(ဓာတ်ပုံ - မေ ၂၁ ရက်က သိမ်ဖြူ ငွေလဲကောင်တာတွင် ငွေလဲလှယ်နှုန်းအား တွေ့ရစဉ်) |
ဗဟိုဘဏ်မှ နေ့စဉ်ရက်ဆက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအား ဆက်တိုက်ဆွဲတင်
သတ် မှတ်ပြီး ဈေးမြှင့် တင် နေသော်လည်း ပြင်ပအမှန် ဈေးကွက်အား
ကျော်လွန်နိုင်ခြင်း မရှိဘဲ တစ်ဒေါ်လာ ၉၄၅ ကျပ် အထိ ဈေးပြန်ကျသွားကြောင်း သိရသည်။
ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင် မေ ၁၃ ရက်က တစ်ဒေါ်လာလျှင် ၉၀၄ ကျပ် သတ်မှတ် ခဲ့ရာမှ မေ ၁၄ ရက်က တစ်ဒေါ်လာ ၉၁၀ ကျပ်အထိ ဈေးဆွဲတင် သတ်မှတ်ခဲ့သည်။
ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၉၁၉ ကျပ်အထိ ထပ်မံတိုး တက်ခဲ့ပြီး မေ ၁၆ ရက်တွင် ဆက်လက်၍ တစ်ဒေါ်လာလျှင် ၉၂၉ ကျပ်အထိ ဆက်တိုက်တိုး၍ သတ်မှတ် လိုက်ရာ ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမှာ အဆမတန် မြင့်တက်သွားသည်။
မေ ၂၀ ရက်တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၉၃၂ ကျပ်အထိ တိုး၍ သတ်မှတ်လိုက်ရာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၄၈ ကျပ်အထိ မြင့်တက်သွားသည်။
ထိုသို့ ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဗဟိုဘဏ်မှ ဈေးနှုန်းအား မထိန်းဘဲ မေ ၂၁ ရက်တွင် ဗဟိုဘဏ် လေလံဈေးကွက်၌ ဒေါ်လာလဲနှုန်းအား ကျပ် ၉၄၀ အထိ တိုး၍ သတ်မှတ်ခဲ့ပြန်သည်။
တစ်ရက်အတွင်း တစ်ဒေါ်လာ ၈ ကျပ်နှုန်းအထိ ခုန်တက်လိုက်သည့်အတွက် ပြင်ပဈေးကွက်တွင် ၉၄၈ ကျပ်နှင့် အထက်အထိ ထပ်မံမြင့်တက်မည်ဟု မှန်းခဲ့သော်လည်း လက်တွေ့တွင်မူ ပြင်ပဈေးကွက်၌ ယခင်နေ့က ဈေးထက်ပင် လျော့၍ ၉၄၅ ကျပ်အထိသာ ပေါက်ဈေးရှိကြောင်း သိရသည်။ အဓိက အကြောင်းရင်းမှာ ၀ယ်လိုအား လျော့ကျသွားခြင်း၊ ပုံမှန်မဟုတ်သည့်နှုန်းဖြင့် မြှင့်တင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင် တစ်ဦးက "ဗဟိုဘဏ်ဈေး ဆွဲတင်လိုက်တာ တစ်လကျော် အတွင်းမှာ တစ်ဒေါ်လာကို အပြင်မှာပေါ့ ၇၅ ကျပ်အထိ တက်သွားတယ်။ ပြောရရင် တစ်လကျော် ကာလ အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက်တက်သွားတယ်။ ကမ္ဘာမှာ ဒေါ်လာဈေးမာတာ မှန်တယ်။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးကျလို့ မာတာ။ မာတယ်ဆိုပေမယ့် ထိုးတက်သွားတာ မဟုတ်ဘူး သူ့အနေအထားနဲ့ သူ့နှုန်းနဲ့ တက်တာလေ။ အခု နိုင်ငံတကာရွှေဈေး ပြန်တက်တော့ ဒေါ်လာဈေး ပြန်အေးသွားတယ်။ ဒါက ဈေးကွက် အမှန်။ ရွှေဈေး ပြန်တက်တော့ မြန်မာပြည်မှာလဲ ရွှေဈေး ပြန်မြင့်ပြီး ဒေါ်လာဈေး တက်တာ ရပ်သွားတာပေါ့။ ဒါက တစ်ချက်။ နောက်တစ်ချက် အရင်ရက်တွေကထက် စာရင် ဒေါ်လာဝယ်လိုအား နည်းသွားတယ်။ အဲဒါကြောင့် ဈေးပြန်ကျတာ။ ဘယ်လောက်ပဲ ဆွဲတင်ဆွဲတင် ဈေးကွက်အမှန် အနေအထား ကိုတော့ ရေရှည်ဘယ်ယှဉ်လို့ ရမလဲ" ဟု ပြောပြခဲ့သည်။

From...Eleven
No comments:
Post a Comment