Wednesday, May 8, 2013

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု နောက်ကွယ်မှ အကြောင်းအရင်းများ

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု နောက်ကွယ်မှ အကြောင်းအရင်းများ
အစ္စရေးအစိုးရသည် ၄၈ နာရီကျော်အတွင်း  ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို လေကြောင်းမှ  တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဆီးရီးယားအစိုးရ၏ လက်တုံ့ပြန်မှုကို ကာကွယ်နိုင်ရန် အတွက် နိုင်ငံမြောက်ပိုင်း နယ်စပ်သို့ ဒုံးကျည် ကာကွယ်ရေး စနစ်များကို တိုးမြှင့် ချထားခဲ့သည် ကို တွေ့ရသည်။
 မြို့တော် ဒမတ်စကပ် အနောက် မြောက်ပိုင်းရှိ ဂျမ်ရာယာ စစ်ဘက်ဆိုင်ရာ သုတေသန ဌာနအား မတ် ၅ ရက်က ပစ်မှတ်ထား တိုက်ခိုက်သည့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဆီးရီးယား၏ မဟာမိတ်များ ဖြစ်ကြသည့် အီရန်၊ ဟဇ်ဘိုလာတို့ အပါအဝင် အီဂျစ်နှင့် အာရပ် အဖွဲ့ချုပ်တို့က ကန့်ကွက် ခဲ့ကြသည်။ ထိုမျှသာမက အီရန် နိုင်ငံ အနေဖြင့် လိုအပ်ပါက ဆီးရီးယား တပ်ဖွဲ့ဝင် များကို လေ့ကျင့် မှုများ ပေးအပ်မည်ဟု ကြေညာခဲ့သည့်အပြင် ဆီးရီးယား နိုင်ငံအား အစ္စရေးနှင့်အမေရိကန်တို့ လက်အောက်သို့ မကျရောက် စေရေးအတွက် ကာကွယ်ပေးသွားမည်ဟု  ဟဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့၏ အကြီးအကဲက လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားသည်။
ဆီးရီးယားနိုင်ငံ အတွင်းရှိ ပစ်မှတ်များကို အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း၏ နောက် ကွယ်တွင် ဖြစ်နိုင် ခြေရှိသည့် အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို လေ့လာသူများက ခွဲခြမ်း စိတ်ဖြာ ၍ ယခုကဲ့သို့ သုံးသပ်ထားသည်ကို တွေ့ရသည်။
ဟဇ်ဘိုလာ ပြောက်ကျားများထံသို့ လက်နက်များ မရောက်ရှိရေးအတွက် ဟန့်တားခြင်း
မေ ၅ ရက်က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုသည် ဟဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့များ ပို့ဆောင် မည့် အီရန်လုပ် ဖာတေး- ၁၁ဝ အဆင့်မြင့် ဒုံးကျည်များကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းများကို ကိုးကား၍ အနောက် နိုင်ငံများရှိ မီဒီယာများ က ဖော်ပြခဲ့သည်။
ဖာတေး- ၁၁ဝ ဒုံးကျည်များသည် အစ္စရေးနိုင်ငံ အလယ်ပိုင်းအထိ ပစ်ခတ်နိုင်သည့် တာလတ်ပစ် ဒုံးကျည် မျိုးဖြစ်ပြီး နိုင်ငံအတွင်းရှိ မြို့ကြီးများအား အကြီးအကျယ် ခြိမ်းခြောက်နေသည့် အန္တရာယ် တစ်ရပ် အဖြစ် အစ္စရေး အစိုးရက ယူဆ ထားသည်။
ထို့ကြောင့် ယင်းကဲ့သို့သော အစွမ်းထက် လက်နက်များ ဟဇ်ဘိုလာတို့ထံသို့ မရောက်ရှိ စေရေးအတွက် အစွမ်းကုန် ကြိုးပမ်း၍ ဟန့်တားရမည်ဟု အစ္စရေးတို့က ထပ်ခါတလဲလဲ သတိပေး ထားခဲ့သည်။
ဆီးရီးယား အတိုက်အခံများ အတွက် ပစ်ကူပေးခြင်း
အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မကြာမီမှာပင် ဂျမ်ရာယာ သုတေသန ဌာနကို အတိုက် အခံများက မော်တာများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရုံသာမက ဒမတ် စကပ်မြို့တော် အား စောင့် ကြပ်နေသည့် စစ်ဆေး ရေးစခန်းများကိုလည်း အတိုက်အခံ တပ်ဖွဲ့ဝင်များကတရကြမ်း တိုက်ခိုက်ခဲ့ သည်ကို တွေ့ရသည်။
ထိုအကြောင်းအရာကို ထောက်ရှုခြင်းအားဖြင့် အစ္စရေးတို့သည် ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုကို ဆီးရီးယား အတိုက် အခံများ၏ တိုက်ခိုက်မှု နှင့်အတူ အချိန်ကိုက် လုပ်ဆောင်ရန် ကြိုတင် စည်းဝါး ရိုက်ထားသည်ဟု မီဒီယာများက ဖော် ပြခဲ့သည်။ တစ်နည်းအားဖြင့် စစ်ရေးအရ အရေးနိမ့်လျက်ရှိသည့် အတိုက်အခံများအား ပစ်ကူပေးခြင်း ဖြစ်သည်ဟု လက်ဘနွန်မှ  နိုင်ငံရေးကျွမ်းကျင်သူ နက်ဆာကန်ဒေလ်က ပြောကြားထားသည်။
ထို့အပြင် အစ္စရေးအစိုးရသည် ၎င်းတို့၏လေကြောင်း တိုက်ခိုက်မှုများအား ဆီးရီးယားအစိုးရ တပ်များက ပြန်လည် တုံ့ပြန်တိုက်ခိုက်လာစေရန်နှင့် ယင်းသို့ ပြန်လည်တိုက်ခိုက်ခြင်းအားဖြင့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ပြည်ပ နိုင်ငံက ကြားဝင်ဖြေရှင်းရန် လမ်းစ တစ်ရပ် အဖြစ် ပေါ်ထွက် လာစေရေးအတွက်  ဆီးရီးယားအစိုးရအား ပရိယာယ်ဖြင့် မျှားခေါ်ခြင်းပင် ဖြစ်သည်ဟု ကျွမ်းကျင်သူ များက ယူဆထားသည်။
အချုပ်အားဖြင့် အစ္စရေးနိုင်ငံသည် ဆီးရီးယား၊ အီရန်နှင့် ဟဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့တို့အား အစ္စရေး နိုင်ငံတည်ရှိ နေခြင်းကိုသာမက ဒေသတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု ယူဆထားသောကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ဘေးအန္တရာယ် ကို လျှော့ ချ နိုင်စေရန်အတွက် တိုက်ခိုက်မှုများကို အချိန်မရွေး လုပ်ဆောင်နိုင်ဖွယ် ရှိသည်ဟု သုံးသပ်ရ ပါသည်။      ။ 
ဆောင်းပါးရှင်-  နိုင်ထူး

 From...မြ၀တီ

No comments:

Post a Comment