Friday, May 3, 2013

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် မမုံကျေးရွာတို့တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လူအုပ်စုဖြင့် ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်

၂-၅-၂ဝ၁၃ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/ သူ(၄၇၆)ဦး၊ ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ် အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလ သတင်းကြောင့် သင်တန်းသား/ သူများ၏ မိဘဆွေမျိုးများမှစိုးရိမ်ပြီး ယူမာကျေးရွာဘုန်းကြီးကျောင်း သို့ ကျောင်းသားမိဘ(၇ဝ)ဦးခန့် တုတ်/ဓါးများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များ ယူမာကျေးရွာဘုန်းကြီးကျောင်းသို့သွားရောက်ပြီး ရောက်ရှိနေသည့် သင်တန်းသား/ သူများ၏ မိဘများအား စိုးရိမ်သောက မဖြစ်ရန်နှင့် ဥပဒေနှင့်မညီသောတုန့်ပြန်ဆောင်ရွက်မှုများမပြုလုပ်ရန် ရှင်းလင်းပြောကြားခဲ့သဖြင့် ၁၄၃ဝ အချိန် ပြန် လည်ထွက်ခွာ သွားခဲ့သည်။

အဆိုပါ ကောလာဟလသတင်းအား အကြောင်းပြပြီး အမည်မသိလူ ၃ဝ ဦးခန့်မှ ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ၁၅၃ဝ အချိန်မှ ၁၅၄ဝ အချိန်ထိ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ မှော်ရှန် ရပ်ကွက်(၁)ရှိ ဦးအောင်ကျော်မိုး၏ ‘‘မလိခ’’ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်ဖျက်ဆီးခဲ့ရာ တန်ဘိုးငွေကျပ် သိန်း(၅ဝ)ခန့်၊ ၁၆ဝဝ အချိန်မှ ၁၆၁၅ အချိန်ထိ ဦးဟိုက်ဒါး၏ ‘‘ဝင်းမေတ္တာ’’ကားပစ္စည်းဆိုင်အား ဝင်ရောက်ဖျက်ဆီးခဲ့ရာ တန်ဘိုးငွေကျပ် သိန်း(၅ဝ)ခန့်၊ ၁၆၄ဝ အချိန်မှ ၁၆၅၅ အချိန်ထိ ဦးမောင်ကျော်၏ ‘‘ကမ္ဘာကျော်’’ လျှပ်စစ်ပစ္စည်းဆိုင် အား ဝင်ရောက်ဖျက်ဆီးခဲ့ရာ တန်ဘိုးငွေကျပ်(၁ဝ)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။ ဖြစ်ပွားရာနေရာသို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ သွားရောက်ရှင်းလင်းရာ ဆိုင်များသို့ ဝင်ရောက်ဖျက်ဆီး သူများအနက် ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက်(၃)နေ သိန်းတန်(၂၆)နှစ်ပါ(၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရအရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ထို့ပြင် ၂၁၃ဝ အချိန် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာတွင် အမည်မသိလူ ၁ဝဝ ဦးခန့်မှ ဝင်ရောက်ဖျက်ဆီးသဖြင့် ဦးနိုင်လင်း၏ နေအိမ်ခြံစည်းရိုးနှင့် ဆိုင်ကယ် ၁ စီး၊ တန်ဘိုးငွေကျပ်(၁)သိန်းခန့်၊ ဦးကျော်သိန်း၏ ‘‘ထိုင်ဝမ်’’ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး အိမ်ဆိုင်ရှိ လျှပ်စစ်ပစ္စည်းများ၊ တန်ဘိုးငွေကျပ် (၁၅) သိန်းခန့်၊ ဦးသိန်းဇော် ၏ ‘‘သမာဓိ’’လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး အိမ်ဆိုင်ရှိ နေအိမ်တံခါးပေါက်၊ တန်ဘိုး ငွေကျပ်(၁)သိန်းခန့်၊ ဦးမောင်မောင်၏ ‘‘ဟောင်ကောင်’’ အိမ်ဆိုင်ရှိ နေအိမ်တံခါးပေါက်နှင့် အိမ်သုံးပစ္စည်းအနည်းငယ်၊ တန်ဘိုးငွေကျပ်(၂)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ၂၁၄ဝ အချိန် မမုံကျေးရွာသို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီဝင်များနှင့် မြို့နယ်သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် တို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူ/သားများအား တွေ့ဆုံမှာကြား ထိန်းသိမ်းခဲ့သဖြင့် ၃-၅-၂ဝ၁၃ ရက်နေ့ ဝ၁၃ဝ အချိန် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မမုံကျေးရွာမှ အစ္စလာမ် ဘာသာဝင် ကျား ၆ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၁၅ ဦး တို့အား ၎င်းတို့၏ဆန္ဒအရ ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ မှော်ဝမ်းရပ်ကွက်ရှိ ၎င်းတို့၏ဆွေမျိုးများထံ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များက ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
http://myanmarpoliceforce.org/ တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်

No comments:

Post a Comment