ရှမ်းပြည်နယ်အတွင်း KIA ၊ ပလောင်တပ်ဖွဲ့နှင့် SSA မြောက်ပိုင်းတို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေ ရခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် သတ်မှတ်ထားသည့်နေရာတွင် နေထိုင်ခြင်း မရှိဘဲ စခန်းများတိုးချဲ့တည်ဆောက်လာခြင်း၊ ကျေးရွာများသို့ ၀င်ရောက်၍ အတင်းအဓမ္မ လူသစ်စုဆောင်း လာခြင်းနှင့် မြို့ကြီးများအထိ ဆက်ကြေးများကောက်ခံလာခြင်းတို့ကြောင့် ဖြစ်ကြောင်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ အရာရှိကြီးတစ်ဦးမှ ပြောကြားသွားသည်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ်ကအတိုင်း ကိုယ့်နေရာ ကိုယ်နေရင် ပြဿနာမရှိပါဘူး။ အခု သူတို့က ငြိမ်းချမ်းရေးလက်မှတ်ထိုးထားလို့ လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိတာကို အခွင့်အရေး ယူပြီး နယ်မြေချဲ့ထွင် စခန်းဆောက်တာတွေ၊ အင်အားတိုးချဲ့တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးပြီးတော့ သတ်ဖြတ် တာတွေလုပ်တယ်။ ဒါကြောင့် အစိုးရတပ်က နယ်မြေရှင်းလင်းရင်း တိုက်ပွဲတွေဖြစ်ပွားလာတာဟု ပြောဆို သွားသည်။
ယခုတိုက်ပွဲများဖြစ်ပွားနေသည့် လွယ်လမ်းတောင်ကြောမှာ ယခင်က မည်သည့်တပ်ဖွဲ့မှ မရှိသော်လည်း ယခုအခါ SSA မြောက်ပိုင်းမှ ၀င်ရောက်စခန်းများတည်ဆောက်နေသဖြင့် အစိုးရတပ်မှ ဖယ်ရှားရှင်းလင်း ရင်း တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးမှပြောသည်။ လွယ်လမ်းတောင်ကြောမှာ အရင်က ရှမ်းတပ်တွေမရှိပါဘူး။ ငြိမ်းချမ်းရေးယူပြီးတော့မှ ၀င်ပြီးတပ်စွဲတာပါ။ ဒါကို အစိုးရစစ်တပ်က လက်မခံဘဲ တိုက်ပွဲတွေဖြစ်လာတာဟု ပြောဆိုသွားသည်။ လွယ်လမ်းတောင်ကြောသည် UWSA အဖွဲ့နှင့် SSA မြောက်ပိုင်းတို့ ဆက်သွယ်ရာလမ်းကြောင်းဖြစ်ပြီး စစ်ရေးအရ အချက်အခြာကျသဖြင့် မဆုတ်ခွါနိုင်ဟု SSA မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားခဲ့သည်။
စစ်စံမြတ်
No comments:
Post a Comment