Thursday, May 16, 2013

သမ္မတ ဦးသိန်းစိန် မေ ၂၀ တွင် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်၌ မိန့်ခွန်းပြောမည်

အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်မည့် သမ္မတ ဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ၀ါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ Advanced International Studies ကျောင်းနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း ရုံးတို့တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ အစည်းနှစ်ခုမှ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။
သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်မည် ဖြစ်ကြောင်းနှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတ လင်ဒွန်ဂျွန်ဆင်၏ ဖိတ်ကြားချက်အရ ထိုစဉ်က တော်လှန်ရေးကောင်စီ အစိုးရ ၏ ဥက္ကဋ္ဌ ဦးနေ၀င်း အမေရိကန်သို့ သွားရောက်ပြီးနောက် သမ္မတဦးသိန်းစိန်သည် ၀ါရှင်တန်သို့ ပထမဆုံး သွားရောက်သည့် မြန်မာသမ္မတတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသူများကို လူမျိုးသုဉ်း သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း လူ့အခွင့် အရေး စောင့်ကြည့်မှု အစီရင်ခံစာတွင် မကြာသေးမီက စွပ်စွဲထားသော်လည်း လူမျိုးစုများ ညီညွတ်စွာနေ ထိုင်ရေးနှင့် ပတ်သက်သည့် သမ္မတဦးသိန်းစိန်၏ ပြောကြားချက်များနှင့် ပတ်သက်၍ အမေရိကန် အစိုးရ က ချီးမွမ်းထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အမေရိကန်သမ္မတ အိုဘားမားသည် ပထမဆုံး အမေရိကန် သမ္မတအဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကလည်း စက်တင်ဘာလ အတွင်းက နယူးယောက်မြို့တွင် တက်ရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ သီးခြားဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသည်။ အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ် ကတည်းက စတင်ခဲ့သည်။

From...Eleven

No comments:

Post a Comment