(သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် မေလ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြစဉ်) (Photo:AFP) |
အမေရိကန် သမ္မတဘာရက်အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံရန် အမေရိကန်
ပြည်ထောင်စုသို့ သုံးရက်ကြာ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် မေ ၂၂
ရက် ည ၁၀ နာရီကျော်က ကိုရီးယား
လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ပြန်လည်ရောက်ရှိလာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အား ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊
ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက် အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ဖြူတော်သို့ သွားရောက်ပြီးနောက် နှစ်ပေါင်း ၄၇ နှစ်အတွင်း မြန်မာခေါင်းဆောင်တစ်ဦး အိမ်ဖြူတော်သို့ သွားရောက်သည့် သမိုင်းဝင်ခရီးစဉ် ဖြစ် သည်။
သမ္မတ ဦးသိန်းစိန်သည် မေ ၁၇ ရက် ည ၁၁ နာရီခွဲခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာသွားခဲ့ပြီး မေ ၁၈ ရက်တွင် အမေရိကန်သို့ ရောက်ရှိခဲ့ကာ ယင်းနေ့ ညနေပိုင်းတွင် ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံသို့ သွားရောက်လေ့လာခဲ့သည်။
မေ ၁၉ ရက်တွင် ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး သမ္မတ ဂျော့ရှ်ဝါရှင်တန်၏ အိမ်တော်တည်ရှိရာ မောင့်ဗာနွန်ဥယျာဉ်သို့ သွားရောက် ခဲ့ပြီး ဂျော့ရှ် ၀ါရှင်တန်၏ ဂူဗိမာန်တွင် ပန်းခွေချ ဂါရ၀ ပြုခဲ့သည်။
ထို့နောက် အမေရိကန်သမ္မတ အိုဘားမားနှင့် မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က တွေ့ဆုံခဲ့ပြီး သမ္မတအိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အကူအညီများ ပေးသွားမည်ဟု ကတိပြုခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။
ထို့ပြင် နှစ်နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း၊ လွှတ်တော်တွင်လည်း မြန်မာနိုင်ငံ အကျိုးအတွက် အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်ရာတွင် အမေရိကန်နိုင်ငံက အောင်မြင်အောင် ကူညီပံ့ပိုး သွား မည်ဖြစ်ကြောင်း စသည်ဖြင့် သမ္မတ အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်း မိမိတို့ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ အနေဖြင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် အခက်အခဲ မျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ အခြေခံ အကြောင်းအရင်းမှာ ဆင်းရဲမှုနှုန်း မြင့်မားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ဒီမိုကရေစီ အတွေ့အကြုံ အားနည်းခြင်း၊ အရည်အချင်းရှိသည့် လူလတ်တန်းစား နည်းပါးခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း စ သဖြင့် ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့နောက် အမေရိကန်ရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်သော ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် မိမိတို့၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံနေ ရ၍ ပြုပြင်ပြောင်း လဲရေးကို ဆန့်ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ-အမေရိကန် ဆက်ဆံရေး ခေတ်သစ်ထူထောင်ရန်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေကြောင်းအရ အရေးယူသွား မည် ဖြစ်ကြောင်း၊ ကချင်လက်နက်ကိုင် အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မကြာမီ ရရှိနိုင် မည်ဟု ယုံကြည်ကြောင်း စသည်ဖြင့်လည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ ဖွံ့ဖြိုးလာစေရေးအတွက် အမေရိကန် ကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံစေရန် သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အထီးကျန်ဖြစ်မှုကို အဆုံးသတ် ရန်နှင့် ဈေးကွက် စီးပွားရေး ဖြစ်ပေါ်လာရန်အတွက် ကူညီပေးရန်လည်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအား တိုက် တွန်းပြောဆိုခဲ့သည်။
မေ ၂၀ ရက်၌ပင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr.Jim Yong Kim နှင့်လည်း တွေ့ဆုံခဲ့သည်။ ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံရာတွင် ကလင်တန်ဖောင်ဒေးရှင်း အနေဖြင့် မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ မိခင်နှင့် ကလေး အသေအပျောက်နှုန်း လျော့နည်းရေး၊ လယ်ယာကဏ္ဍတွင် ထုတ်လုပ်မှုနှင့် သိုလှောင်မှုဆိုင်ရာ နည်းပညာများ ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖူလုံစွာ ရရှိရေး၊ ဆိုလာစွမ်းအင်စနစ် အသုံးပြုရေး ၊ ဆေးရုံ သုံးနှင့် ဆေးဝါးပစ္စည်းများ ရရှိရေးနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လိုအပ် သည်များ ပံ့ပိုးကူညီရေးတို့ကို ဆွေးနွေးခဲ့သည်။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘ၀ မြှင့်တင်ရေး၊ အခြေခံ အဆောက် အအုံများ တည်ဆောက်ရေးတို့တွင် ကမ္ဘာ့ဘဏ်က ငွေကြေးအကူအညီများ ပေးအပ်ရေးတို့ကို ထည့် သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် ခရီးစဉ်အတွင်း ၀ါရှင်တန်ပို့စ်၊ ဗွီအိုအေ အသံလွှင့်ဌာန၊ CNN စသည့် သတင်း ဌာနများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်နိုင်ရေးအပိုင်းများ၊ တပ်မတော် ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသည့် အခန်းကဏ္ဍများ၊ အကျင့်ပျက် ခြစားမှုဆိုင်ရာ ကိစ္စများ စသည် တို့ကို ရှင်းလင်းဖြေကြားခဲ့သည်။
ထို့ပြင် အမေရိကန်ရောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေ အနေများနှင့် ပတ်သက်သော မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
ခရီးစဉ်သို့ သမ္မတ ဦးသိန်းစိန်နှင့်အတူ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
သမ္မတ၏ ယခုကဲ့သို့ သမိုင်းဝင် ခရီးစဉ်အပေါ် နိုင်ငံကြီးတစ်ခုနှင့် ပိုမိုရင်းနှီးမှု ရှိလာနိုင်ခြင်းနှင့် ကျန်ရှိနေသေးသော စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးနိုင်သည့် အလားအလာများ ပိုများ သွားနိုင်ခြင်းကြောင့် ကောင်းမွန်သော အလားအလာတစ်ခုအဖြစ် နိုင်ငံရေး လှုပ်ရှားသူ များနှင့် လေ့လာ သူများက သုံးသပ်ခဲ့ကြသည်။

From...Eleven
No comments:
Post a Comment