Thursday, May 9, 2013

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ အရေးပေါ် ရှေးဦးပြုစုခြင်း စခန်းဖွင့်ထားပြီး ယာဉ်မတော်တဆမှုများအတွက် ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ်ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက် ထားပြီး ယာဉ်မတော်တဆမှုများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၄ နာရီ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ က ပြော သည်။ အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်း စခန်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ရာဝင်းအတွင်း ယာယီအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ယာဉ်မတော်တဆမှုပေါင်း ၆၉ မှု၊ သေဆုံးသူဦးရေ ၂၉ ဦး၊ လူဦးရေ ၂၂၄ ဦးအထိ အရေးပေါ် ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် အရေးပေါ် အကူအညီ တောင်းခံနိုင်ရန် ဖုန်း-၀၉၈ ၆၁၀၂၅၂၊ ၀၉၄၉၃၄၁၉၆၁ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဆိုပါ အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ရန်နှင့် အခြားကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေနှင့် စင်ကာပူ ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr.Tee Tua Ba တို့က လက်မှတ်ရေးထိုးခဲ့သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုများအတွက် အရေးပေါ် ရှေးဦးပြုစုခြင်း လုပ်ငန်းများနှင့် အရေးပေါ် လူနာတင်ယာဉ် လိုအပ်ပါက အချိန်မီ ကူညီဆောင် ရွက်ပေးနိုင် ရန် ရည်ရွယ်၍ ယင်းစခန်းအား တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ခြင်း အပါအ၀င် အရေးပေါ်လူနာတင် ယာဉ်များ ၀ယ်ယူခြင်း၊ လပွတ္တာမြို့နယ် အိုင်မကျေးရွာတွင် လူ ၈၀၀ ဆံ့ မုန်တိုင်းဒဏ်ခံ နှစ်ထပ်အဆောက် အအုံ ဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်း နေအိမ်တည်ဆောက်ခြင်း၊ လပွတ္တာ၊ ဖျာပုံ၊ မြောင်းမြ၊ ၀ါးခယ်မ မြို့နယ်များတွင်ရှိသည့် ကြက်ခြေနီအသင်းများတွင် အသေးစားသိုလှောင်ရုံများ ဆောက် လုပ်ခြင်းနှင့် ရှေးဦး သူနာပြုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း လုပ်ငန်းများ ပါဝင်သည်။

အဆိုပါ လုပ်ငန်းများကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှ ၂၀၁၃ ခုနှစ် ဧပြီအထိ သတ်မှတ်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် သုံးနှစ်အတွင်း ယာဉ်မတော်တဆမှု ၃၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၈ ဦးရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လက ထုတ်ပြန်မှုများအရ သိရသည်။

Eleven Media Group

No comments:

Post a Comment