Wednesday, May 15, 2013

တရား ထိုင် သူကို နတ်ကွန်းမှ ဓားဖြင့် ထောက်၍ နားကပ်လု

သာကေတမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူအတွင်း မေလ ၁၃ ရက် နံနက် ၈ နာရီခန့်က တရားထိုင်နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးကို လူငယ်နှစ်ဦးက နတ်ကွန်းအနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ နားကပ်ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လူငယ်နှစ်ဦးအနက် အသက် ၁၉ နှစ် အရွယ်ရှိ မြင့်သန်းဆိုသူက ဘုန်းကြီးကျောင်း အနီး နတ်ရုပ်များ တွင် စွန့်ပစ်ထားသည့် နေရာမှ အရှည် ၁၄ လက်မရှိ ဓားကို ယူဆောင်လာပြီး အမျိုးသမီးကြီးကို ဓားဖြင့်ထောက်ကာ ဝတ်ဆင်ထားသည့်နားကပ်ကိုယူနေစဉ် အသက် ၁၇ နှစ်အရွယ် နိုင်လင်းထက် ဆိုသူက လူသွားလူလာကို စောင့်ကြည့်ပေးခဲ့ပြီး အသင့်ပါလာသည့် စက်ဘီးဖြင့် ထွက်ပြေးခဲ့သည်ဟု လုယက်ခံရသူ အဘွားအို၏ ပြောကြားချက်ကို ကိုးကား၍ ဒေါပုံမြို့နယ် ရဲစခန်းထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"နားကပ်ချွတ်နေတာ လက်တုန်နေတော့ အဘွားကြီးကြောက်လို့ တုန်နေတာလား ဆိုပြီး မောင်မြင့်သန်း က ကိုယ်တိုင် ဖြုတ်ယူခဲ့တာ" ဟု တရားလိုအဘွားအို၏ တိုင်ကြားချက်ကို ကိုးကား၍ အဆိုပါရဲစခန်း မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြန်လည်ပြောကြားသည်။

ဓားထောက်၍ ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်မြင့်သန်းသည် သင်္ဘောကျင်း ရပ်ကွက် မြို့ပတ်လမ်း (ကျူးကျော်) တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မောင်နိုင်လင်းထက် သည် ယမုံနာ (၁) ရပ်ကွက် သီတာ (၂ ) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ၄င်းတို့ နေထိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက The Voice ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

ဓားထောက်လုယက်သည်ဟု သံသယ ရှိသူ လူငယ်နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ(၂)၊ အရှေ့ပိုင်းခရိုင်မှ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့များနှင့် ပူးပေါင်းကာ ချက်ချင်း ဖော်ထုတ် ခဲ့သောကြောင့် မှုခင်းဖြစ်ပွားပြီး ငါးနာရီ အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ လူငယ်နှစ်ဦးကို (ပ) ၁၆၇/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေး ပေါ်ပေါက်ချက်ပေါ် မူတည်၍ ပုဒ်မ ပြောင်းလဲ အမှုဖွင့်နိုင်ကြောင်း အဆိုပါရဲ စခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment