Thursday, May 23, 2013

သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်

မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ ထိန်းသိမ်းလိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြား သည်။
ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာမှတ်ပုံတင်မရှိသော အတုအယောင် သံဃာတစ်ပါးအရက်သေစာသောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်ကသွားရောက်ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲစခန်းတွင်အပ်နှံခဲ့သည်။

ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ်အပြင်းမောင်းနှင်လျက် သံဃာတစ်ပါးအား လူအချို့မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစုဝေးမိကာ ပညာ ရာမကျောင်းတိုက်သို့ရောက်ရှိချိန်တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန်လာရောက်သော ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းပညာရာမကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာ အရင်ဆုံးရောက်လာတဲ့ ရဲတွေက ယူနီဖောင်း ၀တ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ် ရဲတွေ ရောက်လာ ပြီးပညာရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ ပြေလည်သွား တာ”ဟု ဦးဉာဏောက မိန့်သည်။

“အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့ အခြေအနေကတော့တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။ မိုးညှင်းဘူတာတွင် ထိန်းသိမ်းခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့်မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကိုလည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်းသတင်းရရှိသည်။


From....7Day News Journal

No comments:

Post a Comment