Friday, May 3, 2013

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ
ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဧပြီ ၃ဝ ရက်တွင် လူအုပ်စုက ဘာသာရေး အဆောက်အအုံများ အားခဲဖြင့်ပစ်ပေါက်ပြီး ဈေးဆိုင်များအား ဝင်ရောက်ဖျက်ဆီးခဲ့၍ လုံခြုံရေး အဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရပြီး ယခုအခါ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း ကနဦး သတင်းများအရ သတင်းအဖွဲ့သည် လက်ရှိအခြေ အနေများအား မျက်မြင် တွေ့ရှိနိုင်ရန် ဥက္ကံမြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက် သတင်းရယူ ခဲ့သည်။
ယင်းသို့ သွားရောက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း အား တွေ့ ဆုံ မေးမြန်းခဲ့ရာ ဒေါက်တာ မြင့်သိန်းက ''လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာနက ပေးတဲ့ ကျားဝတ်၊ မဝတ် လုံချည်၊ စောင်၊ တဘက်၊ ဇလုံ၊ ဒန်အိုး၊ တီရှပ်နဲ့ ဆပ်ပြာတွေကို ဒုက္ခသည်တွေအတွက် လာပေးတာပါ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က လည်း ဒုက္ခသည်တွေ အတွက် အိမ်ထောင် တစ်စုကို ဆန် ရှစ်ပြည်၊ ဆီ တစ်ပိဿာနဲ့ ရေသန့် နှစ်ဘူး လှူဒါန်း ပါတယ်။ ယခုအခါ ဥက္ကံမြို့မှာ တည်ငြိမ်အေးချမ်း နေပြီ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ထို့အတူ တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုးကလည်း ''ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဆီနဲ့ဆန် လှူဒါန်းပါတယ်။ အလှူရှင် တွေကလည်း ရေသန့်နဲ့ အစားအသောက်တွေ လာရောက် လှူဒါန်း ပါတယ်။ ဒုက္ခသည် အိမ်ထောင်စုပေါင်း ၉ဝ ရှိပါတယ်။ နယ်မြေ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ က ဆောင်ရွက်လျက်ရှိပြီး ယခုအခါ တည်ငြိမ် အေးချမ်းမှု ရရှိနေပြီ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ကျေးရွာများကိုလည်း လုံခြုံရေး အပြည့်အဝ ဆောင်ရွက် နေပါတယ်။ ဥက္ကံမြို့မှာ  ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒေသန္တရ အမိန့် ဥပဒေပုဒ်မ (၁၈၈) ထုတ်ပြန်ထားတာ အခုထိ တည်ဆဲအမိန့် ဖြစ်ပါ တယ်'' ဟု ပြောကြားသည်။
မိမိတို့ သတင်းအဖွဲ့က တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်နှင့် တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးမြင့်အောင်က ''ယခု အခါ တည်ငြိမ် အေးချမ်းမှုရှိနေပြီ ဖြစ်ပါတယ်။ မီးလောင်ခံရတဲ့ နေအိမ်တွေကို ပြန်လည်နေရာ ချထားရေးအတွက် စီစဉ်လျက်ရှိပြီး ပျက်စီးမှုများကိုလည်း စည်ပင်၊ မီးသတ်၊ ကြက်ခြေနီနဲ့ NGO တွေ ပူးပေါင်းပြီး သန့်ရှင်းရေးတွေ ဆောင် ရွက် နေပါတယ်။ ပျက်စီးသွားတဲ့ အိမ်နဲ့ ဆိုင်တွေကိုလည်း ပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်ထားပါတယ်။ ပိုင်ရှင် မရှိသေးတာ တွေကိုလည်း သက်ဆိုင်ရာ ရာအိမ်မှူးတွေက ထိန်းသိမ်းထား ပါတယ်။ ဒုက္ခသည်တွေကို ကျန်းမာရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ လုံခြုံရေးတို့ အတွက် ဆောင်ရွက် ပေးထားပါတယ်'' ဟု ရှင်းလင်း ပြောကြား သည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီနှင့်သူနာပြု တပ်ဖွဲ့မှ ဦးစီးမှူး ဒုတိယတန်း ဦးကျော်ဇော ကလည်း ''ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီက အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် နှစ်စီးနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၃ ယောက် တို့ကို ပို့လွှတ်ထားတာ မနေ့က ညနေ ၆ နာရီ ဥက္ကံမြို့ကို ရောက်ရှိပါတယ်။ ယခုအခါ ဥက္ကံမြို့မှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်ပါတယ်။ ဥက္ကံ တိုက်နယ်ဆေးရုံ မှာအခြေပြုပြီး အပျက် အစီးတွေ ကို ပူးပေါင်း ရှင်းလင်း နေပါတယ်'' ဟု ပြောကြားသည်။
ထို့အတူ ဥက္ကံမြို့မှ ကွမ်းယာရောင်းသူ ကိုပြည့်စုံအောင်ကလည်း ''ပြန်လည် အေးချမ်း နေပါပြီ အရင်က လိုပဲ သွားလာ ရောင်းဝယ် နေကြပါတယ်'' ဟု ပြောကြား ခဲ့သည်။
 
မိမိတို့ သတင်းအဖွဲ့သည် လုံခြုံရေး ဆောင်ရွက် ထားသည်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို ဥက္ကံမြို့၌ အခြေပြုလျက် ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်နှင့် ဆက်လက်တွေ့ဆုံ မေးမြန်းခဲ့ရာ ဒုတိယ ရဲမှူးကြီး သက်လွင်က ''နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နဲ့ ရဲတပ်ရင်းက အင်အား ၄ဝဝ ကျော်ကို လုံခြုံရေးတာဝန် ယူ ဆောင်ရွက် နေပါတယ်။ မြို့ပေါ်နဲ့ ကျေးရွာများကိုပါ လုံခြုံရေး ဆောင်ရွက် နေပါတယ်။ အကြမ်းဖက်မှုကြောင့် လူ ၁ဝ ဦး ဒဏ်ရာရရှိပြီး ခြောက်ဦးကို ဥက္ကံ တိုက်နယ် ဆေးရုံ၊ တစ်ဦးကို တိုက်ကြီး ပြည်သူ့ဆေးရုံ တို့မှာ ဆေးကုသမှု ခံယူလျက် ရှိပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ကိုတင်မောင် ဝင်း၊ ကိုဇော်ဇော်နိုင်နဲ့ ဦးအီစမိုင်တို့ကို တင်ပို့ထားရာက ဒီနေ့နံနက် ၁ နာရီလောက်မှာ ကိုဇော်ဇော်နိုင် သေဆုံး သွားပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဥက္ကံ ရဲစခန်းက အမှုအမှတ်စဉ် (ပ) ၁၁၃/ ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄ဝ/ ၃၂၅/ ၃၂၆/ ၄၂၇/ ၁၁၄ တို့နဲ့ အမှုဖွင့် ထားပြီး မီးရှို့မှုမှာ ပါဝင်သူတွေကို ဥက္ကံ ရဲစခန်းက အမှုအမှတ်စဉ် ၁၁၄/ ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ တို့နဲ့ အမှုဖွင့် ထားပါတယ်။ ကိုဇော်ဇော်နိုင် သေဆုံးသွားတဲ့အတွက် အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄ဝ/ ၃ဝ၂/ ၄၂၇/ ၁၁၄ တို့နဲ့ ပြောင်းလဲ အမှုဖွင့် ထားပါတယ်။ ယခုအခါ အမှုမှာ ပါဝင်ပတ်သက်သူ ၁၈ ဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိပါတယ်'' ဟု ပြောကြားသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး သက်လွင်က ''ကျွန်တော့် အနေနဲ့ ပြည်သူတွေကို သိစေချင်တာ ကတော့ ကိုယ်တိုင် စည်းကမ်းရှိဖို့ လိုတယ်။ လုံခြုံမှုနဲ့ ပတ်သက်ပြီး အစစအရာရာ သတိရှိဖို့ လိုတယ်။ သူများ ဆင်ထားတဲ့ ထောင်ချောက်ထဲကို မဝင်မိဖို့လိုတယ်။ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ ပြည်သူ အချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုတယ်လို့ အသိပေးလိုပါတယ်။ Community နှစ်ခုစလုံး စည်းလုံး ညီညွတ်ဖို့လိုတယ်။ ဘာလူမျိုးပဲ ဖြစ်နေနေ နိုင်ငံသား ဖြစ်နေရင် ဖွဲ့စည်းပုံ ဥပဒေအရ  ပေးထား တဲ့ နိုင်ငံသား တစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝရရှိမှာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာပါ'' ဟု ပြောကြား ခဲ့သည်။
မိမိတို့ သတင်းအဖွဲ့ အနေဖြင့် ဥက္ကံမြို့၏ တည်ငြိမ် အေးချမ်းမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရုံမျှ မက လုံခြုံရေး တပ်ဖွဲ့များ၏ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေမှုများ ကိုလည်း တွေ့မြင်ခဲ့ရ ပါကြောင်း သတင်း ပါးအပ်ပါ သည်။       ။
From....မြ၀တီ

No comments:

Post a Comment