Saturday, May 4, 2013

နိုင်ငံခြားမှ သုံးစွဲ၍ မရသော တိုက်ကြေကားများ တင်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာ

နိုင်ငံတော်မှ ယာဉ်အိုယာဉ်ဟောင်းများအပ်နှံစေပြီး မော်တော်ယာဉ်အသစ်များ (သို့မဟုတ်) ကောင်း မွန်သောကားများ တင်သွင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် နိုင်ငံပိုင် သတင်းစာများမှ မှတ်ပုံတင်သက်တမ်း နှစ် ၄၀၊ နှစ် ၃၀ နှင့် နှစ် ၂၀ ရှိ ကားများကို အပ်နှံပြီးပါက ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မော်တော်ယာဉ်တစ်စီး ဝယ်ယူခွင့်ပြုကြောင်း ကြေညာ၍ စတင်ခွင့်ပြုခဲ့ပါသည်။
 နိုင်ငံတော်၏ စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုးလဲလှယ်ရေး လုပ်ငန်းစီမံချက်ကို အကောက်ခွန်ဦးစီးဌာနမှ ၂၅-၁၀-၂၀၁၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ စတင်ချိန်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စီမံချက် မော်တော်ယာဉ်စီးရေ ၁၂၆၇၃၃ စီး တင်သွင်းခဲ့ပြီး အဆိုပါ မော်တော်ယာဉ်များတွင် တိုက်ကြေပျက်စီးကားများ တင်သွင်းထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

ယခုဇန်နဝါရီလ ၁၅ ရက်နောက်ပိုင်းမှ တင်သွင်းမှုများ ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ကြေပျက်စီးကား များ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှုစိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များ ဖြစ်သောကြောင့် ထိုကားများကို တင်သွင်းခွင့်ပြုမည်ဆိုပါက ကြံ့ခိုင်မှုမရှိနိုင်တော့ဘဲ အသုံးပြု ရာတွင် အန္တရာယ်ရှိစေနိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် တိုက်ကြေကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ ကုန်သွယ်မှုမူဝါဒအရလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း တင်သွင်းခွင့်မပြုသည့် ယာဉ်များဖြစ် ၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပါသည်။ နောင်တွင်လည်း အလားတူ တိုက်ကြေကား များ တင်သွင်းလာပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပါကြောင်း ၂၀၁၃ ခုနှစ် မေလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/

No comments:

Post a Comment