ဂျာနယ်လစ်များကို ကာကွယ်စောင့်ရှောက်သည့် အချက် များကို ပြဋ္ဌာန်းခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းတွင်မူ အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွင် တာဝန် ထမ်းဆောင်သော အယ်ဒီတာများ၊ သတင်းထောက်များကို ကာကွယ် စောင့်ရှောက်သည့် အချက် များ ထည့်သွင်းထားပြီး လုပ်ငန်းတာဝန်များအား နှောင့်ယှက်ခြင်း မပြုနိုင်ရန်ကိုပါ ထည့်သွင်း ရေးဆွဲ ထားခဲ့ ပါသည်။

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများ ဥပဒေ အပါအ၀င် ဂျာနယ်လစ်များနှင့် ထုတ်ဝေသူများကို ထိန်းချုပ်သည့် ဥပဒေများကို ဖျက်သိမ်းခြင်း မရှိသေးဘဲ ဥပဒေကြမ်း များကို ဆက်လက် ထုတ်ပြန်နေခြင်း ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းသည် ဂျာနယ်လစ်များကို ထိန်းချုပ် ရန် ရည်ရွယ်ကာ နောက်ပြန်ဆွဲသော ဥပဒေ တစ်ရပ်အဖြစ် ဂျာနယ်လစ် အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံ တကာ ဂျာနယ်လစ် အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့သော်လည်း ဖျက်သိမ်းခြင်း မရှိဘဲ လွှတ်တော် သို့ တင်ပြရန် ပြင်ဆင်ထားပါသည်။

အခြားတစ်ဖက်တွင် ဂျာနယ်လစ်များ၏ သဘောဆန္ဒဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲခဲ့သော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်ထားကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ထပ်မံရေးဆွဲပြီး နိုင်ငံပိုင် မီဒီယာများကို ကာကွယ် စောင့်ရှောက်သည့် သဘော သက်ရောက်နေသော အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း ထားပြီး နိုင်ငံပိုင် မီဒီယာများကို ယခုနှစ်ဒီဇင်ဘာလတွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အဖြစ် ပြောင်းလဲရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရသည်။

From....Eleven

No comments:

Post a Comment