နိုင်ငံတကာ၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံရသော မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရမည်ဖြစ်ရာ ယင်းလုပ်ဆောင်မှု အပြီး မြန်မာနိုင်ငံ အနေဖြင့် ယခုထက်ပို၍ တိုးတက်ပွင့်လင်းမှုများရှိနိုင်ကြောင်း စီးပွားရေးနယ်ပယ်မှ ပုဂိုလ်များက သုံးသပ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်းက ကျင်းပခဲ့သော အရှေ့တောင် အာရှနိုင်ငံများအဖွဲ့(အာဆီယံ)နှင့် အိမ်နီးချင်းမိတ်ဖက်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေး၌ ၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက်္ကဋ္ဌအဖြစ် မြန်မာနိုင်ငံအား သတ်မှတ်လိုက်သည့်အတွက် နိုင်ငံတကာ စာမျက်နှာ တွင် အရေးကြီးသော အချိန်တစ်ခုဖြစ်သော်လည်း အာရှတွင် မြန်မာနိုင်ငံအနေဖြင့် ကျားတစ်ကောင် ဖြစ် လာရေး ကိုမူ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရမည်ဖြစ်သည်။
စီးပွားရေးပညာရှင် ဦးမော်သန်းက “မြန်မာဟာအာရှမှာ ကျားတစ်ကောင်ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ စီးပွားရေးလောကမှာ တိုးတက်မှု၊ ဖြစ်ထွန်းမှုဆိုတာ ရုတ်တရက်လည်း ဖြစ်လာနိုင်တယ်”ဟု ဆိုသည် ။ မြန်မာနိုင်ငံအနေဖြင့် ယခု လက်ရှိကာလ၌ ဘက်ပေါင်းစုံအတွက် ခြေလှမ်း များစွာ ပြင်ဆင် ထားပြီး နိုင်ငံတော် သမ္မတ၏ ဥရောပငါးနိုင်ငံခရီးစဉ်မှာလည်း ဥရောပနိုင်ငံကြီးများနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုအဖြစ် မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုများစွာ ရရှိလာခဲ့ရာ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် ၀မ်းပန်းတသာ ကြိုဆိုမှုများအဖြစ် မြင်တွေ့နိုင်သည်။
ယင်းခရီးစဉ်မှ တစ်ဆင့် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလုပ်ငန်းများတွင် ကူညီထောက် ပံ့ပေး မည်ဖြစ် ပြီး ယင်းအတွက် ကန်ဒေါ်လာ သန်း ၂၀ ကူညီထောက်ပံ့ရန် စီမံထားကြောင်း၊ ဖင်လန်သမ္မတနိုင်ငံမှလည်း ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရိုငွေ ၆ ဒသမ ၅သန်း အကူအညီပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ နှစ်နှစ်တာကာလအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများနှင့် တိုင်းပြည်အား စိတ်ဝင်တစား စောင့်ကြည့်မှုများနှင့် လေ့လာဆန်းစစ်မှုများ ခံရလျှက်ရှိသည်။ ထို့ပြင် အီတလီနိုင်ငံနှင့် နှစ်နိုင်ငံ သတင်းထုတ်ပြန်ချက်၌လည်း မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှု အာဆီယံဘောင်အတွင်းတွင်လည်းကောင်း၊ အာရှဒေသတွင် မြန်မာနိုင်ငံမှာ အီးယူနှင့် စိတ်ချယုံကြည်ရသော မိတ်ဖက်နိုင်ငံအဖြစ် ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်တွင် စီးပွားရေး အသိုက်အ၀န်း ထူထောင်ရန် အာဆီယံရည်မှန်းချက်၏ မဟာဗျူဟာအရ အရေးပါမှုကိုလည်း မြန်မာနှင့် အီတလီက အသိအမှတ်ပြုပြီး ဒေသတွင်းပေါင်းစည်း ဆက်သွယ်မှုနှင့် ကမ်္ဘာ့စီးပွားရေးတွင် ထဲထဲဝင်ဝင်ပါဝင်လာခြင်းဖြင့် အာဆီယံယှဉ်ပြိုင်နိုင်မှုစွမ်းရည်ပြည့်ဝရေး အတွက် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုကို အီတလီကအလေးထားကြောင်း မတ်လက ထုတ်ပြန်သော နှစ်နိုင်ငံထုတ်ပြန်ချက်ကြေညာစာတမ်းတွင် ဖော်ပြပါရှိသည်။
ထို့ပြင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြင်သစ်နိုင်ငံပါရီမြို့၌ ယခုနှစ် ဇန်န၀ါရီလကုန်က ကြွေးမြီ ရှင်းလင်းရေးကိစ္စများကို ပါရီကလပ်နှင့် ဆွေးနွေးခဲ့ကြသည်။ ပါရီကလပ်နိုင်ငံများဖြစ်သော ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျာမနီနှင့် အခြား လေ့လာသောနိုင်ငံများ တွေ့ဆုံကြခြင်းဖြစ်သည်။
ယင်းဆွေးနွေးမှုအပြီး ပါရီကလပ်မြီရှင်များသို့ပေးရန် ကျန်ကြွေးမြီ၏ ၅၀ ရာခိုင်နှုန်းကို အထူး အစီအစဉ်အဖြစ် မြီရှင်နိုင်ငံများက လျှော်ပေးမည်ဖြစ်ပြီး ကျန်အကြွေးကို ဆိုင်းငံ့ကာလ ခုနစ်နှစ်ပါအ၀င် ၁၅ နှစ်အတွင်း ပြန်လည်ပေးအပ်ရန် သဘောတူညီခဲ့သည်။
နော်ဝေနိုင်ငံမှ ၎င်းတို့ရမည့် ကြွေးအားလုံးဖြစ်သည့်ကန်ဒေါ်လာ ၅၃၄ သန်းကို အပြီးအပြတ် လျှော်ပေးခဲ့ သည်။ ဂျပန်နိုင်ငံကမူ ကြွေးမြီ ၆၀ ရာခိုင်နှုန်းကို လျှော်ပစ်ရန် ဆက်လက်ဆောင်ရွက်နေသည်။ သို့ဖြစ်ရာ ပါရီကလပ်၏ ကြွေးမြီစုစုပေါင်း ကန်ဒေါ်လာ ၁၀ ဒသမ ၃၂၇ ဘီလီယံအနက် မြီရှင် ၁၁ နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် ၅၀ ရာခိုင်နှုန်းလျှော်ပစ်ငွေမှာ ကန်ဒေါ်လာ ၅ ဒသမ ၉၂၅ ဘီလီယံဖြစ်ပြီး နော်ဝေနိုင်ငံက ထပ်မံလျှော်ပစ်သော ကျန်ရှိကြွေးမြီ ၅၀ ရာခိုင်နှုန်း ကန်ဒေါ်လာ ၂၆၇ သန်းကို ထည့်သွင်းတွက်ချက်ပါက စုစုပေါင်း ကန်ဒေါ်လာ ၆ ဒသမ ၁၉၂ ဘီလီယံခန့် ကြွေးမြီလျှော် ပစ်နိုင်ခဲ့ပြီး ကြွေးမြီအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့် သက်သာစေသော ရလဒ်ကို ရရှိခဲ့သည်။
ယင်းကဲ့သို့ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်းနှင့် အကူအညီ အထောက်အပံ့ များကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့များစွာရရှိပြီး ယင်းနိုင်ငံကြီးများ၏ စီးပွားရေးအရ ပိတ်ဆို့မှုများ ရုတ်သိမ်းပြီးသည့်အတွက် အာရှ၏ ကျားတစ်ကောင် အဖြစ် မြန်မာနိုင်ငံအနေဖြင့်ပို့ကုန်များကို ယခုထက် ပိုမို တိုးတက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် အာဆီယံတွင် ယှဉ်ပြိုင်ဆိုင်နိုင်စွမ်းအမြင့်ဆုံးမှာ စိုက်ပျိုးရေးကဏ္ဍနှင့် သဘာဝအရင်းအမြစ်ကဏ္ဍတို့ဖြစ်ပြီး ယင်းကဏ္ဍ များကို စနစ်တကျ ဆောင်ရွက်တင်ပို့ပြီး အာဆီယံဒေသတွင်း ကျားတစ်ကောင် ဖြစ်လာရေးကို ဦးတည်သင့်ကြောင်း စီးပွားရေးပညာရှင် ဦးမော်သန်းက သုံးသပ်သည်။
“မြန်မာနိုင်ငံက အခုဆိုရင် ဘက်ပေါင်းစုံမှာ ခြေလှမ်းပေါင်းများစွာ လှမ်းထားပြီးသားဆိုတော့ ရှေ့အလား အလာ ကောင်းတွေမြင်နေရပြီ။ လောလောဆယ်မှာ အများကြီး ပြောင်းလဲမှုမရှိသေးဘူးဆိုတာ အချိန်ကာလတစ်ခုတော့ စောင့်ကြည့်ဖို့လိုတာပေါ့။ ဒီတော့ မြန်မာပြည်သူတွေကို စိတ်မပျက်ပါနဲ့ ။ စောင့်ကြည့်ပါလို့ပဲ ပြောချင်တယ်”ဟု ပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည့်အပြင် စားနပ်ရိက္ခာဖူလုံရေး၊ ပိုလျှံသီးနှံတင်ပို့ရေးမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအပေါ် မူတည်နေ၍ ယင်းကဏ္ဍကို ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်နေသူများဖြစ်သည်။
ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း ကမ္ဘောဒီးယားနှင့် မြန်မာသည် လယ်ယာထွက်ကုန်များ၌ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုအများဆုံး ဖြစ်သည်။ ထို့အတွက် တစ်ချိန်တစ်ခါက ကမ္ဘာ့ဆန်အိုးကြီးဟု တင်စားခံရသော မြန်မာနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ဆန်းစစ်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်သုံးသပ်သည်။
စိုက်ပျိုးရေးနှင့် ယှဉ်တွဲပါဝင်မှုမှာ မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍဖြစ်ပြီး မွေးမြူရေးမှာ စိုက်ပျိုးရေးကဏ္ဍ၏ သုံးပုံတစ်ပုံခန့် ပါဝင်နေသဖြင့် ကျေးလက်နေသူတို့၏ ပင်မလုပ်ငန်းမျိုးလည်း ဖြစ်သည်။ ထို့အတွက် ယင်းတို့ထဲမှ ၂၀၁၅ ခုနှစ်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် အနည်းဆုံး ထက်ဝက်ခန့် လျှော့ချရေး စီမံချက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအပေါ် အလေးထားသင့်ကြောင်း ဆက်လက်ပြောသည်။
စီးပွားရေးပညာရှင် ဦးမော်သန်းက “မြန်မာနိုင်ငံမှာ ငြင်းဆန်လို့မရနိုင်တာ မြေနေရာ၊ စိုက်ပျိုးရေးကဏ္ဍနဲ့ သဘာဝအရင်းအမြစ် များပြားခြင်းပဲ။ ဒါကိုပဲ နိုင်ငံတကာက မျက်စိကျကြတယ်။ တချို့က မြန်မာနိုင်ငံ ကအိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှုနှေးကွေးတယ် ထင်ကြတယ်။ ဒါတွေကြောင့် အာရှမှာ ကျားဖြစ်မလာနိုင်ဘူးလို့ မဆိုနိုင်ဘူး။ ပြောင်းလဲတိုးတက်မှုဆိုတာ အချိန်ယူရသလို ကမ္ဘာ့စီးပွားရေး အလားအလာပေါ် မူတည်ပြီးလည်း အချိန်တိုတွင်း ဖြစ်လာနိုင်တယ်။ နည်းပညာပိုင်းကလည်း အရမ်း တိုးတက်နေတဲ့ခေတ်ဖြစ်တယ် ”ဟု ပြောသည်။
ကုန်သွယ်မှုကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် အကွက်အကွင်းကျသော အနေအထားရှိပြီး တရုတ်နှင့် အိန်္ဒိယနိုင်ငံတို့နှင့် လည်း နယ်နိမိတ်ချင်းထိစပ်နေရာ ကုန်သွယ်မှု၌လည်း အခြားနိုင်ငံများ၏ စိတ်ဝင်စားခြင်းခံရသောနိုင်ငံဖြစ် သည်။ ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းများ ပြီးစီးပါက မြန်မာနိုင်ငံသည် ကုန်သွယ်မှုသင်္ဘောကြီးများ တိုက်ရိုက်ရပ်နားကုန်သွယ်နိုင်သော ကုန်သွယ်မှု နိုင်ငံတစ်ခု လည်း ဖြစ်လာ မည့် အပြင် အခြား နိုင်ငံများမှလည်း တဆင့်ခံကုန်သွယ်မှုအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက “စင်ကာပူနိုင်ငံဆို မြေ မရှိသလောက်ပဲ။ အခုနောက်ပိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးတွေသာပြီးစီးရင် အိမ်နီးချင်း နိုင်ငံတချို့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ၀န်ဆောင်မှုလုပ်ငန်းမျိုး(ဥပမာ ခရီးသွားလုပ်ငန်း)နဲ့ပဲ ယှဉ်ပြိုင်နိုင်ကြမယ်”ဟု သုံးသပ်သည်။
ထို့ပြင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများအတွက် အရေးပါသော စီးပွားရေးစင်္ကြံများ ဖောက်လုပ်မှု မှာလည်း မြန်မာနိုင်ငံမှ ဖြတ်သန်းဖောက်လုပ်မည်ဖြစ်ရာ ယင်းမှတဆင့် ကုန်သွယ်မှုများ တိုးမြင့်နိုင်မည်ဖြစ် သည်။ ယင်းစင်္ကြံအရ မြောက်-တောင်မှာ လာအို-မြန်မာ-ထိုင်း-ဗီယက်နမ်-တရုတ်(ယူနမ်) (ကွမ်စီ) တို့ကို ဖြတ်ပြီး တောင်စင်္ကြံအဖြစ် မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်ကို ဖြတ်သန်းမည်ဖြစ် ရာ ပြည်တွင်းဈေးကွက် အတွက် အထောက်အပံ့ကြီး ဖြစ်လာမည်ဖြစ်ပြီး ယင်းစင်္ကြံနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းမှာလည်း ဆက်စပ်နေရာ ကုန်သွယ်မှုကို တိုးမြင့်စေမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံမှာ နိုင်ငံတကာတွင် ၀င်ဆံ့နိုင်ရေးအတွက် International Agreement များအား လိုက်နာရန် တာဝန်ရှိသည့်အပြင် ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံဟာ အာဆီယံဘက်စုံ ရင်းနှီးမြုပ်နှံမှုသဘောတူစာချုပ် (Asean Comprehensive Investment Agreement)ကို ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်တွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံအားမတ်လ ၆ ရက်နှင့် ၇ ရက်နေ့က ၂၄ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမိုးမြင့်ကျော်က “၂၀၁၄ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ အိမ်ရှင်ဖြစ်လာပြီ။ အဲဒီကနေလည်း မြန်မာနိုင်ငံအတွက် အတွေ့အကြုံတွေရလာနိုင်တယ်။ အရေးကြီးတာကတော့၂၀၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်သင့်ပြီ။ ဒါကို သေချာဆောင်ရွက်ဖို့ဝိုင်းဝန်းကြိုးပမ်းသင့်တယ်။ အဲဒီအပိုင်းတော့ အားနည်းနေသေးတယ်ထင်တယ်”ဟု သုံးသပ်ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်ကာလပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေစဉ် အတွင်း နောက်ပြန်လှည့်မသွားရန် အရေးကြီးပြီး တိုးတက်ပြောင်းလဲမှုများအတွက် အချိန်ကာလတစ်ခု အထိ စောင့်ဆိုင်းရန် လိုအပ်ပြီး အားလုံး ၀ိုင်းဝန်းပါဝင်သင့်ကြောင်း စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောသည်။ “ကဏ္ဍအားလုံးက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ပညာရေးနဲ့ စီးပွားရေးလည်း ဆက်စပ်တာပဲ။ ဒီတော့ အာရှမှာ မြန်မာဟာ ကျားတစ်ကောင် ဖြစ်လာဖို့ အားလုံး ၀ိုင်းဝန်းပြင်ဆင်သင့်ပါတယ်”ဟု ပြောသည်။
ထို့ပြင် ESCAP (Economic and Social Commission for Asia and the Pacific) မှ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော စာတမ်း၌ မြန်မာနိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသတွင်း ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံ ၁၃ ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး သဘာဝဓါတ်ငွေ့၊ သယံဇာတ များဖြင့် ပေါကြွယ်သော နိုင်ငံဖြစ်ကြောင်း၊ စီးပွားရေးတွင် ကမ္ဘာ့ကုန်သွယ်မှု ထိပ်တန်းဟုဆိုနိုင်သော အိန္ဒိယနှင့် တရုတ်တို့နှင့် နီးကပ်ခြင်းများရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်နေရာ မြန်မာနိုင်ငံမှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေးချိတ်ဆက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးလုပ်ဆောင်သူများမှာ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်နိုင်ရန် အချက်အလက်၊ သတင်း၊ ကြေညာချက်များနှင့် သုံးသပ်ပိုင်းခြားနိုင်မှု များ လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။
မြန်မာပြည်တွင်း အားသာချက်၊ အခွင့်အလမ်း များစွာရှိသော်လည်း နိုင်ငံအစိုးရအနေဖြင့် ပြည်သူတို့၏ လုပ်ငန်းကျွမ်းကျင်မှု၊ အခြေခံ အဆောက်အအုံလိုအပ်ချက်၊ အလုပ်အကိုင်အခွင့်အလမ်း များ ပေါ်ပေါက်ရေး၊ နိုင်ငံခြားငွေ လဲလှယ်မှုစနစ်နှင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက်စသည် တို့ကို ဖြည့်ဆည်းပေးရမည် ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အတုယူရမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တစ်ချို့က သုံးသပ်သည်။
ယင်းအတွက် ကျေးလက်နေပြည်သူတို့၏ ဖွံ့ဖြိုးမှုနှင့် GDP (Gross Domestic Products)များ တိုးပွားရေး၊ သယ်ယူပို့ဆောင်ရေး လွယ်ကူစေရေး၊ လျှပ်စစ်ဓါတ်အားနှင့် ဆက်သွယ်ရေးစသည်တို့ကို ဖြည့်ဆည်းပေးပြီး ဆင်းရဲသားပြည်သူတို့ကို တိုးတက်စေခြင်းဖြင့် တိုင်းပြည်တိုးတက်မှုကိုပါ ညီမျှစေကြောင်း ဆက်လက်သုံးသပ်သည်။
ထို့ပြင် စီးပွားရေးစင်္ကြံများကြောင့်လည်း အာဆီယံဒေသခွဲများ၊ ဖွံ့ဖြိုးမှုဒေသခွဲများတွင် ပူးပေါင်း ဆောင်ရွက်မှုများသည် နယ်မြို့ငယ်လေးများအပါအ၀င် ပေါင်းစပ်ဆက်နွယ်မှုကို ပိုမို ချောမွေ့စေ မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချနိုင်သဖြင့် လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နောက်ကျမကျန်စေရန် အရေးပါလှသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံလုပ်ငန်းများကို ဦးဆောင်မည့် သဘာပတိတာဝန်အပြင် ၂၀၁၅ ခုနှစ်ရှိ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသတွင်လည်း မြန်မာနိုင်ငံမှ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး ပါဝင်နိုင်ဖို့ ကြိုးစားရမည်ဖြစ်ကြောင်းနှင့် အာရှတွင် ကျားတစ်ကောင် ဖြစ်လာရေးအတွက် မျှော်လင့်ကြောင်း စီးပွားရေး ပညာရှင် ဦးမော်သန်းက သုံးသပ်သည်။
“အာဆီယံနိုင်ငံမှာဆိုရင် ဖွံ့ဖြိုးမှုနောက်ကျဆဲနိုင်ငံမှာ မြန်မာပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း ယှဉ်မယ် ဆိုရင် ကိုယ်နဲ့ တန်းတူဖြစ်နေဆဲ နိုင်ငံတွေနဲ့လောလောဆယ် ယှဉ်ရမယ်။ အာဆီယံမှာ ကျားတစ်ကောင် ဖြစ်လာနိုင်တယ်ဆိုတာက လက်ရှိ ဆောင်ရွက်ချက်တွေ၊ တိုးတက်မှုလေးတွေကို ကြည့်ပြီး သုံးသပ်တာဖြစ်တယ်”ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပပြီး ယင်းမှ နိုင်ငံခြား အကူအညီအထောက်အပံ့များစွာလည်း ရရှိလာမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စာမျက်နှာတွင် အဘက်ဘက်မှ ခြေလှမ်းပေါင်းများစွာ လှမ်းထားပြီးအဆင့်ဆင့် မြင့်တက်နိုင်မည် ဖြစ်သည်။
ဒါလီအောင်
SME Myanamr
No comments:
Post a Comment