Saturday, June 15, 2013

မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဆလာရန်းဈေးဧရိယာမှ ဂိုဏ်းခေါင်းဆောင်များကို မလေးရှားရဲက ခေါ်ယူသတိပေး လက်မှတ်ထိုးခိုင်းသော်လည်း လူသတ်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခြင်း မရှိသေး

မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းဈေး ဧရိယာအတွင်း၌ ကျင်လည်နေသော လူဆိုးဂိုဏ်း ခေါင်းဆောင်များကို မလေးရှား
ရဲမှ ခေါ်ယူသတိပေးပြီး လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။ သို့သော် မြန်မာများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့သူ တရားခံများအား ဖမ်းဆီးရမိရန် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။
''ဒီဧရိယာထဲမှာရှိတဲ့ နာမည်ကြီး ဂိုဏ်းခေါင်းဆောင် ငါးဦးကို မလေးရဲကခေါ်ပြီး သတိပေးတယ်။ ဒီနယ်မြေထဲ ဒီလိုလူသတ်မှုတွေ ထပ်မဖြစ်ဖို့ လက်မှတ်ထိုးခိုင်းတယ်'' ဟု မြန်မာမွတ်စလင်အသင်း (မလေးရှား)၏ တွဲဖက်အတွင်းရေးမှူး ဦးသန့်စင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထိုသို့ သတိပေးခံခဲ့ရပြီးနောက် ဆလာရန်းဈေးတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမား များကို ဆလာရန်းဈေး ဧရိယာထဲတွင် မနေထိုင်ကြရန် သတိပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ဆလာရန်းဈေး ဧရိယာ၌ မြန်မာနိုင်ငံသားများ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
မေ ၃၀ ရက်မှ ဇွန်ပထမပတ်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဆလာရန်းဈေးဟောင်း၊ ဈေးသစ်အနီးတွင် အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အများစု မှာလည်း ဆလာရန်းဈေးတွင် လုပ်ကိုင်နေသူများနှင့် ဆလာရန်းဈေးသို့ လာရောက်ဈေးဝယ် သူများ ဖြစ် ကြသည်။
''နောက်ကွယ်က ကြိုးကိုင်ပြီး လှုပ်ရှားတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒီမှာ ရခိုင် ဘက်က ရောက် လာတဲ့ လူငယ်တွေရှိတယ်။ ဒီနေရာက မူးယစ်ဆေးဝါးလည်း ပေါတော့ သူတို့တွေက သူတို့ နာကြည်းချက်တွေကို စိတ်ကြွဆေးတွေနဲ့ ပေါင်းပြီး လုပ်တယ်လို့ ထင်တယ်။ ကျွန်တော် ယူဆ တာကတော့ အပြင်လူတွေ မပါဘူး။ ဒီဈေးထဲမှာ ရှိနေတဲ့လူတွေပဲ လုပ်ကြတယ်လို့ ထင်တယ်'' ဟု ဆလာရန်းဈေးအတွင်း ဆိုင်ခန်းဖွင့်ထားသော မြန်မာမွတ်စလင်တစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့က တောင်ကုတ်ဖြစ်ရပ် ပြီးကတည်းက ထိန်းတယ်။ မိတ္ထီလာကိစ္စ၊ ပဲခူးကိစ္စ၊ လားရှိုး ကိစ္စတွေ ဖြစ်လာတော့လည်း ဒီကဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးထိန်းတာပဲ။ အဲဒီလိုထိန်းတော့ ဒီကလူတချို့က မင်းတို့ဘာမှ ၀င်မပြောနဲ့။ မင်းတို့ပါ ဗိုက်ပွင့်သွားမယ်ဆိုပြီး ပြောတာကို ခံရတာမျိုး ရှိပါတယ်။ ကျွန်တော်တို့က အာဏာရှိတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ မလေးရဲကပဲ လုပ်နိုင်မယ်'' ဟု ကိုသန့်စင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဆလာရန်းဈေး၏ အခြေအနေမှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ မရှိသလောက် နည်းပါးသွားသဖြင့် တည်ငြိမ်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် ဆလာရန်းဈေးကဲ့သို့ ဂိုဏ်းအုပ်စုများ ရှိနေသည့် ပီနန်းဒေသတွင် ယခုကဲ့သို့ ထပ်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ကိုသန့်စင်က ဆက်လက်ပြောကြားသည်။
ဆလာရန်း အကြမ်းဖက်မှု၌ ပါဝင်ကျူးလွန်ခဲ့သူများကို CCTV မှတ်တမ်းများဖြင့် စစ်ဆေးနေသော်လည်း ထိုမှတ်တမ်းများတွင် မျက်နှာများကို သဲကွဲစွာ မမြင်ရကြောင်း သိရသည်။

From....Eleven

No comments:

Post a Comment