ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ဆိုးရွားလာကြောင်း ရန်ကုန်မြို့နေ ပြည်သူ များက ပြောကြားခဲ့ကြပြီး ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အခြာမြို့များထက် ပိုမို ဆိုးရွားနေကြောင်း သိရသည်။
လျပ်စစ်မီး ပြတ်တောက်မှုမှာ ရန်ကုန်မြို့တော် နေရာအနှံ့တွင် မကြာခဏ ပြတ်တောက် မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဓိကလျှပ်စစ်ဓာတ်အား ရရှိသော ရေအားလျှပ်စစ်မှ ဓာတ်အား ထုတ် လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် ဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။
လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လာသဖြင့် ပြီးခဲ့သည့်နှစ် နွေရာသီကာလများကဲ့သို့ အလှည့်ကျ မီးပေးစနစ် ပြုလုပ်နေပြီလားဟု အများပြည်သူအကြား ပြောဆိုမှုများ ရှိလာကြောင်း၊ သို့သော် အလှည့်ကျ မီးပေးစနစ် ပြန်လည်စတင်ရန် မရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က မေလ ဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
ရွှေလီရေအားလျှပ်စစ် စက်ရုံမှ လျပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် အင်္ကြန်မတိုင်ခင် ကာလ၌ မဂ္ဂါဝပ် ၂၈၀ မှ ၃၀၀ အကြား ထုတ်လုပ်နိုင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မဂ္ဂါဝပ် ၁၂၀ မှ ၁၈၀ အကြား အထိသာ ထုတ်လုပ်လာနိုင်ကြောင်း၊ ထိုသို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းနေသည့် အတွက် လူနေရပ်ကွက်များအား ညအချိန် လျှပ်စစ်မီး ပုံမှန်ပေးနိုင်ရန် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအား ယာယီလျှပ်စစ်မီး ပြတ်တောက်ထားရကြောင်း၊ နေ့အချိန်တွင် စက်မှုလုပ်ငန်းများ လျှပ်စစ် ဓာတ်အား ပြန် လည်ပေးရသည့် အတွက် လူနေရပ်ကွက်များ မကြာခဏ မီးပြတ်တောက်နေ ရခြင်း ဖြစ် သည်ဟုလည်း သိရသည်။
နွေရာသီ ရေအားလျှပ်စစ် ထုတ်လုပ်မှုလျော့နည်း၍ လျှပ်စစ်မီး အချိန်အနည်းငယ် ပြတ်တောက်သည်ကို လက်ခံ၍ ရနိုင်သော်လည်း နာရီနှင့်ချီ၍ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းမျိုးက မဖြစ်နိုင်ကြောင်း၊ အကယ်၍ ပြတ်တောက်မည် ဆိုလျှင်လည်း အချိန်အတိအကျနှင့် ကြိုတင်ကြေညာမှု များပြုလုပ် သင့်ကြောင်း၊ သို့မှသာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူ များက ပြောကြားခဲ့သည်။
''ကျွန်မတို့ ဗဟန်းမြို့နယ်မှာ မီးကနေ့ခင်းဘက်လည်းပျက်သလို ညဘက်လည်းပျက်နေတယ်။ မီးပျက်တာ ကလည်း အချိန်မှန် မဟုတ်ဘဲ ပျက်ချင်တဲ့အချိန်ကို ပျက်နေတာ။ တစ်ခါတစ်လေ မနက် ၁၀ နာရီ လောက်ကနေ ၁၁ နာရီ ခွဲလောက်အထိ ပျက်တယ်။ တစ်ခါတစ်လေ မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ ပျက်နေပါတယ်။ ညဘက်ဆိုလည်း ၇ နာရီ ၈ နာရီလောက်ဆိုရင် မီးပျက်တယ်။ ဘာဖြစ်လို့ ခဏခဏ မီးပျက်နေလဲမသိဘူး။ ပျက်တဲ့အချိန်တွေကလည်း မနက်ဆို ၁၀ နာရီက ထမင်း ဟင်း ချက်တတ်တဲ့အချိန်။ ညဘက်ဆိုရင်လည်း အလုပ်တွေပြီးလို့ နားရတဲ့အချိန်ည ၈ နာရီ။ ရာသီဥတုကလည်း အရမ်းပူနေတာ။ ယပ်တောင်နဲ့ပဲ နှစ် ပါးသွားနေရလို့ အရမ်းစိတ်တိုရတယ်'' ဟု ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့အတူ သင်္ကန်းကျွန်း၊ ပုဇွန်တောင်၊ တာမွေ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကင်း အစရှိသည့် မြို့နယ် များတွင်လည်း မကြာခဏ ပြတ်တောက်မှုများရှိပြီး နံနက်၊ နေ့လည်ပိုင်းသာမကညဘက်များတွင်ပါ မီးပြတ်တောက်နေသည်ဟုလည်း ယင်းမြို့နယ်များ တွင် နေထိုင်သူများက ပြောကြား ခဲ့သည်။
စက်မှုဇုန်များတွင်မူ လျှပ်စစ်ဓာတ်အား ရရှိမှုမှာ မေလ ၅ ရက်နေ့အထိ တစ်နေ့ ၅ နာရီရှိ ခဲ့သော်လည်း မေလ ၆ ရက်နေ့မှ စတင်၍ တစ်နေ့လုံး မီးဖြတ်တောက်ထားသည်ဟု ဒဂုံမြိုဆိပ်ကမ်း စက်မှုဇုန်မှစက်ရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။
''မေလ ၆ ရက်နေ့ကစပြီး စက်မှုဇုန်တွေကို မီးပေးတာ သုညပါပဲ။ မနေ့က မေလ ၅ ရက်နေ့အထိ တစ်နေ့ကို ငါးနာရီပေးပါတယ်။ မီးလုံးဝမရရင် ကုန်ပစ္စည်း ထုတ်လုပ်မှုအပြင် ဈေးနှုန်းအပေါ်မှာလည်း သက်ရောက်မှုရှိမယ်။ ဒီလိုလျှပ်စစ်ဓာတ်အား ရရှိမှုပုံနဲ့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လာတော့ မလဲ'' ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ စက်ရုံပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့တော် အတွက် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီး ထုတ်လုပ်ပေးနေသော စက်ရုံများတွင် သိုလှောင်ထားသည့် ရေအားလျှပ်စစ် စက်ရုံများတွင် သိုလှောင်ထားသော ရေပမာဏမှာ ၁၃ ရက်စာသာ ရှိတော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတွက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စနစ်ဘက်မှလည်း အများအပြား ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး အိမ်နီးချင်း နိုင်ငံများ သို့ ရောင်းချပေး ထားသော သဘာဝဓာတ်ငွေ့ ပမာဏကို ပြည်တွင်းလိုအပ်ချက်အပေါ် ချင့်ချိန်ကာ ရောင်းချသင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ထောက်ပြခဲ့ကြသည်။
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းပြု လုပ်သည့် သဘာဝဓာတ်ငွေ့သုံး ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီး ယင်း ဓာတ်အားပေး စက်ရုံမှဓာတ်အား ၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အခြားထွက်ရှိမည့် လျှပ်စစ်ဓာတ်အား များကိုလည်း တစ်ယူနစ်လျှင် ကျပ်ငွေ ၁၁၃ ကျပ် ၀န်းကျင်ဖြင့် ပြန်လည်ဝယ်ယူကာ ရန်ကုန်မြို့နေ အများပြည်သူသို့ ဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားထားခဲ့ပြီး ဖြစ်သည်။
From....Eleven
No comments:
Post a Comment